Monday, November 26, 2018

လူတစ်ယောက်ကို အဓိကကျရူံးစေတဲ့ အကြောင်းတရားများ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်


လူ့ဘောင်လောကရှိ လူသားအားလုံးဘာကြောင့် လူတချို့အောင်မြင်ကြီးပွားချမ်းသာကြပြီး တချို့ကကျရှုံးပြီးဆင်းရဲနေရတာလည်းဆိုတာ လူတိုင်းတွေ့မြင်ကြားဖူးကြသလို မိမိပတ်ဝန်းကျင်မှာလည်း တွေ့မြင်နေရမှာပါ။ အားလုံးအားလုံးသော လူသားတွေ အောင်မြင်ခြင်း၊ ကျရှုံးခြင်း ခြားနားချက်များကို သုတေသီတွေက အောက်ပါအခြေခံအချက် (၈)ချက်ကြောင့် အခြေအနေကွဲပြားခြားနားသွားကြခြင်းဖြစ်ကြောင်း ထောက်ပြကြပါတယ်။

နံပတ် (၁) အချက်က ချီတုံချတုံ ဖြစ်ခြင်းကြောင့်လို့မိန့်ဆိုခဲ့ပါတယ် ဘယ်လိုလူစားမျိုးလည်းဆိုတော့ သူတို့တတွေက အလုပ်တစ်ခုလုပ်ဖို့ ဘာကိုမှ ပြတ်ပြတ်သားသားမဆုံးဖြတ်ရဲ၊ မကိုင်ရဲ ဟိုဟာလုပ်ရင် ကောင်းနိုးနိုး၊ ဒီဟာလုပ်ရင် ကောင်းနိုးနိုးနဲ့ ဟိုယောင်ယောင်၊ ဒီယောင်ယောင်၊ အချိန်ကုန် အသက်ကြီးသွားတဲ့ လူများတစ်ပုံကြီးပါ။ မလုပ်ခင်ကတည်းက မှားမှာကြောက်လို့မလုပ်ရဲ ဆုံးရူံးမှာကြောက်လို့ မလုပ်ရဲဘူး ဆိုတဲ့စိတ်မျိုးဟာ ချီတုံချတုံကိုဖြစ်ပေါ်စေပါတယ်။ ဘယ်အလုပ်မဆို ရာနုန်းပြည့်သေချာမှ လုပ်မယ်ဆိုရင် အခွင့်အရေးတွေ လက်လွတ်ဆုံးရှုံးသွားမှာမလွဲပါ။ လောကမှာ ချီတုံချတုံဖြစ်မှုက ကျွန်တော်တို့ ဘဝကိုဆုံးရူံးစေတဲ့ အကြောင်းရင်းထဲမှာ (၁၃%)လောက်ရှိတယ်လို့ ပညာရှင်တွေ သုတေသီကဖော်ပြနေပါတယ်။

နံပတ်(၂) အချက်က အချိန်ဆွဲခြင်းပါပဲ ကျွန်တော်ကျင်လည်ရာအသိုင်းအဝိုင်းထဲမှာလည်း ဒီလိုလူစားမျိုးတွေ ဒုနဲ့ဒေးပါပဲ ကျွန်တော်တို့ကို မအောင်မြင်မှုကိုဖြစ်စေမယ့် ကျရှုံးမှုကိုဖြစ်စေတဲ့ အချိန်ဆွဲတတ်ခြင်းအကျင့်ကိုပယ်သင့်ပါတယ်။ လုပ်မယ်၊ လုပ်မယ်ဆိုပြီး နေ့ရွေ့ညရွေ့ မနက်ဖန်စမယ် နောက်နေ့မှစမယ်ဆိုပြီး မပြီးဆုံးနိုင်တဲ့မနက်ဖန် မပြီးဆုံးနိုင်တဲ့ နောက်နေ့ မနက်ဖန်ဖြစ်နေရင် အလုပ်မဖြစ်တော့ပါဘူး။ ထမင်းစားပြီး ဗိုက်လေးသေးတယ် ခဏမှလုပ်မယ်။ နက်ဖန်မှလုပ်မယ်။ နောက်တစ်ပတ်မှ စလိုက်မယ်ဆိုတဲ့ အကျင့်မျိုးဟာ လူတစ်ယောက် ကျရှုံးစေတဲ့ အဓိကအကြောင်းအရာထဲမှာ ပါပါတယ်။ အချိန်ဆွဲတတ်တဲ့မိမိတို့အကျင့်ဆိုးကို ပယ်ဖျောက်သင့်ပါတယ် ဘဝကိုဆုံးရူံးစေတဲ့ အကြောင်းရင်းထဲမှာ (၉%)လောက်ရှိတယ်လို့ သုတေသနပညာရှင်က ပြောခဲ့ပါတယ်။

နံပါတ်(၃) အချက်ကဘာလည်းဆိုတော့ သူများငြင်းဆိုမူကိုကြောက်ရွှံ့ ခြင်းဆိုတဲ့ အချက်ဖြစ်ပါတယ်။ လူငယ်တော်တော်များ အဖြစ်များတဲ့အချက်ဖြစ်ပါတယ်။ ကိုယ်ချစ်မိတဲ့ မိန်းကလေး ကိုယ်ချစ်မိတဲ့ကောင်းလေး မိမိချစ်မိတဲ့သူငြင်းမှာကြောက်လို့ အခွင့်အရေးတော်တော်များ လက်လွတ်ရတာတွေလည်းရှိပါတယ်။ ရည်းစားစကားမပြောရဲတဲ့ ယောကျာင်္း/ မိန်းကလေးတွေဟာ ကိုယ်ချစ်တဲ့လူ အခြားလူနဲ့ ညားသွားတဲ့ အခါကျမှ အကြီးအကျယ် အသဲကွဲရတတ်ပါတယ်။ အလုပ်အကိုင်၊ အခွင့်အလမ်းတွေ ပညာရေးအခွင့်အလမ်းတွေလည်း ဒီလိုပါပဲ။ ကျွန်တော်တို့တွေ အလုပ်ကို ကိုယ်စတောင် မစရသေးဘူး၊ သူများငြင်းဆိုမယ်ဆိုတာကို စိုးရိမ်နေရင် ဘယ်တော့မှအလုပ်စ ဖြစ်တော့မှာမဟုတ်ပါဘူး။ သူများငြင်းဆိုမူကိုကြောက်ရွှံ့ ခြင်းဆိုတဲ့အချက်ကလည်း မိမိကိုယ်ကိုယ်ကို ကျရှုံးမှုကိုဖြစ်စေတဲ့အကြောင်းအရင်းထဲက (၇%) ရှိကြောင်း လေ့လာမှတ်သားမိပါတယ်။

နံပတ်(၄) အချက်က ကောက်ရိုးမီးအကျင့်ဖြစ်ပါတယ် ဘယ်အလုပ်ပဲလုပ်လုပ် အစပဲကောင်းပြီး တဖြည်းဖြည်းနဲ့ ပျင်းရိညှီးငွေ့လာတယ် နောက်တော့ လုပ်ချင်ကိုင်ချင်တဲ့စိတ်က နေရောင်ထိတဲ့နှင်းလို ပျောက်သွားတော့တာပဲ၊ စာတစ်အုပ်ကိုလည်း  (၁ဝ) မျက်နာတောင် ပြီးအောင်မဖတ်ရူ့နိုင်တဲ့ အကျင့်မျိုး၊ သူများတွေ အင်္ဂလိပ်စကားကို ရေပတ်မဝင်အောင်ပြောနေတာကိုမြင်မှ အင်္ဂလိပ်စကားပြောသင်တန်းတက်ချင် စိတ်ပေါ်လာမယ် တက်လိုက်တယ် အစတုန်းကတော့ ဟုတ်မလိုလိုပဲ၊ နောင်တော့ အဖျားရှူးသွားတယ်။ အလုပ်ဆိုလည်းအဲသလိုပါပဲ လုပ်ငန်းတစ်ခုစလုပ်တယ်။ အစတော့ အားတက်သရော စိတ်ရောကိုယ်ပါ ကြိုးစားပါတယ်။ အလုပ်တောင် ကောင်းကောင်း မဖြစ်သေးဘူး၊ အဖျားရှုးသွားပြန်တယ်။ ကောက်ရိုးမီးအကျင့်က ဘဝကိုဆုံးရူံးစေတဲ့ အကြောင်းရင်းထဲမှာ (၈%) လောက်ရှိ တယ်လို့သိရပါတယ်။ ဒီအကျင့်မျိုးကလည်း အဓိကကျရှုံးမှုဖြစ်စေတဲ့ အချက်ထဲမှာလည်းပါ နေတာတွေ့ရပါတယ်။ စာဖတ်သူမိတ်ဆွေများလည်း ဒီအကျင့်မျိုး ထားသင့်မထားသင့် စဉ်းစားဖို့ လိုအပ်ပါတယ်။

နံပါတ်(၅) အချက်က မိမိကိုယ်မိမိ ဘောင်ခတ်ခြင်း လုပ်ငန်းခွင်ဌာန၊ ကုမ္ပဏီနှင့် အဖွဲ့အစည်းတွေ ချမှတ်ထားတယ့်ဘောင်ကိုဆိုလိုတာမဟုတ်ပါ၊ မိမိကိုယ်တိုင်သတ်မှတ်တဲ့ဘောင်မျိုးဖြစ်ပါတယ်။ ဒီအလုပ်ဟာ ကိုယ့်အတွက် အလုပ်ဖြစ်နိုင်တယ်။ လုပ်ကိုင်ဖို့ အခွင့်အရေးလည်းရှိတယ်။ ဒါပေမဲ့ ကိုယ့်မိသားစုရဲ့ ဂုဏ်ကိုငှဲ့လို့ မလုပ်ဖြစ်တဲ့လူတွေ အများကြီးတွေ့ဖူးပါတယ်။ တချို့ကအခွင့်အရေး ရပါလျက်နဲ့ ဟိုအလုပ်မလုပ်နိုင်ဘူး၊ ဒီအလုပ်မလုပ်ချင်ဘူးစသည့် ဆင်ခြေများပေးပြီး ကိုယ့်ကိုယ်ကို ဘောင်ခတ်တာလည်း အများကြီးရှိပါသေးတယ်။ တချို့ကလည်း အခွင့်အလမ်းရှေ့ မှာရောက်လာ တာတောင်မှ ကျန်းမာရေး အကြောင်းပြချက်နဲ့ သော်လည်းကောင်း မိသားစုအကြောင်း ပြချက်နဲ့သော်လည်းကောင်း မိတ်ဆွေကြောင့် ချစ်သူရည်းစားမဝေးချင်ခြင်းကြောင့်စသည်ဖြင့် မိမိကိုယ်မိမိအကြောင်းရှာ ဘောင်ခတ်တတ်ခြင်းမျိုး၊ ဂုဏ်ငယ်မှာကြောက်လို့ ကိုယ့်ဘောင်ကို ကိုယ်ပြန်ခတ်မိတာမျိုးလည်းဖြစ်တတ်ပါတယ်။ မိမိကိုယ်ကို ဘောင်ပြန်ခတ်တဲ့အကျင့်ဟာ ကျွန်တော်တို့ ဘဝကြီးကို ဆုံးရူံးစေတဲ့ အကြောင်းရင်းထဲမှာ(၆%) လောက်ရှိကြောင့် သုတေသီက ဆိုပါတယ်။

နံပါတ် (၆) အချက်က ဘာလည်းဆိုတော့ အဖြစ်မှန်ကို ရင်မဆိုင်လိုခြင်း ဆိုတဲ့အချက်ဖြစ်ပါတယ်။ အမြဲတမ်းစိတ်ကူးယဉ်ဆန်ပြီး လက်တွေ့မကျတဲ့လူစားမျိုး ကိုဆိုလိုတာပါ။ စိတ်ကူးယဉ်ဆန်လွန်းပြီး ကိုယ့်စိတ်ကူးယဉ်ထဲမှာပဲ ကျေနပ်နေတတ်တဲ့လူစားမျိုး ကျွန်တော်တို့ အသိုင်းအဝိုင်းမှာတင်မကဘူး မိတ်ဆွေရဲ့အသိုင်းအဝိုင်းမှာလည်း တွေ့ဖူးမယ်ထင်ပါတယ်။ ဘာမဆို အလကားလိုချင်တယ်။ အချိန်ရှိတိုင်း (၃လုံး)ချဲ ထီပဲပေါက်နေချင်တယ်။ နေ့ချင်းညချင်း ချမ်းသာချင်တယ်။ အလုပ်ကောင်း အောင်ထက် ကံကောင်းအောင်ပဲအားထုတ် နေတတ်တယ်။ အမြဲတမ်းပဲ ဆုတောင်းမှု လုပ်နေတတ်တဲ့ အကျင့်ပေါ့လက်တွေ့မကျတဲ့ ဒီနံပါတ်(၆) ကဘဝဆုံးရူံးစေတဲ့ အကြောင်းရင်းထဲမှာ (၇%)လောက်ရှိပါတယ်။

နံပါတ် (၇) အချက်က ဆင်ခြေများလွန်းခြင်း ဖြစ်ပါတယ် ဒီအချက်က အလွန်ရေးကြီးဆုံး အချက်ဖြစ်ပါတယ်။ နေ့စဉ်နဲ့အမျှ သန်းပေါင်းများစွာသော အောက်ခြေလူတန်းစားများတယ် လူတော်တော်များများဟာ ဒီအလုပ်ကို ဟိုရွှေ့၊ ဒီနေ့လုပ်ရမယ့် အလုပ်ကို နောက်နေ့ရွှေ့တတ်လေ့ရှိပါတယ်။ ဒါဟာ ကိုယ့်ထံရောက်လာမယ့် အခွင့်အရေးကို နောက်မှလာခဲ့ဖို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။ ဒီတော့ အချိန်ဆွဲတာ၊ အလုပ်ကိုဟိုရွှေ့ဒီရွှေ့လုပ်တတ်တဲ့ အကျင့်ကို ဖျောက်ပစ်ဖို့ လိုအပ်ပါတယ်။ ဆင်ခြေများလွန်းခြင်း၊ အကြောင်းပြချက်များလွန်းခြင်းကြောင့်သာ ဘဝရဲ့အောင်မြင်မှုတွေကို ဆုံးရူံး စေတဲ့ အကြောင်းရင်းဖြစ်ပါတယ်။ ဆင်ခြေများလွန်းသူဟာ အလုပ်ကို စိတ်နှစ်ကိုယ်နှစ် မလုပ်ကိုင်တတ်ပါ။ ဘာအားနည်းချက်တွေ့တွေ့ သူတို့မှာအကြောင်းပြချက် အပြည့်အစုံ အမြဲရှိနေတတ်တယ်။ လုပ်ဖေါ်ကိုင်ဘက်ကြောင့်၊ အလုပ်ရှင်ကြောင့်၊ မိဘများကြောင့်၊ သူငယ်ချင်းကြောင့်၊ ပညာရေးကြောင့်၊ အစိုးရကြောင့်၊ သူတို့ဆုံးရူံးရတယ်လို့ပဲ သူတို့ယူဆကြပါတယ်။ သူတို့မှာ ဆင်ခြေပေး တတ်တဲ့သူလားဆိုတာ သူတို့ကိုသူတို့ ဘယ်သောအခါမှမဆန်းစစ်ပါ။ ဆင်ခြေများလွန်းခြင်း ဟာလည်း  ဘဝဆုံးရူံးစေတဲ့ အကြောင်းရင်းထဲမှာ (၂၂%) လောက်ပါဝင်နေပါတယ်။

နောက်ဆုံး(၈)သင်ယူရန်ငြင်းဆန်ခြင်းဖြစ်ပါတယ် ကျွန်တော်တို့တတွေဟာ တက္ကသိုလ်ပြီးလို့ ဘွဲ့လေးတစ်ခုရပါတယ် ကိုယ့်ကိုယ်ကို ဟုတ်လှပြီ၊ တတ်လှပြီ၊ သိလှပြီ သင်ယူစရာမလိုတော့ဘူးထင်ကြတယ်။ သင်ယူဖို့လည်း ငြင်းဆန်တတ်ကြပါတယ်။ ဘာကြောင်းလည်း သင်ယူတယ်ဆိုတာ ပင်ပန်းရပါတယ်။ အားထုတ်ရပါတယ်။ ဦးနောက်သုံးရပါတယ်။ ဒါကြောင့်သင်ယူရန်ငြင်းဆန်တာ လည်းဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က သူတို့ဟာ ဘာပဲလုပ်လုပ်၊ ဘယ်မှာပဲ လုပ်လုပ်၊ အလုပ်ကိုပြီး အောင်သာလုပ်ပါတယ်။ ဝတ်ကျေတန်းကျေလုပ်ပါတယ်။ အပြစ်တင်လွတ် အောင်သာလုပ်ပါတယ်။ ဘယ်အလုပ်မဆို သင်ယူနိုင်တဲ့အခွင့်အရေးရှိတယ်ဆိုတာ သူတို့မသိကြပါ။ သိရင်လည်းမလုပ်လိုကြပါ။ များသောအားဖြင့် လူတွေဟာ အလုပ်အားရင် သက်တောင့်သက်သာနဲ့ လက်ကိုင်ဖုန်းဆော့ ဂိမ်းကစာတတ်ကြပါတယ်။ လ္ဘက်ရည်ဆိုင်ထိုင်တတ်ကြပါတယ်။ သင်ယူရန်ငြင်းဆန်တာလည်း ဘဝကိုဆုံးရူံးစေတဲ့ အကြောင်းရင်းထဲမှာ (၁၁%) လောက်ပါဝင်နေပါတယ်။

ကျွန်တော်တို့အနေနဲ့ အောင်မြင်သူ၊ ဦးဆောင်ကောင်းသူဖြစ်ချင်တယ်ဆိုရင် မိမိအတွက် များများရင်းနှီးမြှုပ်နှံမှုလုပ်ရမည်၊ ဆင်ဆက်မပြတ်လေ့လာရမည်၊ တိုးတက်မှုဖြစ်စေမည့် အခွင့်အလမ်းတွေကို ဖန်တီးရမည်ဖြစ်ပါတယ်။ ဘဝမှာ အောင်မြင်ချင်တဲ့သူ ဘယ်သူမဆို အောင်မြင်သူ တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် အထက်ပါအချက် (၈)ချက်ကို ပယ်ဖျောက်သင့်တယ်လို့ စာဖတ်မိတ်ဆွေများကို အကြံပြုရေးသားရင်း နိဂုံးချုပ်လိုက်ပါတယ်။

ခွန်စို,ခမ်း(ခမ်းလွယ်လုံ)
Powered by Blogger.