Monday, November 26, 2018

ဗန်းပြင်ကျေးရွာတွင် စွမ်းရည်မြှင့်သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်










ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ် (ခွဲ) ဗန်းပြင်ကျေးရွာအုပ်စု၊ ဗန်းပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာန သင်ကြားပို့ချပေးသော စွမ်းရည်မြှင့်သင်တန်ဆင်းပွဲ အခမ်းအနားကို ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်၊ နံနက် (၁၀း၀၀) အချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

အခမ်းအနားတွင် ပထမဦးစွာ ဗန်းပြင်ဆရာတော်ထံမှ ငါးပါးသီးလခံယူပြီးနောက် စန္တာခမ်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ရုံးတာဝန်ခံ ဖြားခွန်သောင်းတင် ကအမှာစကားပြောရာတွင် သင်တန်းဆိုတာ လိုချင်သူနှင့် ပို့ချသူ ရှိမှသာ သင်တန်းပို့ချနိုင်မည်ဖြစ်ကြောင်း၊ ဒီလိုစွမ်းရည်မြှင့်သင်တန်းဟာ ကျွန်တော်တို့တောင်ဘက်ခြမ်းမှာဆိုရင် ဖွင့်လှစ်မှု (၂)နေရာ သာရှိပြီး စွမ်းရည်မြှင့်သင်တန်းများ ပိုမိုဖွင့်လှစ်နိုင်ရန် လိုအပ်လျက်ရှိကြောင်း၊ သင်တန်းမှရရှိလာသော အတွေ့အကြုံများကို ခေတ်စနစ်ပြောင်းလဲမှုနှင့်အညီ အသိတရားများပိုမိုရရှိလာသည်ဟု ယုံကြည်မိပါကြောင်း စသည်တို့ကို ပြောကြားခဲ့ပြီး  ပင်လောင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်စောအောင် ကအမှာစကားပြောကြားရာ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၊ ပြည်နယ်တစ်ခု၊ ကျေးရွာတစ်ရွာ တို့ကို တည်ဆောက်ရာတွင် အသိတရားများနှင့် တည်ဆောက်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးတွင်လည်း မိမိတို့၏ စိုက်ပျိုးထုတ်ကုန်များကို နည်းပညာများဖြင့် စနစ်တကျ လုပ်ဆောင်မှသာ အရည်အသွေး ပိုမိုပြည့်စုံမည်ဖြစ်ကြောင်း၊ မိဘပြည်သူများ စည်းလုံးညီညွှတ်မှုရှိမှသာ မိမိတို့လိုချင်သော ပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်းနှင့် လွှတ်တော်၏ အတွေ့အကြုံများစသည်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နောင်တရားမြို့၊ မြို့အုပ်ချုပ်ရေးမှူး စိုင်းချမ်းမြေ့ဝင်းမှ ဌာနဆိုင်ရာ ရုံးလုပ်ထုံးလုပ်နည်းအကြောင်းများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဌာနဖွဲ့စည်းပုံအကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူး (၃) ဖြားခွန်တင်ထွဋ်က အမှာစကားပြောကြားရာ ရှေးခေါင်းဆောင်ကြီးများနှင့် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်စင်ဖါအောင်ခမ်းထီတို့၏ အမြော်အမြင် ကြီးမာမှုကြောင့် ယခုကျွန်တော်တို့ ပအိုဝ်းလူမျိုးသည် ငြိမ်းချမ်းရေးအရသာကို ခံစားနေရတာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးအကျိုးကျေးဇူးကြောင့် ယနေ့လူငယ်များသည် တက္ကသိုလ်အသီးသီးတွင်ပညာများသင်ယူနိုင်ပြီး ပညာတတ်လူငယ်များ ပိုမိုများလာပြီဖြစ်ကြောင်း၊၁၉၉၁ ငြိမ်းချမ်းရေးရယူပြီးနောက်ပိုင် ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါကြောင်း စသည်တို့ကို ပြောကြားခဲ့ပါသည်။

ထို့နောက် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို) တွဲဖက် အတွင်းရေးမှူး ဖြားခွန်ထွန်းဖြူက စီးပွားရေးနှင့် ပတ်သက်သောအကြောင်းအရာများ၊ စိုက်ပျိုးရေးနှင့်ပတ်သက်သော နည်းပညာလိုအပ်မှု  အခြေအနေများ၊ စိုက်ပျိုးရေးထုတ်ကုန်၏ ဈေးကွက်အခြေအနေများ၊ စိုက်ပျိုးရေးလုပ်ဆောင်ရာတွင် အစုအဖွဲ့များနှင့်လုပ်ဆောင်ပါက ပိုမိုအောင်မြင်လာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၊ဗဟိုဌာချုပ်ရုံး၊ လွှတ်တော်ရေးရာဌာန ဌာနမှူး ခွန်အောင်နိုင် က ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ဖွဲ့စည်းပုံအခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် မိဘပြည်သူတို့၏လိုအပ်ချက်များ  လွှတ်တော်ကိုယ်စားလှယ်များထံသို့ တင်ပြရာတွင် တင်ပြပုံ၊ တင်ပြနည်းများနှင့် လိုအပ်သည့်အချက်အလက်များ ကိုရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံ ကိုယ်စား ခွန်ရဲထွဋ်က ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သိရပါသည်။

သင်တန်းဆင့်ပွဲအခမ်းအနားသို့ ပင်လောင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်စောအောင်၊နောင်တရားမြို့၊ မြို့အုပ်ချုပ်ရေးမှူး စိုင်းချမ်းမြေ့ဝင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၊ အတွင်းရေးမှူး (၃) ဖြားခွန်တင်ထွဋ်၊လွှတ်တော်ရေးရာဌာန ဌာနမှူး ခွန်အောင်နိုင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ ၊စန္တာခမ်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ရုံးတာဝန်ခံ ဖြားခွန်သောင်းတင်၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို) တွဲဖက် အတွင်းရေးမှူး ဖြားခွန်ထွန်းဖြူ ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းသူ/သားများ၊ ဒေသခံရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရပါသည်။

ခွန်ယံသေ
Powered by Blogger.