ယခုမိမိရေးသားတင်ပြမည့်ဆောင်းပါးသည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အနှောက်အယှက်၊ အဟန့်အတားဖြစ်နေသည့်အကြောင်းအရာအချို့ကို ရေးသားတင်ပြသွားမည်ဖြစ်ပြီး ဖြည့်စွက်ရမည့်အချက်များ၊ ရေးသားချက်အမှားများရှိခဲ့သော် ပြင်ဆင်ဖြည့်စွက်ပေးစေလိုကြောင်း စာဖတ်ပရိတ်သတ်များအားဦးစွာ ကြိုတင်မေတ္တာရပ်ခံအပ်ပါသည်။ ယခုဆောင်းပါးရေးသားဖြစ်ရခြင်းအကြောင်းအရင်းသည်လည်း မိမိသည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာနတွင် တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းတစ်ဦးဖြစ်ပြီး မိမိတို့ဌာနသည် ပအိုဝ်းပြည်သူလူထုများနေထိုင်ရာ နေရာ၊ ဒေသအနှံအပြားသို့ သွားရောက်၍ မိမိတို့ပအိုဝ်းပြည်သူလူထုများအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ အကြောင်းအရာများ၊ အသိအမြင်များနှင့် အခြားသိမှတ်ဖွယ်ရာအထွေထွေဗဟုသုတများ တိုးပွားလာစေရန် သင်တန်းများကို ဒေသခံများ၏လိုအပ်ချက်နှင့်အညီ သွားရောက်ဖွင့်လှစ်ပို့ချပေးရသည့်ဌာနဖြစ်သည်။ ထို့ကြောင့် မိမိသည် ပအိုဝ်းတို့နေထိုင်ရာဒေသအသီးသီးကို သွားရောက်ခွင့်ရရှိခဲ့ပြီး ထိုသို့ သွားရောက်ရာတွင် မိမိအနေဖြင့် ပအိုဝ်းဒေသ၏ အခြေအနေများ၊ ကျေးရွာဖွံ့ဖြိုးမှုအခြေအနေများ၊ လူနေမှုအဆင့်အတန်းများ၊ ပအိုဝ်းလူမျိုးတို့၏ စိတ်နေသဘောထားများ၊ စီးပွားရေးအခြေအနေများ စသည့်အကြောင်းအရာများကို လေ့လာ သိရှိခံစားခွင့်ရရှိခဲ့ပါသည်။ ထို့ကြောင့် ဤဆောင်းပါးကို ရေးသားဖြစ်ရခြင်းပင်ဖြစ်ပါသည်။ ဆောင်းပါးတွင် မိမိလေ့လာသိရှိခံစားခွင့်ရခဲ့သည့် ပအိုဝ်းဒေသ၏ အခြေအနေအပေါ်အခြေခံ၍သော်လည်းကောင်း၊ ဒေသခံများ၏ ပြောကြားချက်များအပေါ်အခြေခံ၍သော်လည်းကောင်း၊ ဖေ့ဘုတ်စာမျက်နှာပေါ်မှ ရေးသားချက်များ အပေါ်အခြေခံ၍သော်လည်းကောင်း ကိုးကား၍ စာဖတ်ပရိသတ်များအား ပြန်လည်မျှဝေရေးသားပေးသွားမည် ဖြစ်သည်။
ယနေ့ခေတ်သည် ယခင့်ယခင်ခေတ်များနှင့် မတူညီတော့ပေ။ အရာအားလုံး ပြောင်းလဲသွားပေပြီ။ လောကကြီး၏ သဘာဝတရားအရ ရာစုတစ်စုမှသည် ရာစုသစ်တစ်ခုဆီသို့သော်လည်းကောင်း၊ လက်မှုနည်းပညာခေတ်မှသည် စက်မှုနည်းပညာခေတ်ဆီသို့သော်လည်းကောင်း၊ စနစ်ဟောင်းတစ်ခုမှသည် စနစ်သစ် တစ်ခုဆီသို့သော်လည်းကောင်း၊ အာဏာရှင်စနစ်မှသည် ဒီမိုကရေစီစနစ်ဆီသို့သော်လည်းကောင်း၊ စစ်ပွဲမှ သည် ငြိမ်းချမ်းခြင်းဆီသို့သော်လည်းကောင်း တစ်နေ့ထက်တစ်နေ့ တစ်ရွေ့ရွေ့ပိုမိုတိုးတက်ပြောင်းလဲနေပေပြီ။ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာအောင်လည်း အသိဉာဏ်ရှိသည့်လူသားများက ဖန်တီးနေကြသည်။ အသိပညာ၊ အတတ်ပညာရှင်များလည်း ကြိုးစားအားထုတ်အကောင်အထည်ဖော်လျက်ရှိနေကြပေသည်။ ထို့ကြောင့် တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ် အရှိန်အဟုန်မပျက် တလိမ့်လိမ့်တိုးတက်ပြောင်းလဲနေရပေသည်။ တိုးတက်ပြောင်းလဲမှုများသည် အနောက်နိုင်ငံများတွင်သာမက မိမိတို့မြန်မာနိုင်ငံသည်လည်း အလားတူ တိုးတက်ပြောင်းလဲလျက်ရှိနေပေသည်။ သို့သော် အခြေအနေအရပ်ရပ်ကြောင့် အနောက်နိုင်ငံများအနေဖြင့် လျှမ်းလျှမ်းတောက် တိုးတက်ပြောင်းလဲနေချိန်တွင် မိမိတို့နိုင်ငံသည် မီးပွါးမွှားလေးပမာ တစ်ရွေ့ရွေ့နှင့်သာ တိုးတက်ပြောင်းလဲခဲ့ရပါသည်။ ဤသို့ဖြစ်ရခြင်းသည်လည်း အကြောင်းရင်းအမျိုးမျိုး၊ အခြေအနေအရပ်ရပ်ကြောင့် နောက်ကောက်ကျကျန်ခဲ့ရသည်ဟု ပြောလျှင်မှားမည်ပင်မဟုတ်ပါ။ ယင်းကဲ့သို့သော အခြေအနေအမျိုးမျိုး၊ အကြောင်းရင်းအမျိုးမျိုးကြောင့်လဲ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လျက်ရှိကြသည့်လူသားထုတစ်ရပ်လုံး၏ လူနေမှုဘဝထိခိုက်နစ်နာခဲ့ရပါသည်။ တိုးတက်ပြောင်းလဲသင့်သည့်အရာများ မတိုးတက်ခဲ့ရသကဲ့သို့ မဆုံးရှုံးသင့်သည့်အရာများလည်း ဆုံးရှုံးခဲ့ရပေသည်။ မြန်မာနိုင်ငံအတွက်များစွာနစ်နာခဲ့ရပြီး ပြည်သူလူထုများ၏ လူနေမူဘဝအဆင့်အတန်းလည်း နိမ့်ကျခဲ့ရသည်။ ဖွံ့ဖြိုးတိုးတက်မှုလည်း များစွာ နောက်ကျကျန်ခဲ့ရသည်။ ဤသို့သော မနှစ်လိုဖွယ်ရာအခြေအနေများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများအားလုံးတွေ့ကြုံခံစားခဲ့ကြရပြီး မိမိတို့ပအိုဝ်းတိုင်းရင်းသားသည်လည်း အပါအဝင်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ယနေ့(၂၁)ရာစုသည် ယခင်ရာစုနှစ်များနှင့်နှိုင်းယှဉ်လျှင် အစစအရာရာ ပိုမိုတိုးတက်ပြောင်းလဲလာသည်ကိုမူ လက်သင့်မခံ၍မရနိုင်ပေ။ သို့သော် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးကို ချုံပြီးကြည့်လျှင် တိုးတက်သည်ဟု ဆိုနိုင်ပါသော်လည်း ဒေသတစ်ခု(သို့မဟုတ်) ပြည်နယ်/ တိုင်းဒေသကြီးတစ်ခုချင်းစီကို ပြန်ကြည့်မည်ဆိုလျှင် မတိုးတက်သည့်ဒေသများ အများအပြားတည်ရှိနေအုံးမည်ဖြစ်သည်။ အလားတူ မိမိတို့ပအိုဝ်းတိုင်းရင်းသားများနေထိုင်ရာဒေသကို ကြည့်မည်ဆိုလျှင်လည်း ဖွံ့ဖြိုးတိုးတက်သည့်ဒေသများရှိသကဲ့သို့ မဖွံ့ဖြိုးသေးသည့်ဒေသများလည်း အများအပြားရှိနေပါသည်။ အဘယ်ကြောင့်ဖွံ့ဖြိုးသည့်ဒေသများသည် ဖွံ့ဖြိုးတိုးတက်လျက်ရှိကြပြီး မဖွံ့ဖြိုးမတိုးတက်သည့်ဒေသများသည် အဘယ်ကြောင့်မဖွံ့ဖြိုးရသည်ကို လေ့လာသုံးသပ်ကြည့်ရာတွင် မဖွံ့ဖြိုးမတိုးတက်သည့်ကျေးရွာဒေသများသည် အများအားဖြင့် စစ်ဘေးဒဏ်ကို ကာလရှည်စွာခံစားနေရသည့်ဒေသများ၊ မြို့ပြနှင့်အလှမ်းဝေးပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိသည့်ဒေသများ၊ စိုက်ပျိုးမြေဖြစ်ထွန်းမှုမရှိသည့်အပြင် စီးပွားရေးလုပ်ကိုင်ရန်အခက်အခဲရှိသည့်ဒေသများ၊ ပညာတတ်နည်းပါးသည့်ဒေသများ၊ အချင်းချင်းစည်းလုံးညီညွှတ်မှုမရှိသည့် ဒေသများ၊ ခေါင်းဆောင်ကောင်းနှင့် နောက်လိုက်ကောင်းမရှိသည့်ဒေသများနှင့် မူးယစ်ဆေးဝါးသုံးစွဲသူများပြားသည့်ဒေသများ စသည့်ကျေးရွာဒေသများသည် အခြားသောဒေသများနှင့်ယှဉ်လျှင် ဖွံ့ဖြိုးတိုးတက်မှုများစွာ နောက်ကျလျက်ရှိသည်ကို တွေ့ရှိရပေသည်။ အခြားသော အကြောင်းအရင်းများလည်း များစွာရှိနေအုံးမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ အထက်ဖော်ပြပါအချက်များ မိမိတို့ဒေသတွင်း ဖြစ်ပွားနေသမျှကာလပတ်လုံး မိမိတို့ဒေသသည်လည်း ဖွံ့ဖြိုးတိုးတက်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် မိမိတို့ကျေးရွာ၊ ဒေသများတွင် အထက်ပါဖြစ်ရပ်များ၊ အားနည်းချက်များရှိခဲ့သော် အားလုံးစည်းလုံးညီညွှတ်စွာဖြင့် တိုင်ပင်ညှိနှိုင်းဆွေးနွေးဆောင်ရွက်ကာ လိုအပ်သည့်အကူအညီများ၊ အထောက်အပံ့ များ၊ အကြံဉာဏ်များရယူ၍ လုပ်ဆောင်သင့်သည်များ၊ ပြုပြင်ပြောင်းလဲသင့်သည်များကို ပြုပြင်ပြောင်းလဲရန် လိုအပ်ပေသည်။ ထိုမှသာလျှင် မိမိတို့ဒေသသည်လည်း အခြားသောဖွံ့ဖြိုးတိုးတက်လျက်ရှိသည့်ဒေသများ နည်းတူ တိုးတက်ပြောင်းလဲနိုင်မည်ဖြစ်သည်။ မိမိကိုယ်ကိုတိုးတက်ပြောင်းလဲအောင် လုပ်ဆောင်ခြင်းအရေး သည် မိမိ၏အပေါ်တွင်သာမှီတည်သကဲ့သို့ မိမိတို့ဒေသတိုးတက်ပြောင်းလဲအောင်လုပ်ဆောင်ခြင်းအရေးသည်လည်း မိမိတို့ဒေသရှိ လူများ၏အပေါ်တွင် မှီတည်ပေသည်။ မိမိတို့ရွေးချယ်တင်မြှောက်လိုက်သည့် အစိုးရများ၊ လွှတ်တော်ကိုယ်စားလှယ်များ အပေါ်တွင်လည်း များစွာမှီတည်ပေသည်။ အစိုးရကောင်းမှ ပြည်သူလူထုတို့၏ ဘဝလည်းကောင်းစားနိုင်မည်ဖြစ်သည်။ ထို့အပြင် ကျေးရွာဒေသဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းသည် တစ်ဦးတစ်ယောက်တည်းသာ လုပ်ဆောင်၍ ရသောအရာမဟုတ်ပါ။ အားလုံးပူးပေါင်းဆောင်ရွက်မှသာလျှင် အောင်မြင်နိုင်သည့်အရာတစ်ခုပင်ဖြစ်သည်။ ထို့ကြောင် လူတိုင်းတစ်ဘက်တစ်လမ်းမှ မိမိတို့ကျရာကဏ္ဍတွင် တာဝန်ကို ကျေပွန်အောင်ထမ်းရွက်ကြပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကြိုးမာန်တက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း တိုက်တွန်းရင်း ဤဆောင်းပါးကို ရေးသားတင်ဆက်လိုက်ရပါသည်။
ခွန်ကျော;ခေါင်;
ထီရီးဟော်ထို
Like On Facebook
Follow On Twitter
Subscribe On RSS