တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၁၀)ရက်
ဤဆောင်းပါးကို ရေးသားရခြင်းသည် ဘိန်းစိုက်တောင်သူတို့အား ဘိန်းများကိုပိုမိုစိုက်ပျိုးလာစေရန် အားပေးအားမြှောက်ထောက်ခံသည့်သဘောမျိုးမဟုတ်သည်ကို ဦးစွာနားလည်ပေးစေလိုပါသည်။ ကဲ့ရဲ့ရှုတ်ချလိုသောသဘောထားမျိုးမဟုတ်ပေ။ နိုင်ငံတော်အစိုးရ၏ ဘိန်းစိုက်ပျိုးမှုပပျောက်ရေး စီမံကိန်းဆိုပြီး ဘိန်းခင်းများဖျက်ဆီးခြင်းလုပ်ငန်းများကိုလည်းကောင်း၊ ဘိန်းခင်းများဖျက်ဆီးခံရပြီးနောက် ဘိန်းစိုက်သူတို့၏ဘဝ အခြေအနေများသည်လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးမြေနေရာဒေသနှင့် သီးနှံဈေးနှုန်းမရှိ၍ ဘိန်းစိုက်ပျိုးမှုတစ်မျိုးတည်းကိုသာ အားကိုးအားထားပြုရသောကြောင့် ဘိန်းခင်းများ ဖျက်ဆီးခံရပြီး နောက်ကြုံတွေ့လာရမည့်ပြဿနာများနှင့် ဘိန်းစိုက်ပျိုးမှုပပျောက်အောင် မည်ကဲ့သို့ လုပ်ဆောင်သင့်သည်တို့ကို စာရေးသူဉာဏ်မှီသမျှ ရေးသားတင်ပြသွားမည်ဖြစ်ပါသည်။
သက်ရှိလူသားသတ္တဝါအားလုံးတို့သည် အသက်ရှင်သန်ကြီးထွားရန်အတွက် ရေမြေနေရာဒေသအလိုက် မိမိတို့ကျွမ်းကျင်ရာနည်းပညာအလုပ်ဖြင့် အသက်မွေးမှုကိုပြုကြရလေသည်။ မိမိတို့မြန်မာနိုင်ငံတွင်လည်း ပြည်နယ်နှင့်တိုင်းအချို့တွင် ဘိန်းစိုက်ပျိုးမှုရှိသည်ကို များစွာတွေ့ရှိရပါသည်။ ဘိန်းစိုက်သူတို့အားအနီးကပ်လေ့လာပြီးမှသာလျှင် ဘိန်းစိုက်ရသည့်အကြောင်းရင်းများနှင့်သူတို့၏ဘဝကို စာနာနားလည်လာလိမ့်မည်ဖြစ်သည်။ ဘိန်းစိုက်သူအများစုတို့အား အနီးကပ်သုံးသပ်ကြည့်ရာတွင် လမ်းပန်းဆက်သွယ်ရေးအခြေနေအရ အခြားသီးနှံများစိုက်ပျိုးလျှင်လည်း သယ်ယူရန်ခက်ခဲခြင်း၊ ပုံမှန်ဈေးကွက်နှင့်ပုံမှန်ဈေးနှုန်းအာမခံချက်များမရှိခြင်းကြောင်း စိုက်ပျိုးရခြင်းဖြစ်သည်ကို တွေ့ရှိရပါသည်။ ဘိန်းစိုက်ခြင်းသည်လည်း လွယ်ကူသောကိစ္စမဟုတ်သည်ကို တွေ့ရှိရပါသည်။ စိုက်ပျိုးမှုစရိတ်ကြီးမားခြင်း၊ ဥပဒေနှင့်လွတ်ကင်းသောအရာမဟုတ်၍ ဝယ်လိုအားပုံမှန်မရှိသော်လည်း သယ်ယူရာတွင်လွယ်ကူခြင်း၊ ငွေများဖောဖောသီသီရခြင်း စသည့်အကြောင်းများကြောင့် စိုက်ပျိုးရခြင်းဖြစ်ပေသည်။
ထို့ကြောင့် အခြားသီးနှံများကိုမစိုက်ပျိုးတော့ဘဲ ဘိန်းစိုက်ပျိုး၍ရရှိလာသောငွေကြေးဖြင့် မိမိတို့၏ စားဝတ်နေရေးနှင့်သားသမီးတို့၏ပညာရေးတို့ကို ရုန်းကန်၍ဖြေရှင်းကြရသည်ကို တွေ့ရှိရပါသည်။ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် ဘိန်းစိုက်ပျိုးမှုပပျောက်ရေးဆိုပြီး နှစ်စဉ်နှစ်တိုင်းဘိန်းခင်းများဖျက်ဆီးခြင်းလုပ်ငန်းတို့ကို ပုံမှန်ပြုလုပ်ပါသော်လည်း သိသိသာသာလျော့ကျသွားခြင်းမရှိသည့်အပြင် ပို၍သာတိုးလာသည်ကိုတွေ့ရှိရပါသည်။ ဤကဲ့သို့လုပ်ဆောင်ခြင်းသည် နည်းလမ်းမှန်မဟုတ်သကဲ့သို့ ပြည်သူတို့အား အနိုင်ကျင့်ရာများရောက်မလားဟု စာရေးသူထင်မိပါသည်။ “ဗိုက်ဆာသောသူကို တရားဟော၍မရပေ၊ လိုအပ်သောအစာအာဟာရတို့ကို ကျွေးမွေးပြီးမှ တရားဟောလျှင် ထိရောက်အောင်မြင်သည်” ဟု ဆိုသည့်စကားပုံအတိုင်းပင် ဘိန်းစိုက်သူတို့အားအသိပညာပေးဟောပြောပွဲများမကြာခဏ (ပုံမှန်) ပြုလုပ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာအောင်ပြုလုပ်ပေးခြင်း ထို့အပြင် အဆင့်ဆင့်သော တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် ဘိန်းအစားထိုးသီးနှံမျိုးစေ့များရရှိအောင် ကြိုးပမ်းပေးရမည်ဖြစ်သည်။ မျိုးစေ့များသည်လည်း ဒေသ၏ပထဝီအနေအထားနှင့်ကိုက်ညီမှုရှိပြီး ဈေးကွက်အာမခံချက်လည်း ရှိရမည်ဖြစ်သည်။ စစ်မှန်သောမျိုးစေ့နှင့်အာမခံချက်ရှိသော ဈေးကွက်စနစ်တို့ကိုဖော်ဆောင်ပေးလျှင် ဘိန်းစိုက်ပျိုးမှုသည် အလိုလိုတိုက်ဖျက်ပြီးသားဖြစ်လိမ့်မည်ဟု စာရေးသူယုံကြည်ပါသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအားထားသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ ဘိန်းစိုက်တောင်သူများအတွက် အထက်ပါလိုအပ်ချက်တို့ကို ဖြည့်ဆည်းပေးနိုင်မည်ဆိုလျှင်ဖြင့် လူသားအားလုံး၏အန္တာရာယ်ဖြစ်သော ဘိန်းစိုက်ပျိုးမှုသည်လည်း အလိုလိုပပျောက်သွားလိမ့်မည်ဟု တင်ပြရင်း နိဂုံးချုပ်အပ်ပါသည်။
ခွန်ဗေခြောင် လွယ်မော်ဟေ့
Like On Facebook
Follow On Twitter
Subscribe On RSS