တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်
မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသော နိုင်ငံဖြစ်သည်ကို လူတိုင်းသိရှိကြပြီးဖြစ်သည်။ နိုင်ငံ၏ ၇၀% သောလူဦးရေသည် ကျေးလက်ဒေသတွင် နေထိုင်ကြပြီး စားဝတ်နေရေးအတွက် သစ်တော၊ သစ်ပင်များနှင့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများအပေါ် မှီခိုလုပ်ကိုင်စားသောက်နေကြရပါသည်။ သစ်တော၊ သစ်ပင်များသည် ကျေးလက်နေတိုင်းရင်းသားများ၏ စားဝတ်နေရေးအတွက် အရေးကြီးရုံမျှမက ရာသီဥတုကောင်းမွန်လာစေရန်လည်းများစွာအထောက် အကူပြုနေပါသည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားများနေထိုင်သောနေရာအများစုမှာ တောင်တန်းဒေများတွင်နေထိုင်ကြပြီး သစ်တော၊ သစ်ပင်များကို ဘိုးစဉ်ဘောင်ဆက်ကတည်းက မိမိတို့၏ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာကောင်းများဖြင့် စီမံအုပ်ချုပ်ထိန်းသိမ်းခဲ့ကြသည့် အလေ့အထကောင်းများစွာရှိသည်။ အထူးသဖြင့် တိုင်းရင်းသားများထဲမှ ပအိုဝ်းတိုင်းရင်းသားများ၏ သစ်တောထိန်းသိမ်းသည့် ဓလေ့ကို စာဖတ်သူများသိရှိစေရန် တင်ပြရေးသားလိုပါသည်။
တိုင်းရင်းသားများထဲမှ ပအိုဝ်းတိုင်းရင်းသားများသည်လည်း တောင်ပေါ်ဒေသတွင် အများအားဖြင့် နေထိုင်ကြပြီး တောင်ယာလုပ်ငန်းကို လုပ်ကိုင်ကြကာ သစ်တောသစ်ပင်များကို မှီခိုကြရသည်။ သစ်တောသစ်ပင်များကို ရှေးဘိုးဘွားအစဉ်အဆက်မှ တန်ဖိုးထားထိန်းသိမ်းသည့်ဓလေ့ရှိသည်။ ပအိုဝ်းတိုင်းရင်းသားများသည် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတညီမျှစွာနေထိုင်မှုဓလေ့နှင့် ထေရဝါဒဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သည့်အလျောက် ကျောင်းဇရပ်များသာမက အရိပ်ရအပင်ကြီးများစိုက်ပျိုးလှူဒါန်းသည့် ဓလေ့ရှိကြသည်။ ဘုန်းတော်ကြီးကျောင်းနှင့် စေတီပုထိုးများ ပတ်ဝန်းကျင်က ရေထွက်စိမ့်များ၊ ရေဝင်ရေလဲတောများ မခုတ်ရန် သာသနာ့အလံထူ၍ အမှတ်အသားဖြင့် ထိန်းသိမ်းထားကြသည်။ ကျေးရွာပတ်ဝန်းကျင်တွင် ကျေးရွာပိုင်သစ်တောများ၊ မိသားစုပိုင်သစ်တောများ၊ သစ်ပင်များကို ပြုစုပျိုးထောင်ကြသည်။ ဂေဟဗေဒခေါ် လူသားတို့ ရှင်သန်တည်တံ့နိုင်ရေး သိပ္ပံပညာကို မသိနားမလည်သော်လည်း ရှေးဟောင်းဓလေ့ကြောင့် အပင်များကို ချစ်မြတ်နိုးခဲ့ကြသည်။ ကျေးရွာပိုင်တောများ၊ အများပိုင်တောများနှင့် ရေထိန်းတောများကို ရွာသားများပူးပေါင်း၍ ဝိုင်းဝန်းထိန်းသိမ်းကြသည်။
ပအိုဝ်းဒေသတွင် သစ်တော၊ သစ်ပင်များထိန်းသိမ်းသည့် အလေ့အထကောင်းများရှိသည်ဟု ပြောဆိုရခြင်းသည် ရာသီဥတုပြောင်းလဲမှုကြောင့် ဌာနေတိုင်းရင်းသူအမျိုးသမီးအပေါ် အကျိုးသက်ရောက်မှု ခေါင်းစဉ်ဖြင့် ပအိုဝ်းဒေသရှိသစ်တောစီမံအုပ်ချုပ်ပုံကို သိရှိနိုင်ရန် စစ်တမ်းများ၏ ကောက်ယူခဲ့သော အချက်အလက်များအရသော်လည်းကောင်း၊ ပအိုဝ်းဒေသရှိ ကျေးရွာအများစုတွင် သွားရောက်သင်တန်းပေးရာမှ ဒေသ၏ပတ်ဝန်းကျင်အခြေအနေကို လေ့လာစူးစမ်းရာမှ သိရှိခဲ့ရခြင်းကြောင့် သော်လည်းကောင်းဖြစ်သည်။ အခြားဒေသများနည်းတူ မိမိသွားရောက်စစ်တမ်းကောက်ခဲ့သော ဟိုပုံးမြို့ နယ်၊ စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချားရွာမှ ဒေသခံများသစ်တောစီမံထိန်းသိမ်းသည့် အလေ့အထကို လေ့လာခွင့်ရခဲ့ပါသည်။ ၎င်းကျေးရွာ၏ သစ်တောစီမံအုပ်ချုပ်ပုံမှာ အခြားဒေသများ အတုယူစရာကောင်းလှပါသည်။ ထိုဒေသမှဒေသခံများသည်သည် သနပ်ဖက်လုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး နှစ်ရှည်ပင် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သော ထောပတ်သီး၊ ကော်ဖီနှင့် အခြားသီးနှံများကိုလည်း တနိုင်တပိုင် စိုက်ပျိုးလုပ်ကိုင်ကြသည်။ သနပ်ဖက်လုပ်ငန်းသည် ထင်းလောင်စာကို အသုံးပြုရသည့်အတွက်ကြောင့် သစ်တောကို အဓိကမှီခိုနေရသည်။ နှစ်စဉ်နှစ်တိုင်း ထင်းများအသုံးပြုသော်လည်း သစ်တောအများ အပြားရှိနေသေးသည်ကို တွေ့ရှိရသည့်အတွက် မိမိအတွက်အံ့သြပီတိဖြစ်ရပါသည်။ အချက်အလက်ကောက်ရာမှ ကျေးရွာရှိလူကြီးမိဘများ၏ ဖြေကြားချက်အရ မိသားစုအတွက် ထင်းလောင်စာကို နှစ်စဉ်ပျမ်းမျှအားဖြင့် လေးလုံးထိုးထော်လဂျီ (၂)စီး (၄တန်ခွဲ)အသုံးပြုရကြောင်း၊ သစ်တောများကို ရှေးဘိုး ဘွားစဉ်ဆက်ကတည်းက သစ်ပင်များကို စနစ်တကျ ထုတ်ယူအသုံးပြုခြင်း၊ သစ်ပင်များကို သတ်မှတ်ထား သည့်လုံးပတ်များကိုသာ ခုတ်ယူပြီး သတ်မှတ်ထားသည့်လုံးပတ်အတိုင်းအတာထက်ကြီးသည်ကိုလည်းကောင်း၊ ငယ်သည်ကိုလည်းကောင်း ခုတ်ယူခြင်းမရှိခြင်း၊ ကိုင်းချိုင်ပြီးခုတ်ယူခြင်းစသည့် စနစ်တကျ ထုတ်ယူသုံးစွဲသောကြောင့် သစ်တောပြုန်းတီးမှုကို လျော့ကျစေသည့်အပြင် အပင်ငယ်များလည်းများပြား စွာပေါက်ရောက်သည့်အတွက် သစ်တောများပို၍ များပြားလာကြောင်း ရှင်းပြခဲ့ပါသည်။ ကျောက္ကချားရွာတွင် သာသနာပိုင်တော၊ ရေထိန်းတော(အများပိုင်တော)နှင့် မိသားစုပိုင်သစ်တောများရှိသည်။ သာသနာပိုင်တောကို သံဃာတော်များက ဝိုင်းဝန်းထိန်းသိမ်းကြပြီး ကျောင်းအတွက် လိုအပ်သော ထင်းလောင်စာများ၊ ကျောင်းဇရပ်ဆောက်လုပ်သည့်အခါ လိုအပ်သောသစ်များ၊ တိုင်များကို ၎င်းသစ်တောမှ ထုတ်ယူသုံးစွဲနိုင်သည်။ ရေထိန်းတော (အများပိုင်တော)ကို အများသဘောတူညီမှုဖြင့် ဖွဲ့စည်းထားသော သစ်တောကော်မတီအဖွဲ့က ထိန်းသိမ်းကြပြီး သစ်တောကို အလှည့်ကျစနစ်ဖြင့် ထိန်းသိမ်းကာကွယ်ကြသည်ကို တွေ့ရပါသည်။ ကော်မတီဖွဲ့ရာတွင် ရပ်ကွက်တစ်ရပ်ကွက်ကို (၂)ဦးနှုန်းဖြင့် ပါဝင်ဖွဲ့စည်းကြပြီး ကော်မတီ အဖွဲ့မှ အများပိုင်တောကို စီမံအုပ်ချုပ်ထိန်းသိမ်းရသည်။ "သစ်တောသစ်ပင်ပေါများမှ ရေပေါမည်"ဟု ကျေးရွာရှိဒေသခံပြည်သူအများစုက လက်ခံထားကြသည်ကိုလည်း သိရှိရပါသည်။ သစ်တောသည် ၎င်းတို့အတွက် သစ်တောထွက်ပစ္စည်းများဖြစ်သော သစ်ခွပန်းများ၊ သဘာဝအသီးအရွက်များ၊ မှိုများ၊ မြစ်များနှင့် ရေများကိုပေါများကြွယ်ဝစွာ သုံးစွဲနိုင်သောကြောင့် လူတိုင်းတန်းဖိုးထားကြပြီး ဝိုင်းဝန်းထိန်းသိမ်းကြသော ဓလေ့မှာချစ်စရာကောင်းလှပါသည်။
ထို့ပြင် သစ်တောနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကိုလည်း ရပ်ရွာရှိအများသဘော တူညီမှုဖြင့် ချမှတ်ရေးဆွဲထားသည်။ စည်းကမ်းချက်အရ ရေထိန်းတောတွင် ထင်းခုတ်ခြင်း၊ သစ်များ ထုတ်ယူခြင်း၊ တောမီးရှို့ခြင်းနှင့် သစ်များကို အပြင်သို့ရောင်းချခြင်းစသည်တို့ကို တားမြစ်ထားပြီး စည်းကမ်းချက်များကို ဖောက်ဖျက်ပါက သတ်မှတ်ထားသည့် စည်းကမ်းချက်အတိုင်း အရေးယူဆောင်ရွက်ရပါသည်။ အရေးယူဆောင်ရွက်ရာတွင် ပထမအကြိမ်တွင် သတိပေးသည့်အဆင့်ဖြစ်ပြီး ဆက်တိုက်ဖောက်ဖျက်ပါက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ပေးရခြင်း ဥပမာ- လမ်းခင်းပေးရခြင်း၊ သဲတူးရခြင်း (သို့) ဒဏ်ငွေပေးဆောင်ရမည်ဖြစ်သည်။ ပအိုဝ်းဒေသအများစုတွင် သစ်တောနှင့် ပတ်သက်သည့် စည်းကမ်းချက်များ သတ်မှတ်ထားသော်လည်း တစ်ရွာနှင့်တစ်ရွာကွဲပြားမှုရှိသည်။ ဤကဲ့သို့ ဘိုးဘွားအစဉ်အဆက်ကတည်းက သစ်တောများကို စနစ်တကျစီမံအုပ်ချုပ်ခဲ့သည့် အလေ့အထကောင်းများကို လက်ဆင့်ကမ်း ထိန်းသိမ်းကာကွယ်နိုင်သောကြောင့် သစ်တောများ ယခင်ထက်ပို၍ ထူထပ်လာကြောင်း၊ လျှပ်စစ်မီးများရရှိပါက လောင်စာအသုံးပြုမှု လျော့နည်းလာသည့်အတွက် သစ်တောသစ်ပင်များပို၍ များလာမည်ဖြစ်ကြောင်း စစ်တမ်းအရ လေ့လာတွေ့ရှိရပါသည်။
နိဂုံးချုပ်အနေဖြင့် ပအိုဝ်းဒေသအများစုတွင် သစ်တောသစ်ပင်များ အများအပြားရှိနေဆဲဖြစ်ပြီး သစ်တောများကိုသာ အဓိကမှီခိုနေကြရသည့်အတွက် လူတိုင်းသစ်တောကို တန်ဖိုးထားထိန်းသိမ်း ကြသည်။ အနာဂတ်မျိုးဆက်တိုင်း သန့်ရှင်းသောရေ၊ သန့်ရှင်းသောလေ ရရှိခံစားနိုင်ကြစေရန် ဒေသစိမ်းလန်းစိုပြည်ရေးနှင့် ကျန်းမာရေးနှင့် မျှတသောအလေ့ကျပေါက်ပင်မှရရှိသော အသီးအနှံများကို ရရှိစေရန်အတွက်ပအိုဝ်းဒေသပြည်သူများအနေဖြင့် ပအိုဝ်းအမျိုးသား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီအဖွဲ့နှင့် ပူးပေါင်း၍ ကျေးရွာပိုင်စိုက်ခင်းထူထောင်ရေးကို ယခင်နှစ်ထက် ဝိုင်းဝန်းစိုက်ပျိုးသင့်ပါသည်။ ယနေ့ခေတ်တွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်းစုံမှ ရာသီဥတုပြောင်းလဲခြင်းသည့်ဒဏ်ကို တုံ့ပြန်ကာကွယ်နိုင်ရန်အတွက် ဘက်ပေါင်းစုံမှ ကြိုးစားဆောင်ရွက်လျက်ရှိရာ ကဏ္ဍပေါင်းစုံမှ ပူးပေါင်းပါဝင်ပံ့ပိုးပေးရန် လိုအပ်လျက်ရှိသည်။ မိမိတို့၏ ဒေသရှိသစ်တောသစ်ပင်များကို ဝိုင်းဝန်းထိန်းသိမ်းခြင်းသည် မိမိတို့ဒေသပတ်ဝန်းကျင်အတွက်သာမက နိုင်ငံ့အတွက်၊ ကမ္ဘာကြီးအတွက် တဖက်တစ်လမ်းမှ ဝိုင်းဝန်းထိန်းသိမ်းခြင်းနှင့် အတူတူပင်ဖြစ်သည်။ ထို့ကြောင့် မိမိတို့သည် ရှေးဘိုးဘွားစဉ်ဆက်ကတည်းက ထိန်းသိမ်းစောင့်ရှောက်ခဲ့သည့် အလေ့အထကောင်းများဖြင့် အနာဂတ်မျိုးဆက်သစ်များအထိ စဉ်ဆက်မပျက် အကျိုးခံစားနိုင်ရန် သစ်တောထိန်းသိမ်းသည့် အလေ့အထကောင်းများကို ဆက်လက်ထိန်းသိမ်းသင့်ကြောင်းရေးသားတင်ပြအပ်ပါသည်။
ခြဲုင်းမူ;ပေ;(စန္တာ;ခမ်း)
Like On Facebook
Follow On Twitter
Subscribe On RSS