Friday, February 15, 2019

အမျိုးသားနေ့ပွဲတော်မှတစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေးဆီသို့

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊  ဖေဖော်ဝါရီလ (၁၅)ရက်


အမျိုးသားနေ့ဟူသည် တိုင်းရင်းသားလူမျိုးများသာမက ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူမျိုးစုတိုင်းကျင်းပလေ့ရှိသည့် ပွဲတော်တစ်ရပ်ပင်ဖြစ်သည်။ ၄င်းပွဲတော်ကို အကြောင်းပြုပြီးမိမိတို့၏ ရိုးရာယဉ်ကျေးမှု၊ သမိုင်း၊ စာပေ၊ဘာသာစကား တို့ကိုဖေါ်ထုတ်ခွင့်ရရှိရုံသာမက အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် အနာဂါတ်လုပ်ငန်းစဉ်များကိုလည်းချမှတ်နိုင်သည့်အတွက် အလွန်အရေးပါသည့် ပွဲတော်ဟုဆိုနိုင်ပေသည်။

တိုင်းပြည်နှင့်လူမျိုးအကျိုးကျေးဇူးများလှသည့် အမျိုးသားနေ့ပွဲတော်ကို ပအိုဝ်းတိုင်းရင်းသားများအနေဖြင့် ပြည်တွင်း ပြည်ပနေရာအနှံ့အပြားတွင် နေထိုင်ကြသော တာဝန်သိတာဝန်ရှိပုဂ္ဂိုလ်များက စည်ကားသိုက်မြိုက်စွာ နှစ်စဉ်နှစ်တိုင်း ဦးဆောင်ကျင်းပ ပြုလုပ်လာခဲ့ကြသည်မှာ ယခုဆိုလျှင် (၇၀)နှစ်မြောက် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ယခုနှစ်တွင် ပအိုဝ်းအမျိုးသားနေ့ တပေါင်းပွဲတော်ကို ပြည်ထောင်စုနယ်မြေနေပြည်တော်တွင် ကျင်းပနိုင်ရန်အတွက် ပွဲဖြစ် မြောက်ရေးကော်မတီများက အစည်းအဝေးပွဲကို ခေါ်ယူပြုလုပ်နေသည်မှာ များစွာဝမ်းမြောက် ဂုဏ်ယူမိပါသည်။ ပအိုဝ်းအမျိုးသားနေ့ တပေါင်းပွဲတော်ကို သ၀ဏ်လွှာပေးပို့လာသည့် နိုင်ငံတော်အကြီးအကဲများ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တိုင်းရင်းသားခေါင်းဆောင်များကိုလည်း ပအိုဝ်းတိုင်းရင်းသားများကိုယ်စားများစွာ ကျေးဇူးတင်ရှိပါကြောင်း ဤဆောင်းပါးမှ တစ်ဆင့် မှတ်တမ်းတင်အပ်ပါသည်။
အမျိုးသားနေ့ပွဲတော်အတွင်း လာရောက်ကပြဖျော်ဖြေအားပေးဆင်နွဲသော တိုင်းရင်းသားညီအကိုမောင်နှမများ၏  ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကိုသိရှိသည့်အခါ တိုင်းရင်းသားအချင်းချင်း ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို တန်ဖိုးထားလာတတ်ခြင်း၊ ရိုင်းပင်းကူညီလိုစိတ်ဖြစ်ပေါ်လာခြင်း၊ တန်းတူခြင်း ကြင်နာခြင်းမှသည် ငြိမ်းချမ်းခြင်းဆီသို့ ဦးတည်လာနိုင်သည်ကိုလည်း အမျိုးသားနေ့ ပွဲတော်ကြောင့်ပင် ဖြစ်သည်။

အမျိုးသားနေ့ပွဲတော်မတိုင်ခင်ကျင်းပလေ့ရှိသည့် ဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘော်လီဘော ပြိုင်ပွဲစသည့် ပြိုင်ပွဲများသည် တိုင်းရင်းသားညီအကိုအချင်းချင်းချစ်ကြည်ရင်းနှီးမှု ခင်မင်မှု၊မိတ်ဆွေဖြစ်မှုစသည့် အကျိုးကျေးဇူး များစွာကို ဖြစ်စေယုံမက နိုင်ငံတော်အကောင်အထည်ဖေါ် ချမှတ်သည့် မူးယစ်ဆေးဝါးသုံးစွဲသူများပပျောက်ရေးစီမံချက်ကိုလည်း များစွာအထောက်အကူပြုသောပွဲတော်ဖြစ်ပါသည်။

တိုင်းရင်းလူမျိုးများချစ်ကြည်ရေးစိတ်ဓါတ် ကိန်းအောင်းလာသည့်အခါ မနာလိုမုန်းတီးမှုများ အတိတ်ကအမဲစက်များကို တစ်ဦးနှင့်တစ်ဦးခွင့်လွတ်နားလည်ကြပြီး ဒေသအကျိုး၊ နိုင်ငံတော်အကျိုးပိုမိုသယ်ပိုးနိုင်သည့် လူကောင်းများ ပေါ်ထွက်လာ စေသည်မှာလည်း အမျိုးသားပွဲတော်၏ အကျိုးကျေးဇူးပင်ဖြစ်သည်။
အမျိုးသားဆိုသည်မှာ နိုင်ငံတစ်ခုဒေသတစ်ခုတွင် ဘိုးစဉ်ဘောင်ဆက် အတူတကွ နေထိုင်ကြသူများ လူမျိုး ယောင်္ကျားတို့ကို ယဉ်ကျေးဖွယ်ရာ ခေါ်ဝေါ်သော အသုံးအနုန်းဖြစ်သည်။ အမျိုးသားစိတ်သည် တိုင်းပြည်နှင့် လူမျိုး၏ အကျိုးစီးပွားကို ဆောင်ရွက်လိုသော စိတ်ဓါတ်ဖြစ်သည်။

အမျိုးသားနေ့သည် တိုင်းပြည်နှင့်လူမျိုး၏ ထူးခြားသော ဖြစ်ရပ်တစ်ခုခုကိုအခြေခံ၍ သတ်မှတ်သောနေ့ဖြစ်သည်။ ပအိုဝ်းတိုင်းရင်းသားအနေဖြင့် ဘီစီ ၆ ရာစုမဟာသက္ကရာဇ် (၂)ခုနှစ် တပေါင်းလပြည့် စနေနေ့ လ၀င်နေထွက်အချိန်တွင် ရာဇာသက္ကမင်းကြီးနှင့် ကလျာဏီဒေ၀ီတို့မှ သူရိယစန္ဒာမင်းကိုဖွားမြင်ခဲ့သည်။
သူရိယစန္ဒာမင်းလက်ထက် မြတ်စွာဘုရားရှင်သည် သုဝဏ္ဏသထုံပြည်သို့ သုံးကြိမ်သုံးခါ ကြွရောက်တော်မူပြီး ဆံတော်များပေးသနားတော်မူခဲ့သဖြင့် ပအိုဝ်းလူမျိုးများ ဗုဒ္ဓဘာသာဝင်များ ဖြစ်လာခဲ့ကြသည်။ သူရိယစန္ဒာမင်းသည် ပအိုဝ်းလူမျိုး များ၏ ဂုဏ်ရောင်ကို ထွန်းလင်းတောက်ပစေခဲ့သဖြင့် နှစ်တိုင်းတပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့ ကျင်းပလာခဲ့သည်မှာ မျက်မှောက်ကာလအထိပင်ဖြစ်သည်။

၁၃၃၉-ခုနှစ် တပေါင်းလပြည့်နေ့ ပအိုဝ်းအမျိုးသားနေ့ပွဲတော်၏ ဦးတည်ချက်များမှာ - မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး၊ အမျိုးဘာသာသာသနာထိန်းသိမ်းရေး၊ အမျိုးသားယဉ်ကျေးမှုမြှင့်တင်ရေး၊ ပအိုဝ်းအမျိုးသားများ၏ အနာဂါတ်ဘ၀သာယာ ဖြောင့်ဖြူးရေးနှင့် တောင်ကြီးစာမူကိုတစ်မျိုးသားလုံး၏ စာမူအဖြစ် သတ်မှတ်ရေးတို့ ဖြစ်သည်။

၁၃၃၉-ခုနှစ် တပေါင်းလဆန်း ၁၄ ရက် အဖိတ်နေ့တွင် ရဟန်းပညာရှင်၊ လူပညာရှင်၊ ပအိုဝ်းစာပေပညာရှင်များ တောင်ပေါ်မြေပြန့် ပအိုဝ်းစာမူကိစ္စ အကြေအလည် ဆွေးနွေးရာတွင်- လူမျိုးတိုင်း၏စာပေသည် လူမျိုး၏အသက် တိုင်းပြည်၏ အုတ်မြစ်ဖြစ်ကြောင်း၊ ယဉ်ကျေးမှု၏ အဓိကမဏ္ဍိုင်သည် စာဖြစ်ကြောင်း၊ စာပေမရှိပါက မည်သည့်ယဉ်ကျေးမှုမျှ အဆင့်အတန်း မြင့်မလာနိုင်ကြောင်းစသည့် အကြောင်းအရာများစွာကိုမှတ်သားရဖူးလေသည်။

အေးချမ်းစွာနေထိုင် သွားလာ၊ စားသောက်၊ လုပ်ကိုင်နိုင်ရန်အတွက် ငြိမ်းချမ်းရေးသည် လူသားတိုင်းမျှော်လင့်နေသော မဟာလဘ်ကြီးပင်ဖြစ်သော်လည်း ၎င်းအရာကိုရယူဖို့ရန် ခေါင်းဆောင်အဆင့်ဆင့်ကြားတွင် စိန်ခေါ်မှုများစွာရှိနေပြီး ယဉ်ကျေး ပါးနပ်စွာ ကမ္ဘာကနိုင်ငံတော်တော်များလျှောက်လှမ်းသည့် ပြည်တွင်းငြိမ်းချမ်းရေး ရယူမှုနည်းလမ်းများ အဖြစ်အပျက်များကို အတုယူကာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ရန်မှာနိုင်ငံသားအားလုံးတွင်တာဝန်ရှိသည်။

အမျိုးသားနေ့ပွဲတော်သည် အမျိုးသားစည်းလုံးညီညွတ်ရေး၊စာပေယဉ်ကျေးမှုမြှင့်တင်ရေး၊ အမျိုးဘာသာသာသနာအကျိုးကို သယ်ပိုးနိုင်ရုံသာမက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုလည်းများစွာအထောက်အကူပြုသည့် ပွဲတော်ဖြစ်သောကြောင့် အမျိုးသားနေ့ ပွဲတော်မှတစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေးကိုဖော်ဆောင်ကြစို့ ဟူ၍ တိုက်တွန်းရင်း နိဂုံးချုပ်အဆုံးသတ်လိုက်ရပါသည်။

ကျမ်းကိုး။ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ၏ နိုင်ငံရေးခရီး။
ခွန်ထွိုက်ခမ်း ။ ခမ်းလေမော်ဟေ့
Powered by Blogger.