Sunday, February 17, 2019

အင်္ဂလိပ်ဘာသာစကားကို မိမိဘာသာမိမိလေ့လာခြင်း(Self-study)

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်


အင်္ဂလိပ်ဘာသာစကားကို ဆရာ၏သင်ကြားမှုဖြင့်သော်လည်းကောင်း၊ မိမိဘာသာမိမိလေ့လာမှုဖြင့်သော်လည်းကောင်း သင်ယူလေ့ကျင့်နိုင်သည်ဖြစ်ရာ အခြေအနေအမျိုးမျိုးကြောင့် ဆရာ၏အနီးကပ်သင်ကြားမှုဖြင့် မလေ့လာလိုက်ရသောသူသည် မိမိဘာသာမိမိလေ့လာမှု(Self-study)ကို အားကိုးအားထားပြုကြရသည်။ သို့ရာတွင် သတိထားရမည်မှာ အင်္ဂလိပ်ဘာသာစကား အခြေခံအဆင့် မပိုင်နိုင်သေးလျှင် တစ်နည်းအားဖြင့် မိမိဘာသာမိမိပြန်ရပ်တည်နိုင်သောအဆင့်(Independent Level) မရောက်သေးလျှင် အင်္ဂလိပ်ဘာသာစကားကို မိမိဘာသာမိမိ လေ့လာနိုင်ရန် အခက်အခဲများစွာရှိတတ်ပြီး တတ်မြောက်ရန် အချိန်များစွာ ကြန့်ကြာတတ်သည်။ မိမိဘာသာမိမိလေ့လာမှု(Self-study)မလုပ်ခင် မိမိသည် အနည်းဆုံး အင်္ဂလိပ်ဘာသာစကားအခြေခံအဆင့်ကျွမ်းကျင်ပြီး မိမိဘာသာမိမိပြန်ရပ်တည်နိုင်သောအဆင့်အထိ ရောက်အောင် ဆရာ့တစ်ဦးဦးထံတွင် ဆည်းပူးလေ့လာသင့်သည်ဟု မိမိယူဆမိပါသည်။

အင်္ဂလိပ်ဘာသာစကားကို မိမိဘာသာမိမိ လေ့လာမည်ဟု ဆိုသဖြင့် မည်သို့ အပိုင်းခွဲခြား၍ လေ့လာမည်နည်းဟူသော မေးခွန်းရှိလာပါသည်။ အင်္ဂလိပ်ဘာသာစကားစွမ်းရည်ကို အမျိုးအစားခွဲခြားရသော် Speaking Skill, Listening Skill, Writing Skill and Reading Skill ဟူ၍ စွမ်းရည်(၄)မျိုး ခွဲခြားနိုင်သည်။ ထိုစွမ်းရည်(၄)မျိုးကို မည်သို့ လေ့လာရမည်နည်းဟူမူ Speaking နှင့် Writing သည် မိမိ၏ထုတ်လုပ်အားဟူသော Output ဖြစ်သဖြင့် ၎င်းတို့အားကောင်းလာစေရန်မှာ ဖြည့်သွင်းအား(Input)ဖြစ်သည့် Listening နှင့် Readingတို့ကို ဦးစွာ ဖြည့်သွင်းလေ့ကျင့်ရပါလိမ့်မည်။ Listening သေချာလေ့ကျင့်ထားမှုသည် Speaking ကို များစွာ အထောက်အကူပြုသည်ကို တွေ့ရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် Listening လေ့ကျင့်ခန်းတို့တွင် စကားပြောအသံထွက် (Pronunciation)၊ စကားပြောအသုံးအနှုန်း (Dialogue Usage)တို့ကို နားရည်ဝခဲ့သဖြင့် Speaking လေ့လာလေ့ကျင့်ရာတွင် များစွာ လွယ်ကူစေပါသည်။ တစ်ဖက်တွင်လည်း Reading ကောင်းစွာ လေ့လာလေ့ကျင့်ခဲ့သော ကျောင်းသားသည် စကားလုံးဝေါဟာရ(Vocabulary)နှင့် စာအရေးအသားတို့ကို ကောင်းစွာ လေ့လာခဲ့ရသဖြင့် Writing လေ့လာလေ့ကျင့်ရာတွင် များစွာလွယ်ကူသွားစေပါသည်။ သို့ဖြစ်၍ Input ဖြစ်သည့် Listening ကို လေ့လာလေ့ကျင့်ပြီးနှင့်တစ်ပြိုင်နက် Output ဖြစ်သည့် Speaking ကို ဆက်လေ့လာလေ့ကျင့်သွားရန်နှင့် Input ဖြစ်သည့် Reading ကို လေ့လာလေ့ကျင့်ပြီးနှင့်တစ်ပြိုင်နက် Output ဖြစ်သည့် Writing ကို ဆက်လေ့လာလေ့ကျင့်သွားရန် လိုအပ်မည်ဟု မြင်မိပါသည်။

တစ်ကိုယ်တည်း မိမိဘာသာမိမိ အင်္ဂလိပ်ဘာသာစကားကို လေ့လာရသဖြင့်စာအုပ်၊ အသံဖိုင်၊ ဗွီဒီဖိုင် စသည့် လိုအပ်သောသင်ထောက်ကူပစ္စည်းအရင်းအမြစ်များ စုံစုံလင်လင် ရှိရန် လိုအပ်ပါသည်။ အချို့သင်ထောက်ကူပစ္စည်းအရင်းအမြစ်များကို စာအုပ်ဆိုင်တို့တွင် ရှာဝယ်ရမည်ဖြစ်ပြီး အချို့ကို အင်တာနက်အွန်လိုင်းတို့တွင် ရှာဖွေရယူနိုင်ပါသည်။ နမူနာအားဖြင့် အင်တာနက်အွန်လိုင်းတွင် ဝင်ရောက်ရှာဖွေလေ့လာနိုင်သည့်Linkတို့မှာ http://www.bbc.co.uk/learningenglish/၊ https://learningenglish.voanews.com/၊ https://www.abc.net.au/education/learn-english/၊ https://learnenglish.britishcouncil.org/၊ https://www.cambridgeenglish.org/learning-english/၊ https://americanenglish.state.gov/၊ https://learnenglishteens.britishcouncil.org/တို့ဖြစ်သည်။

အချုပ်အားဖြင့် အင်္ဂလိပ်ဘာသာစကားကို မိမိဘာသာမိမိ လေ့လာခြင်းသည် အချိန်မရွေးခြင်း၊ နေရာမရွေးခြင်းစသည့် လွတ်လပ်ခြင်းများရှိနေသော်လည်း ပြင်းပြသောစိတ်ဆန္ဒမရှိလျှင်မူ မလေ့လာဖြစ်ခြင်း၊ ပျင်းရိတတ်ခြင်းတို့ကြောင့် ရည်မှန်းထားသလောက် ခရီးမပေါက်တတ်သည်ကို သတိပြုကြရမည်ဖြစ်သည်။အခြေအနေအမျိုးမျိုးကြောင့် သင်ကြားပေးသည့်ဆရာနှင့် မကြုံကြိုက်လိုက်ရသော်လည်း တတ်မြောက်လိုသည့် စိတ်ဆန္ဒပြင်းပြမည်ဆိုပါကအင်္ဂလိပ်ဘာသာစကားကို မိမိဘာသာမိမိ ဖိဖိစီးစီးနှင့် လေ့လာလေ့ကျင့်သွားလျှင် အမှန်တကယ် တတ်မြောက်လာမည်သာဖြစ်ပါကြောင်း မိမိဘာသာမိမိလေ့လာမှု(Self-study)ဖြင့် အင်္ဂလိပ်ဘာသာစကားတတ်မြောက်လိုသူများကို ရေးသားတိုက်တွန်းလိုက်ရပါသည်။

ခွန်မျတ်ရဲုင်း
Powered by Blogger.