Tuesday, February 19, 2019

နှစ်(၇၀)ပြည့် ပအိုဝ်းအမျိုးသားနေ့ပွဲတော်အတွက် အန္တရာယ်ကင်းဆွမ်းကပ်မင်္ဂလာကပ်ခြင်းနှင့် ဘောလုံးပွဲဖွင့်ပွဲ အခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက်





နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကျင်းပလျက်ရှိသော ပအိုဝ်းအမျိုးသားနေ့ပွဲတော်ကို အဆင်ပြေချောမွေ့စွာ ပြုလုပ်နိုင်ရန်အတွက် ဒီကနေ့၂၀၁၉-ခုနှစ်၊ ဖေဖော်ဝါရီလ(၁၉)ရက်၊ နံနက် (၉း၃၀)အချိန်တွင် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသား(တပေါင်း)ကွင်းတွင် နှစ်(၇၀)ပြည့် ပအိုဝ်းအမျိုးသားနေ့ပွဲတော်အတွက် အန္တရာယ်ကင်းဆွမ်းကပ်မင်္ဂလာကပ်ခြင်း၊ အန္တရာယ်ကင်းပရိတ်ကမ္မဝါရွတ်ဆိုခြင်းနှင့် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲများ  ပြုလုပ်ခဲ့ကြောင်းသိရပါသည်။

ဘောလုံးဖွင့်ပွဲအခမ်းအနားကို ပအိုဝ်းအမျိုးသားနေ့ပွဲတော်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌဖြားခွန်ဝင်းကိုမှ 'ပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအား ပြိုင်ပွဲကာလအတွင်း လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းချက်များအကြောင်း၊ ဘောလုံးကစားသမားများအနေဖြင့် နိုင်ငံတကာကို လက်လှမ်းမှီရန်အတွက် အကျင့်စာရိတ္တနှင့် လေ့ကျင့်မှုများကအစ အားလုံးပြင်ဆင်ရန်အရေးကြီးကြောင်း၊ ဘောလုံးကန်ခြင်းဖြင့် ကျန်းမာရေးအရ၊ မိမိတို့လူမျိုးနှင့် ပြည်နယ်များအတွက် အထောက်အကူဖြစ်ရန်ကြိုးစားရန်လိုအပ်ကြောင်းနှင့် နိုင်ငံလက်ရွေးစင်ဖြစ်ရန်လိုအပ်ကြောင်း' အမှာစကားပြောကြားပေးခဲ့ပါသည်။

ထို့နောက် ရှမ်းပြည်နယ်အားကစားနှင့် ကိုယ်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဆရာဦးတင်ထွန်းမှ ၎င်းတို့၏ အားကစားဦးစီးဌာန၏ချမှတ်ထားသည့် ရည်ရွယ်ချက်များနှင့် အညီစွမ်းဆောင်ချက်များအကြောင်း၊ မြန်မာနိုင်ငံဘောလုံးအသင်းအဖွဲ့ချုပ် ဒိုင်ကော်မတီ ဆရာကြီးဦးမွှေးကြိုင်တို့မှ အသီးသီးအမှာစကားပြောကြားခဲ့ကြောင်း သိရပါသည်။

ဆက်လက်ပြီး ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအဲမာမှ ပအိုဝ်းအမျိုးသားနေ့ ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌဖြားခွန်ဝင်းကိုထံသို့ အမှတ်တရာဘောလုံးပေးအပ်ခဲ့သည်။ ထို့နောက် ပွဲစဉ်(၁)အနေဖြင့် ပါလော်, (vs) KMP ပအိုဝ်;ပေ; အဖွဲ့တို့ စတင်ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယနေ့တွင် ပွဲစဉ်(၆)သင်းယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ (၂၀.၂.၂၀၁၉)ရက်နေ့မှစ၍ တစ်ရက်လျှင်ပွဲစဉ်(၁၂)သင်းဖြင့် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် အငယ်တန်းအသင်းပေါင်း(၁၀၅)သင်း ၀င်ရောက်ယှဉ်ပြိုင်ကြကြောင်းသိရပါသည်။

အဆိုပါ ဘောလုံးပွဲကို ထည့်သွင်းကျင်းပပြုလုပ်ရခြင်းမှာ  'မိမိဒေသ၊ ရပ်ရွာအတွင်း လူငယ်လူရွယ်များ ကိုယ်ကျင့်တရားကောင်းမွန်လာစေရန်၊ အားကစားများ စိတ်ဝင်စားမှုအားကောင်းလာစေရန်၊ အားကစားများစိတ်ပါဝင်စားစွာ ကြိုးစားကစားခြင်းဖြင့် မိမိတို့လူမျိုးဂုဏ်တိုးမြှင့်ပေးရုံမက ပြည်နယ်လက်ရွေးစင်နှင့် နိုင်ငံလက်ရွေးစင်များအထိ ပေါ်ပေါက်ရန်၊ ပအိုဝ်းအမျိုးသားပွဲတော်ေ န့များတွင် လူငယ်လူရွယ်များ ပါဝင်လာနိုင်ရန်နှင့် အားကစားအခန်းကဏ္ဍကို ဝင်ရောက်ကစားကြခြင်းဖြင့် ပွဲတော်တွင် ပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွှဲနိုင်ရန်' စသည့်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ကျင်းပပေးကြောင်း ဥက္ကဋ္ဌဖြားခွန်ဝင်းထံမှ သိရပါသည်။

အဆိုပါအခမ်းအနားသို့ တောင်ကြီးမြို့၊ ပအိုဝ်းစာ/ယဉ်ရုံး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ အထူးဒေသ(၆) PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)ရုံးချုပ်၊ ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ပအိုဝ်းဆေးဆရာ(PTMO)အဖွဲ့၊ ပအိုဝ်းကြက်ခြေနီအဖွဲ့၊ ပအိုဝ်းမော်(တရားဟောဆရာ)အဖွဲ့၊ အားကစားနှင့် ကိုယ်ကာယသိပ္ပံကျောင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဘောလုံးပြိုင်ပွဲဝင်အသင်းသားများနှင့် ဘောလုံးဝါသနာရှင် မိဘပြည်သူများတက်ရောက်ခဲ့ကြောင်းသိရပါသည်။

နင်;ကောဝ်;အေင်,ခေ;
Powered by Blogger.