Monday, February 25, 2019

မျက်လုံးပေါင်းတစ်ထောင်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆)ရက်


လူသားတို့၏သဘောသဘာဝသည် မွေးဖွားခြင်း၊ သေဆုံးခြင်းဖြင့် မလွန်ဆန်နိုင်သည့် သဘောသဘာဝပင်ဖြစ်ပါသည်။ လူဟုဆိုရာတွင် မမွေးဖွားခင် မိခင်ဝမ်းတွင်း၌ ကိုးလလွယ်၊ ဆယ်လပြည့်ပြီးမှသာလျှင် မွေးဖွားလာခဲ့ကြသည်။ လူသားတို့သည် မမွေးဖွားခင်ကပင် လူမှုပတ်ဝန်းကျင်အသိုင်းအဝန်း၏ မျက်လုံးပေါင်း ထောင်ပေါင်းများစွာ စောင့်ကြည့်နေကြပါသည်။ ဤကလေးသည် ကောင်းစွာမွေးဖွား လာမည်လော၊ လိမ္မာလော၊ မလိမ္မာလောဟု ပတ်ဝန်းကျင်က အစဉ်စောင့်ကြည့်နေပါသည်။ လူသားအားလုံးတို့သည် မွေးကင်းစအချိန်ကစပြီး အသက်တစ်ခု၊ ကိုယ်တစ်လုံး၊ စိတ်တစ်ခုနှင့် မွေးဖွားလာသူများဖြစ်သည်။ လူသားတိုင်းသည် မွေးဖွားလာပြီးနောက် မိမိတို့၏ဘဝအနာဂါတ်လှပစွာ ဖန်တီးအသက်ရှင် နေထိုင်နိုင်ရန် ငယ်စဉ်ဘဝကပင် အသိပညာ၊ အတတ်ပညာမျိုးစုံးတို့ကို လေ့လာဆည်းပူးခဲ့ကြသည်။

အသိပညာ၊ အတတ်ပညာများသင်ယူပြီးစီးပြီးနောက် မိမိဘဝရပ်တည်နိုင်ရေးအတွက် လုပ်ငန်းခွင် အသီးသီးသို့ ဝင်ရောက်လာခဲ့ကြပါသည်။ တစ်နည်းဆိုရမည်ဆိုလျှင် လူမှုဆက်ဆံရေးလောကသို့ ဝင်ရောက်လာခြင်းဖြစ်သည်။ ထိုသို့ဝင်ရောက်ရာတွင် အစိုးရဌာနဆိုင်ရာကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ အဖွဲ့အစည်းကဏ္ဍ၊ စီးပွားရေးအခန်းကဏ္ဍစသည်ဖြင့် ကဏ္ဍအသီးသီးသို့ တာဝန်ထမ်းဆောင်လာကြပါသည်။ ဘဝပေးကုသိုလ်ကံကောင်း၍ မိဘနှစ်ပါး၏ ကျောထောက်နောက်ခံကောင်းသည့် ပုဂ္ဂိုလ်များသည် အဆင့်အတန်းမြင့်မားစွာဖြင့် ဘဝကိုအဆင်ပြေစွာနေထိုင်နေကြရပါသည်။ ထိုကဲ့သို့ ကဏ္ဍအသီးသီးသို့ ဝင်ရောက်လာသည့်လူသားတို့သည် ပတ်ဝန်းကျင်ရှိ မျက်လုံးပေါင်းတစ်ထောင်မက စောင့်ကြည့်နေမှုကို လက်ခံရရှိမည်မှာ ဧကန်ပင်ဖြစ်သည်။

ပတ်ဝန်းကျင်မှ မျက်လုံးပေါင်းမြှောက်များစွာဖြင့် သင့်ကိုစောင့်ကြည့်နေမှုသည် အဓိပ္ပာယ်အမျိုးမျိုးဖြင့် တွေ့မြင်နိုင်မည်ဖြစ်သည်။ သင်သည်မည်သည့်ကဏ္ဍတွင်မဆို တာဝန်ထမ်းဆောင်မည်ဆိုလျှင် တာဝန်ယူ၊ တာဝန်ခံမှုရှိရန် မိမိကိုယ်မိမိကြိုးစားရမည်ဖြစ်သည်။ လူတို့၏သဘောသဘာဝအတိုင်း “သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်” ဆိုသည့်စကားပုံအတိုင်း အရွယ်ရောက်ပြီး အိမ်ထောင်သည်ဘဝသို့ ရောက်ရှိချိန် မိသားစုတာဝန်ထမ်းဆောင်ရာတွင်လည်း လောကပါလတရားမှချမှတ်ထားသည့် ကျင့်ဝတ်များ၊ ဝတ္တရားများကို လူတိုင်းကျရာအခန်းကဏ္ဍတွင် တာဝန်ကျေပွန်စွာ လိုက်နာကျင့်သုံးမှသာလျှင် သင့်ကိုစောင့်ကြည့်နေသည့် ထောင်ပေါင်းများစွာသောမျက်လုံးတို့သည် ကောင်းသောရှုထောင့်မှ မြင်နိုင်မည်ဖြစ်သည်။

အထူးသဖြင့် အရွယ်ရောက်ပြီး ဝန်ထမ်းလောကသို့ ဝင်ရောက်တာဝန်ထမ်းဆောင်မည်ဆိုပါက ဝန်ထမ်းများအတွက် ဝန်ထမ်း(၄)မျိုးရှိသည်ကို သိရှိထားရမည်ဖြစ်သည်။ ထိုဝန်ထမ်း(၄)မျိုးတို့သည် (၁) တာဝန်ရှောင်ဝန်ထမ်း၊ (၂) တာဝန်ကျေဝန်ထမ်း၊ (၃) တာဝန်သိဝန်ထမ်း၊ (၄) ခေါင်းဆောင်စိတ်ဝန်ထမ်းဟူ၍ ဖြစ်ပြီး မိမိသည် မည်သည့်ဝန်ထမ်းအမျိုးအစားတွင် ပါဝင်သည်ကို မိမိကိုယ်မိမိသိရှိရန်လိုအပ်ပေသည်။ သင်သည် ကဏ္ဍအသီးသီးမှ ဝန်ထမ်းလောကသို့ တာဝန်ထမ်းဆောင်နေမည်ဆိုလျှင် တာဝန်ရှောင်ဝန်ထမ်းနှင့် တာဝန်ကျေဝန်ထမ်းမျိုးသာ တာဝန်ထမ်းဆောင်မည်ဆိုပါက သင့်ပတ်ဝန်းကျင်တွင် စောင့်ကြည့်နေသည့် မျက်လုံးပေါင်းထောင်ကျော်တို့သည် Negative (အပျက်သဘောဆောင်သော)စောင့်ကြည့်မှုမျိုးဖြစ်လာပါမည်။ လူသားတို့၏ သဘောသဘာဝအတိုင်း သင်ကောင်းတာလုပ်လျှင် ချီးကျူးခံရမည်၊ မကောင်းမှုလုပ်ခြင်း၊ တာဝန်ကျေပွန်မှုမရှိခြင်း၊ အဖွဲ့အစည်း(သို့မဟုတ်) ဌာနများ၏ ဂုဏ်သိက္ခာကို ကျရှုံးအောင်ပြုလုပ်မည်ဆိုလျှင် ရလာမည့်ရလဒ်သည် သင့်ကိုဝေဖန်မည်၊ ကဲ့ရဲ့မည်၊ လစ်လျူရှုမည်မှာ လောကတွင်ဖြစ်တတ်သည့် သဘောသဘာဝတရားပင်ဖြစ်သည်။

ထို့ကြောင့် ကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်မည့် လူသားတိုင်းများအနေဖြင့် အဖွဲ့အစည်း (သို့မဟုတ်) ဌာနအသီးသီး၏ အထက်ပုဂ္ဂိုလ်များပေးအပ်သည့်တာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ပြီး မိမိကိုယ်မိမိတိုးတက်အောင်လုပ်ဆောင်ရန်လိုအပ်ပေသည်။ မိမိကြောင့် ဌာနလုပ်ငန်းများ နှောင့်နှေးစေခြင်း၊ အထက်ပုဂ္ဂိုလ်များအပေါ် အခက်တွေ့အောင်ပြုလုပ်ခြင်းနှင့် မိမိတာဝန်ယူနေသည့် လုပ်ငန်းများအပေါ် ဖြစ်ပေါ်လာသည့်ပြဿ     နာများကိုလည်း တာဝန်ယူ၊ တာဝန်ခံနိုင်မှုရှိရမည်ဖြစ်သည်။ သို့မှသာ သင်၏ပတ်ဝန်းကျင်တွင်စောင့်ကြည့်နေသည့် မျက်လုံးပေါင်းတစ်ထောင်သည်လည်း သင့်အပေါ်တွင် Positive (အပြုသဘောဆောင်သော) အကြည့်မျိုးကို သင်ရရှိနိုင်မည်ဖြစ်သည်။

ခွန်စွစ်ခမ်း၊ တောင်;ကီ
Powered by Blogger.