Friday, March 1, 2019

သက်ဆိုင်ရာမဲဆန္ဒရှင်မိဘပြည်သူများသိရှိနိုင်စေရန်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မတ်လ(၁)ရက်


ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၉)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေမေးမြန်းသည့် ကြယ်ပွင့်မပြမေးခွန်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန၏ ပြန်လည်ဖြေကြားချက်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ပင်တွန် - ထီခွ - နမ်းပါတက် - တောင်ကြီးမြို့နယ်နိမိတ်အဆုံးထိအရှည်(၆)မိုင် (၄)ဖာလုံသည် လမ်းနယ်မြေခွဲဝေပိုင်းခြားမှုအရ နယ်စပ်ရေးရာဝန်ကြီးဌာနမှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပြီးဆီဆိုင်မြို့နယ်နိမိတ်အစမှ နမ့်ငိုင်း - နမ့်ပေါ်လိတ်ကျေးရွာနှင့် ဆိုက်ခေါင်စံပြကျေးရွာသို့ ဆက်သွယ်သည့် (KFW လမ်းဆုံးအထိ) အရှည်(၃)မိုင် (၄)ဖာလုံသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသောလမ်း ဖြစ်ပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ရမည့် ပင်တွန် - ထီခွ - နမ်းပါတက် - တောင်ကြီးမြို့ နယ်နိမိတ်အဆုံးအရှည်(၆)မိုင် (၄)ဖာလုံအားမြေသားလမ်းအဖြစ် အဆင့်မြင့်တင်ဆောင်ရွက်မည်ဆိုပါက Box Culvert (၅)စင်း၊ (၁၅)ပေကွန်ကရစ်တံတား(၁)စင်းတို့ ထည့်သွင်းတည်ဆောက်ရမည်ဖြစ်ပြီးကျေးရွာ(၉)ရွာ၊ အိမ်ခြေ(၈၇၆)အိမ်၊ လူဦးရေ(၄၄၀၀)ခန့်တို့အားအကျိုးပြုမည်ဖြစ်ပါသဖြင့် အဆိုပါမြေသားလမ်းအားအဆင့်မြင့်တင်ဆောင်ရွက်နိုင်ရန်အတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွင် လမ်းပိုင်းအလိုက် ထည့်သွင်းလျာထားတင်ပြသွားမည် ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းသိရှိရပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် ဆီဆိုင်မြို့ နယ်နိမိတ်အစမှ နမ့်ငိုင်း - နမ့်ပေါ်လိတ်ကျေးရွာနှင့် ဆိုက်ခေါင်စံပြကျေးရွာသို့ ဆက်သွယ်သည့် (KFW လမ်းဆုံးအထိ) လမ်းပိုင်းအားအဆင့်မြင့်တင်ဆောင်ရွက်ရန် လိုအပ်လျက်ရှိသဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလများ၌ ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားသွားမည် ဖြစ်ပါ သည်။

သို့ဖြစ်ပါ၍ ပင်တွန် - ထီခွ - နမ်းပါတက် - တောင်ကြီးမြို့ နယ်နိမိတ်အဆုံးထိ (၆)မိုင် (၄)ဖာလုံ သည် လမ်းနယ်မြေခွဲဝေပိုင်းခြားမှုအရ နယ်စပ်ရေးရာဝန်ကြီးဌာနမှ စီမံခန့်ခွဲသည့်လမ်းနှင့် ဆီဆိုင်မြို့ နယ်နိမိတ်အစမှ နမ့်ငိုင်း - နမ့်ပေါ်လိတ်ကျေးရွာနှင့် ဆိုက်ခေါင်စံပြကျေးရွာသို့ ဆက်သွယ်သည့် (KFW လမ်းဆုံအထိ) အရှည်(၃)မိုင် (၄)ဖာလုံတို့အား နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာနတို့မှ ဌာနအလိုက် လမ်းပိုင်းအလိုက် ဘဏ္ဍာငွေတည့်သွင်းလျာထားပြီးရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းဝန်ကြီးဌာန၏ ပြန်လည်ရှင်းလင်းဖြေကြားမှုအပေါ် သိရှိနိုင်ရန် ထပ်ဆင့်မျှဝေတင်ပြလိုက်ရပါသည်။

လွှတ်တော်ရေးရာဌာန
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)
ဗဟိုဌာနချုပ်ရုံး
Powered by Blogger.