တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၄)ရက်
ပအိုဝ်းတိုင်းရင်းသားတို့သည် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ပျံ့နှံ့နေထိုင်လျက်ရှိကာ လူဦးရေအားဖြင့် အတော်အသင့်များပြားပြီး စည်းလုံးညီညွတ်မှုသည်လည်း အားကောင်းလှသောကြောင့် မြန်မာနိုင်ငံတွင် မျက်နှာပန်းလှသော လူမျိုးအဖြစ်အများက ချီးကျူးဂုဏ်ပြုပြောကြားလေ့ ရှိကြပါသည်။ ခေတ်အဆက်ဆက်မှ ယနေ့ထိတိုင် စိုက်ပျိုးရေးကိုအခြေခံ၍ စားဝတ်နေရေးပြဿ နာကို အေးအေးလူလူ ဖြေရှင်းကြသူမျာဖြစ်ပြီး အခြားသော ညီနောင်တိုင်းရင်းသားများနှင့်လည်း ချစ်ချစ်ခင်ခင်၊ ရင်းရင်းနှီးနှီးနှင့် သဟဇာတရှိစွာ အတူယှဉ်တွဲ နေထိုင်ကြသူများဖြစ်သည်။
မြန်မာနိုင်ငံတွင် အလုပ်အကိုင်ကြပ်တည်းမှုကြောင့် နေရပ်စွန့်ခွာ နိုင်ငံရပ်ခြားသို့ သွားရောက် အလုပ်လုပ်ကိုင်မှုပမာဏ ထုထည်ကြီးမားလှသည်။ ယခင်အစိုးရခေတ်အဆက်ဆက်ကတည်းကပင် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံများသို့ မြန်မာနိုင်ငံသားများ သွားရောက်အလုပ်လုပ်ကိုင်သည့်ခေတ်ရှိခဲ့သည်။ ၂၀၁၅ ပြည်သူ့အစိုးရတက်လာချိန်တွင် အဆိုပါ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံများ သွားရောက်အလုပ်လုပ်ကိုင်သည့်ခေတ် ကုန်ဆုံးသွားပြီဟုအများက ထင်ကြေးပေးခဲ့ကြသေးသည်။ အဘယ်ကြောင့်ဆိုသော် အစိုးရသစ်တစ်ရပ်ဖြစ်သော ပြည်သူ့အစိုးရအနေဖြင့် ပြည်သူလူထုများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု အများက ယုံကြည်ခဲ့ကြခြင်းပင် ဖြစ်သည်။
နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသူများသည် အခြေခံလူတန်းစားများနှင့် စိုက်ပျိုးတောင်သူများဖြစ်သည်။ မြန်မာနိုင်ငံတွင် အလုပ်အကိုင်ရှားပါး၍ သော်လည်းကောင်း၊ စိုက်ပျိုးရေးထွက်ကုန်များ ဈေးကွက်မရှိ၍ သော်လည်းကောင်းစသည့် အကြပ်အတည်းများကြောင့် နိုင်ငံခြားထွက် အလုပ်လုပ်ကိုင်ကြရခြင်းဖြစ်သည်။ နိုင်ငံခြားထွက် သွားရောက်အလုပ်လုပ်ကိုင်ကြသူများတွင် ပအိုဝ်းလူမျိုး များလည်း အများအပြား ပါဝင်သည်။ ယခင်ကလည်း ထွက်ခဲ့ကြသည်။ ယခုလည်း ထွက်ဆဲပင်ဖြစ်သည်။ လျော့မသွားသည့်တိုင် ပို၍ပင် နိုင်ငံရပ်ခြားသို့ အထွက်နှုန်း များပြားလာသည်။
ပအိုဝ်းတိုင်းရင်းသားများအနေဖြင့် ထိုသို့ နိုင်ငံခြားထွက် သွားရောက်အလုပ်လုပ်ကိုင်ခြင်းသည် ပအိုဝ်းအမျိုးသားရေးအတွက် ကောင်းသည့်လက္ခဏာရပ်မဟုတ်သည့်တိုင် လက်ရှိအနေအထားတွင် အမျိုးသားရေးအတွက် စိုးရိမ်ရေမှတ်တစ်ခုအထိ ရောက်ရှိလာပြီ ဖြစ်သည်။ နိုင်ငံခြားတွင် ပအိုဝ်းလူမျိုးသိန်းဂဏန်းရှိသည်။ အဆိုပါအရေအတွက်တွင် တရားဝင်စွာဖြင့် ထွက်ကြသူများ ထောင်ဂဏန်းမျှသာရှိသည်။
၂၀၁၅ အလွန်တွင် ပြည်သူလူထုများ မျှော်မှန်းထားသည့်အတိုင်း ဖြစ်မလာခဲ့ပေ။ ပြည်သူလူထုများ ကြပ်တည်းဆဲ ကြပ်တည်းမြဲ၊ လုပ်ရကိုင်ရ ခက်ခဲဆဲ ခက်ခဲမြဲဖြစ်သည်။ နိုင်ငံခြားထွက်သွားခဲ့ကြသူများ ပြန်မလာသည့်တိုင် ပို၍တိုးလို့ပင် ထွက်သွားကြသည်။ နိုင်ငံခြားထွက် အလုပ်လုပ်ကိုင်နေကြသူများကို မည်သည့်အဖွဲ့အစည်းမှ မဆိုထားနှင့် အစိုးရပင် ပြန်လာနိုင်အောင် ယနေ့တိုင် စွမ်းဆောင်မှုမပြုနိုင်သေးပါ။ ကျေးလက်ဒေသများတွင် တစ်ရက်ပြီးတစ်ရက် အထွက်တိုးလျက်ရှိနေသည်။
နိုင်ငံခြားသို့ ထွက်လည်း ထွက်ချင်စရာပင် ဖြစ်သည်။ ယနေ့ ကျေးလက်ဒေသတွင် စိုက်ပျိုးရေးထွက်ကုန်များ ဈေးကွက်မရှိခြင်း၊ ဈေးကွက်ပျက်ဆီးနေခြင်းသည် နိုင်ငံခြားသို့ ထွက်ခွါရန် အဓိကတွန်းအား ဖြစ်စေခဲ့သည်။ အစိုးရအနေဖြင့်လည်း ပုံမှန်ဈေးကွက်များ ပုံဖော်ပေးနိုင်ခြင်းမရှိသည့်တိုင် နိုင်ငံခြားစိုက်ပျိုးရေးထွက်ကုန်များကို တင်သွင်းခွင့်ပြုခြင်းတို့ကြောင့်လည်း ကျေးလက်နေတောင်သူများအတွက် ပို၍ပင် အခြေအနေဆိုးရွားစေပြီး နိုင်ငံခြင်းထွက်ခြင်းကို လမ်းစခင်းပေးသကဲ့သို့ ဖြစ်စေခဲ့ပါသည်။
နိုင်ငံခြားထွက် အလုပ်လုပ်ကိုင်ခြင်းသည် မြန်မာနိုင်ငံအတွက် မည်ကဲ့သို့သော အကျိုးအမြတ်များ ထွက်ပေါ်စေသနည်း၊ မည်ကဲ့သို့သော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသနည်း စသည့် မေးခွန်းများကို လက်ရှိအစိုးရအနေဖြင့် အဖြေရှာရန်လိုသည်။ နိုင်ငံခြားကို အထင်ကြီးသည့် စိတ်အခံ(Mind-Set)ကို ပြတ်တောက်သွား အောင် လုပ်နိုင်ရန် လိုသည်။ လုပ်နိုင်ရန်အတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးရမည်။ စိုက်ပျိုးရေးထွက်ကုန်များကို ခိုင်မာသည့် ပုံမှန်ဈေးကွက်တစ်ခု ဖန်တီးပေးရမည်။ စိုက်ပျိုးရေးထွက် နိုင်ငံခြားသွင်းကုန်များကို ပိတ်ပင်ပေးရမည်။
နိုင်ငံခြားထွက် အလုပ်လုပ်ရာတွင် ကျေးလက်နေစိုက်ပျိုးရေးလုပ်ကိုင်နေသော တောင်သူများနှင့် အခြေခံလူတန်းစားများမှ အများဆုံးဖြစ်သည်။ အလယ်အလတ်လူတန်းစားနှင့် အထက်တန်းလွှာလူတန်းစားများ မပါပါ။ အဓိကမှာ အလုပ်အကိုင်ကြပ်တည်းခြင်းနှင့် စိုက်ပျိုးရေးသွင်းအားစုများ ဈေးကြီးပြီး ထွက်ပေါ်လာသည့် စိုက်ပျိုးရေးထွက်ကုန်များမှာ ပုံမှန်ဈေးကွက်များ မရှိခြင်းတို့ကြောင့် ထွက်ပေါက်ရှာ၍ နိုင်ငံခြားထွက်ခြင်းဖြစ်သည်။ အလုပ်အကိုင်ဖော်ဆောင်ပေးခြင်းနှင့် စိုက်ပျိုးရေးထွက်ကုန်များကို ခိုင်မာသည့် ပုံမှန်ဈေးကွက်များ ဖော်ဆောင်ပေးရန် အရေးကြီးသည်။
လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံခြားထွက် အလုပ်လုပ်ကိုင်ခြင်းပြဿ နာသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကြီးမားသောရိုက်ခတ်မှုများ ဖြစ်ပေါ်လာမည်။ ၂၀၁၅ တွင်လည်း ဖြစ်ပေါ်ခဲ့ပြီး ဖြစ်သည်။ စာရေးသူတို့၏ ပအိုဝ်းဒေသများတွင်လည်း ထိခိုက်နစ်နာမှုများ အများအပြားဖြစ်ပေါ်လာမည်မှာ အသေအချာပင် ဖြစ်သည်။
ပအိုဝ်းလူမျိုးတို့၏ ဦးနှောက်ယိုယွင်းမှုများထုထည်သည် ကြီးမားလှသည်။ ဤသည်များကို လျော့ချနိုင်ရန် အစိုးရ၏ အစီအမံများအပေါ်တွင် များစွာမူတည်သည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အားကောင်းသည် မကောင်းသည်ကို ရွေ့ပြောင်းလုပ်သား(Migrant) မည်မျှရှိသည်နှင့် အကဲဖြတ်တိုင်းတာနိုင်သည်။ ထို့ကြောင့် ဦးနှောက်ယိုယွင်းမှုများကို လျော့ချနိုင်ရန်အတွက် အစိုးရအနေဖြင့် ပိုမိုအားကောင်းသော အစီအမံများ၊ ပေါ်လစီများ ချမှတ်ပြီး ပြည်သူလူထုများအား ပိုမို၍ အကာအကွယ်ပြုနိုင်ရန်အတွက် ဤဆောင်းပါးတိုအား ရေးသားတင်ပြလိုက်ပါသည်။
Kka Sp
Like On Facebook
Follow On Twitter
Subscribe On RSS