Wednesday, June 12, 2019

ဘဝတက်လမ်းအတွက် ပတ်ဝန်းကျင်ကောင်းကို ရွေးချယ်တတ်စေလို

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၃)ရက်


ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံသည် နေ့စဉ်စားသောက်နေသည့် အစားအစာများကြောင့် ပုံပန်းသဏ္ဍာန် ပြောင်းလဲလာသည်။ အမြဲတမ်းအချိုများ၊ အဆီအဆိမ့်များကို စားနေသောသူသည် ဝဖီးလာကြသည်။ အာဟာရမပါသည့် အစားအသောက်များကိုသာ အမြဲစားနေသူများ၏ ခန္ဓာကိုယ်သည်လည်း ပိန်လှီချုံးကျနေသည်။ အာဟာရဓာတ်ပြည့်ဝသည့် အစားအသောက်ကို မျှမျှတတစားသောက်တတ်သူ၏ ခန္ဓာကိုယ်သည် မပိန်မဝနှင့် ကြည့်ကောင်းနေပါသည်။

ထိုနည်းတူ ကျွန်ုပ်တို့၏စိတ်ကို စိတ်အစာကျွေးသည့်အပေါ်မှာ မူတည်ပြီး စိတ်အခြေအနေသည် ပြောင်းလဲနေပါသည်။ စိတ်အစာကောင်းကို စားနေသူ၏စိတ်အခြေအနေသည် ကောင်းမွန်နေမည်ဖြစ်သည်။ မကောင်းသည့် စိတ်အစာကို စားနေရသူ၏ စိတ်အခြေအနေသည် ကောင်းမွန်မည်မဟုတ်ပေ။ စိတ်အခြေအနေဆိုသည်မှာ ပျော်ရွှင်ခြင်း၊ စိတ်ချမ်းသာခြင်း၊ ကျေနပ်နှစ်သိမ့်ခြင်း၊ စိတ်အားတက်ကြွနေခြင်း စသည်များနှင့် ပြည့်စုံနေသည်ကို ဆိုလိုသည်။ သို့သော် စိတ်အစာဆိုတာဘာလဲ? စိတ်အစာကို စားသောက်ဆိုင်မှာ ဝယ်၍ မရပေ။ ဆေးဆိုင်၊ စတိုးဆိုင်၊ ကုန်တိုက်များမှာလည်း ဝယ်၍မရပေ။ ဆိုလိုသည်မှာ စိတ်အစာသည် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်ပင်ဖြစ်သည်။

ပတ်ဝန်းကျင်ကြောင့် ကျွန်ုပ်တို့၏ အကျင့်၊ စိတ်နေသဘောထား ပင်ကိုစရိုက်များ ပြောင်းလဲလာကြသည်။ အကယ်၍ ကျွန်ုပ်တို့သည် ယခုလက်ရှိနိုင်ငံမှာ မမွေးဖွားခဲ့ပဲ အခြားနိုင်ငံတစ်ခုမှာ မွေးဖွားခဲ့မည်ဆိုလျှင် အခုအချိန်မှာ ကျွန်ုပ်တို့မည်သည့်အစားအစာမျိုး စားသုံးနေမည်နည်း? မည်သည့် အဝတ်အစားမျိုး ဝတ်ဆင်နေမည်နည်း? မည်သည့်ဖျော်ဖြေမှုကို နှစ်သက်သဘောကျနေမည်နည်း? မည်သည့်အလုပ်အကိုင်မျိုး လုပ်ကိုင်နေမည်နည်း?  မည်သည့်ဘာသာကို ကိုးကွယ်နေမည်နည်း? ၄င်းအဖြေများသည် ကျွန်ုပ်တို့မှန်အောင် ဖြေချင်မှ ဖြေနိုင်ပါလိမ့်မည်။ သို့သော် သေချာတာတစ်ခုက ကျွန်ုပ်တို့ လက်ရှိအခြေအနေနှင့် လုံးဝတူမှာ မဟုတ်ပေ။ ကျွန်ုပ်တို့သည် ကွဲပြားခြားနားသည့် ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုအောက်၌ ကျရောက်သွားခြင်းဖြစ်သည်။ ပတ်ဝန်းကျင်ပြောင်းလဲလျှင် ကျွန်ုပ်တို့လည်း ပြောင်းလဲသွားလိမ့်မည်။

ကျွန်ုပ်တို့ ယခုပြောဆိုနေပုံ၊ ပြုမူလှုပ်ရှားနေပုံ၊ တွေးတောနေပုံများသည် ကျွန်ုပ်တို့ပတ်ဝန်းကျင်အသိုင်းအဝိုင်းများ၊ မိဘများအပါအဝင် အတုယူခဲ့ကြခြင်းကြောင့် ဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့မှာ မကောင်းမြင်စိတ်ရှိသူများနှင့် ပေါင်းနေလျှင် မိမိမှာလည်း အရာရာကို မကောင်းမြင်စိတ်ရှိသူ ဖြစ်သွားပါလိမ့်မည်။ အရေးမပါသော အရာလုပ်တတ်သူများနှင့် ပေါင်းနေလျှင် ကျွန်ုပ်တို့မှာလည်း အရေးမပါသည့် အရာများလုပ်တတ်သူ ဖြစ်ပါလိမ့်မည်။ အကယ်၍ အကြံအစည်ကြီးတွေးကြံတတ်သူနှင့် ပေါင်းနေလျှင် မိမိမှာလည်း အကြံအစည်ကြီးတွေးကြံတတ်သူ ဖြစ်ပါလိမ့်မည်။ ရည်မှန်းချက်ကြီးထားတတ်သူနှင့်ပေါင်းလျှင် မိမိမှာလည်း ရည်မှန်းချက်ကြီးတတ်သူ ဖြစ်ပါလိမ့်မည်။

စိတ်ပညာရှင်များက ပြောကြသည်။ ယနေ့ မိမိတို့မှာ ဖြစ်ပေါ်နေသော စိတ်နေသဘောထား၊ ရည်မှန်းချက်၊ လက်ရှိအလုပ်အကိုင်၊ ရာထူးအဆင့်များသည်  ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်ကြောင့် ဖြစ်သလို ကျွန်ုပ်တို့၏ နောင်လာမည့် ၁နှစ်၊ ၅နှစ်၊ ၁၀နှစ်၊ အနှစ်၂၀ ဖြစ်နေမည့် အခြေအနေများသည် ထိုအချိန်ရောက်ပါက ကြုံတွေ့မည့် အနာဂတ်ပတ်ဝန်းကျင်များအပေါ်မှာ မူတည်ပါလိမ့်မည်။ ဆိုလိုခြင်းသည် ကျွန်ုပ်တို့နေထိုင်သည့် ပတ်ဝန်းကျင်ကောင်းလျှင် ကျွန်ုပ်တို့အနာဂတ်ဘဝလည်း ကောင်းမည်။ အနာဂတ်ပတ်ဝန်းကျင် မကောင်းလျှင် အနာဂတ်ဘဝလည်း ကောင်းမွန်မည်မဟုတ်ပေ။ ထို့ကြောင့် အနာဂတ်ဘဝကောင်းမွန်စေရန် ပတ်ဝန်းကျင်ကောင်းကို ရွေးချယ်တတ်ဖို့ လိုအပ်ပေသည်။

တစ်နည်းအားဖြင့် ဆိုရလျှင် ကျွန်ုပ်တို့ ငယ်စဉ်ကတည်းက ရည်မှန်းချက်ကိုယ်စီရှိကြသည်။ ကျွန်ုပ်တို့ ကြီးလာသည့်အချိန်တွင် အိပ်မက်ကိုယ်စီ ရည်မှန်းချက်ကိုယ်စီရှိကြသည်။ အလုပ်အကိုင်လိုချင်ကြသည်။ ခေါင်းဆောင်ဖြစ်ချင်ကြသည်။ အောင်မြင်ကျော်ကြားသည့်သူများ ဖြစ်ချင်ကြသည်။ ချမ်းသာကြွယ်ဝသူ ဖြစ်ချင်ကြသည်။ ထိပ်ဆုံး၊ အကောင်းဆုံး ရယူချင်ကြသည်၊ လိုချင်ကြသည်။ လိုချင်ဖြစ်ချင်သည်ကို ကြီးလာသည့်အခါ မုချဖြစ်ရမည်ဟု ယုံကြည်ကြသည်။ ကျွန်ုပ်တို့ ကြီးပြင်းလာသည့် အရွယ်ရောက်လာသည့်အခါ မိမိအကြံ အောင်မြင်ပါ့မလား? ဖြစ်နိုင်ပါ့မလား? ဟု တွေးထင်ကြ၊ ပြောကြသည်။ ထိုစကားများကို အဖန်တလဲလဲ ကြားနေရသည်။ ထိုစကားများသည် အားပေးစကားဟုတ်မဟုတ်ဆိုသည်ကို စဉ်းစားကြရမည်။ ၄င်းပတ်ဝန်းကျင်မှာ ကြီးပြင်းလာသူများသည် ဘဝမှာ အောင်မြင်မှုရကြမည် မဟုတ်ပေ။ အောင်မြင်မှုရချင်သူများက ကောင်းသည့် ပတ်ဝန်းကျင်ကိုသာ လိုအပ်ကြလိမ့်မည်။ မကောင်းသည့် ပတ်ဝန်းကျင်၏ လွှမ်းမိုးမှု မခံရအောင် နေသင့်သည်ကို လက်ခံရမည်။

သို့သော် လက်တွေ့ဘဝမှာ ကျွန်ုပ်တို့သည် မည်သည့်ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုအောက်မှာ ရောက်နေသည်ကို သိရခက်ပေသည်။ အဘယ်ကြောင့်ဆိုသော် ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုသည်နေ့စဉ် မသိမသာ ဖြစ်နေ၍ ကျွန်ုပ်တို့ ဂရုပြုမိမှာ မဟုတ်ပေ။ မကောင်းမြင်စိတ်ရှိသူ၏ ပတ်ဝန်းကျင်ကို ဝေးဝေးက ရှောင်ရန်လိုအပ်သည်။ မကောင်းမြင်စိတ်ရှိသူများသည် ကျွန်ုပ်တို့ အောင်မြင်မှုရအောင် ကြိုးစားနေသည့် အကြံများကို နည်းအမျိုးမျိုးနှင့် နှောင့်ယှက်ဖျက်ဆီးကြပါလိမ့်မည်။ ထိုသူများသည် နေရာတကာမှာ ရှိနေကြပြီး အခြားသူများ၏ တိုးတက်ရာ တိုးတက်ကြောင်း ရှာကြံနေသည်ကို ဖျက်ဆီးလိုက်ရမှ ကျေနပ်သဘောကျနေတတ်သည်။ ထို့ကြောင့် မကောင်းမြင်စိတ်ရှိသူများကို ကျွန်ုပ်တို့ အောင်မြင်မှုရရန် အကြံအစည်ကိုဖျက်ဆီးရန် အခွင့်အရေးမပေးပါနှင့် သတိထားရှောင်ကြဉ်ရန် လိုအပ်ပေသည်။

တချို့မကောင်းမြင်စိတ်ရှိသူများသည် သူတို့၏ အားနည်းချက်ကို ဖုံးကွယ်ထားကြပြီး အလုပ်ထဲမှာ ကြိုးစားနေသူများ ကြိုးစားချင်စိတ် လျော့နည်းသွားအောင်လုပ်တတ်ကြသည်။ ထိုသူတို့သည် ရည်မှန်းချက်ကြီးထားကြသူများကို ပြက်ရယ်ပြုကြသည်။ နည်းအမျိုးမျိုးနှင့် စိတ်ပျက်အောင် လုပ်ကြလိမ့်မည်။ ကျွန်ုပ်တို့ ဘဝမှာ အောင်မြင်မှုရရန် ရည်မှန်းထားသူတစ်ယောက်ဖြစ်ပါက ထိုသူများရှိကြသည့် အုပ်စုကို သတိထားရန် လိုအပ်မည်။ ထိုအုပ်စုထဲသို့ ရောက်မသွားအောင် ရှောင်ကြဉ်နိုင်ရမည်။ ထိုအုပ်စု အသိုင်းအဝိုင်းထဲသို့ ရောက်နေပါက အချိန်မနှောင်းခင် အမြန်ဆုံး ရုန်းထွက်တတ်ရမည်။ ကျွန်ုပ်တို့ ထိပ်ဆုံးကို တက်လှမ်းရန် ကြိုးစားနေချိန်မှာ ထိုအုပ်စုထဲရှိလူများက ကျွန်ုပ်တို့ကို အောက်သို့ဆွဲချပါက မခံပါနှင့်။ ကျွန်ုပ်တို့သည် ထိပ်ဆုံးကို တက်လှမ်းရန်ကြိုးစားနေပါက အခက်အခဲများကြားမှ အောင်မြင်မှုရလာသော သူ၊ ကြိုးစားနေသောသူများနှင့်သာ ပေါင်းပြီး အတူတူ လျှောက်လှမ်းသင့်သည်။ ကျွန်ုပ်တို့ဘဝတိုးတက်အောင်မြင်မှုလိုလားသည့် ပတ်ဝန်းကျင်ကို ရွေးပေါင်းတတ်လျှင် ကျွန်ုပ်တို့ဘဝတိုးတက်အောင်မြင်မှုများ ရရှိလာပါမည်။ ထို့ကြောင့် ပတ်ဝန်းကျင်၏လွှမ်းမိုးမှုအောက်မှာ ကျွန်ုပ်တို့၏အောင်မြင်မှုကို ပေးသည့်ပတ်ဝန်းကျင်ကောင်းကို ရွေးချယ်တတ်ရန် အကြံပြုအပ်ပါသည်။

နင်,တဲုင်ဗန်သွောင်း(ခမ်းစန္တာ;)
Powered by Blogger.