Monday, July 29, 2019

လူကြီးများ၏လမ်းညွန်မှုနှင့် ဒီမိုကရေစီအတွေး

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၃၀)ရက်


ကျွန်ုပ်တို့ပအိုဝ်းလူမျိုးများသာမက မြန်မာနိုင်ငံတွင် မွေးဖွားသောတိုင်းရင်းသားညီအစ်ကိုမောင်နှမ များအားလုံးသည် တိုင်းရင်းသားလူမျိုးအလိုက် မိမိရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ နေထိုင်မှုစနစ်၊ ဘာသာတရားအလိုက် ကိုးကွယ်ယုံကြည်မှု၊ သွားလာနေထိုင်မှု၊ ပြောဆိုဆက်ဆံမှု စသည့်အစဉ်အလာ အတိုင်း မိမိစရိုက်လက္ခဏာများနှင့်သာ ရှင်သန်နေထိုင်ခဲ့ကြသည်ကို လူတိုင်းတွေ့မြင်နိုင်ကြပေသည်။

မိမိတို့ပအိုဝ်းလူမျိုးများသည် မိမိတို့၏မျိုးရိုးစဉ်ဆက်က ကျင့်သုံးနေထိုင်ပြောဆိုနေသော စရိုက်လက္ခဏာအတိုင်း ဆက်လက်ကျင့်သုံးနေသည်။ ယခုမိမိတို့သည်လည်း ဘိုးဘေးဘီဘင် အဆင့်ဆင့်က ကျင့်သုံးနေသော စရိုက်လက္ခဏာအတိုင်းထိန်းသိမ်းကျင့်သုံးနေသကဲ့သို့ နောင်လာမည့်မျိုးဆက်သစ် လူငယ်များကလည်းဆက်လက်ကျင့်သုံးနေမည်ဖြစ်သည်။ ထိုသို့ကျင့်သုံးနေသည်ဆိုသည်ကို အတင်းအဓမ္မ ကျင့်သုံးစေ၍ ဖိနှိပ်ချုပ်ခြယ်ခြင်း၊ တွန်းအားပေးခြင်းမျိုးသဘောမထားဘဲ မိမိတို့ရိုးရာယဉ်ကျေးမှုကို ဆက်လက်ကျင့်သုံးခြင်း၊ ထိန်းသိမ်းခြင်း၊ မိဘများ၏တာဝန်ဝတ္တရား(၅)ပါးတွင်ပါရှိသော “ကောင်းရာညွန်လျက်၊ ပေးဝေနှီးရင်း ” ဟူသောသဘောဖြင့် မိမိတို့၏သားသမီးမျိုးဆက်များကို သွန်သင်ဆုံးမနေသည်ဟု ယူဆရမည်ဖြစ်သည်။

သားသမီးဖြစ်သူ ကျွန်တော်/ကျွန်မတို့သည်လည်း မိဘများလမ်းညွန်ပေးသော လမ်းကြောင်းကို ကောင်းသည်ဆိုးသည် မိမိဘာသာဝေဖန်ဆန်းစစ်ရလိမ့်မည်။ မိဘများသည်လည်း မိမိမွေးဖွားလိုက်သော သား/သမီးများကို မကောင်းသောလမ်းညွန်မှုများ ပေးလိမ့်မည်မဟုတ်ပေ။ ထိုသို့မိဘများ၏ဆိုဆုံးမမှုကို ဖိနှိပ်ခြင်း၊ ချုပ်ခြယ်ခြင်း၊ အခွင့်အရေးချိုးဖောက်ခြင်း၊ ခွဲခြားခြင်းဖြစ်သည်ဟု မိမိတို့ပအိုဝ်းလူငယ်မောင်မယ် များကို မမြင်စေချင်ပါ။

အဘယ်ကြောင့်ဆိုသော် မိမိတို့သည် ယခုလူငယ်နောင်ဝယ်လူကြီးဟူသည့်အတိုင်း ယခုအချိန်မှ မိဘများ၏သား/သမီးဖြစ်သည့်အတိုင်း နောင်တစ်ချိန်တွင် သား/သမီးများ၏မိဘနေရာသို့ ရောက်ရှိလာရမည်မှာအမှန်ပင်ဖြစ်သည်။ ထိုသို့ရောက်ရှိလာချိန်မှသာ မိဘများ၏ခံစားချက်၊ သားသမီးအပေါ်ထားရှိသော မေတ္တာတရားများကို ဆိုဆုံးမရာတွင် ပိုမိုနားလည်လွယ်စေရန် ဥပမာဖြင့်ရေးသားဖော်ပြပါမည်။ ဥပမာ-သမီး ဖြစ်သူကို “သမီးမိန်းကလေးဆိုတာ ညနက်မိုးချုပ်ချိန်မှာ အပြင်ကိုတစ်ယောက်တည်းသွားတာ မသင့်တော်ဘူး၊ သွားချင်ရင် မိုးမချုပ်ခင်ပြန်လာခဲ့နော်၊ ဗုဒ္ဓဘာသာဆိုရင် ဘုရားသွားကျောင်းတက်တာ ဘောင်းဘီကျပ် တိုဝတ်သွားတာ မသင့်တော်ဘူးနော်၊ လုံလုံခြုံခြုံဖြစ်အောင် ထမီလေးဘာလေးဝတ်သွား သမီးမိန်းကလေး ဆိုတာ သစ်ပင်မြင့်တွေ မတက်သင့်ဘူး၊ ပြုတ်ကျရင်နာမှာ” စသဖြင့် စိုးရိမ်မှုများရှိ၍ဆိုဆုံးမရခြင်း ဖြစ်သည်။

ထိုသို့ပြောဆိုဆုံးမသည်မှာ သမီးမိန်းကလေးကို ဖိနှိပ်ချုပ်ခြယ်ခြင်း၊ ခွဲခြားခြင်း၊ အခွင့်အရေး ချိုးဖောက်ခြင်းမဟုတ်ဘဲ မသင့်တော်သောအပြုအမူအနေအထိုင်ဖြစ်၍သာ ပြောဆိုရခြင်းဖြစ်သည်။ မိမိ လူငယ်တစ်ဦးအနေဖြင့် စဉ်းစားကြည့်ကြပါစို့၊ မိမိဒေသအလိုက် လူအများဝတ်ဆင်ထားခြင်းမရှိသော နိုင်ငံခြားဝတ်ဘောင်းဘီးအတို၊ စကတ်အတိုများကို ၀တ်ဆင်ပြီး ပအိုဝ်းကျေးရွာစစ်စစ်တောရွာသို့ သွားရောက်သောအခါတွင် စိတ်ရောလူရောလုံခြုံမှုမရှိနိုင်သည်ကို ခံစားရမည်ဖြစ်သည်။ ထို့ကြောင့် ရှေးစကားအဆို အတိုင်း “ရောမရောက်ရင် ရောမလိုကျင့်၊ ပအိုဝ်းဆိုရိုးအရ” “အုံဒုံမဲုင်တဲ့ ကျဝါးသာဒုံမဲုင်” စသဖြင့် လူကြီးများ၏ စကားကိုနားလည်လာရလိမ့်မည်ဖြစ်သည်။ နေရာတိုင်း ကိုယ့်စိတ်နှင့်ကိုယ်နေထိုင်မှုသည် ပတ်ဝန်းကျင်၏ သန့်ရှင်းမှုကို ညစ်နွမ်းစေတတ်ပါသည်။

ထိုနည်းတူ သားယောကျာ်းလေးများအတွက်ပါ မှန်ကန်သောလမ်းကြောင်းပေါ်သို့ရောက်ရှိအောင် နည်းမျိုးစုံဖြင့် မိဘများကသွန်သင်ကြရပါသည်။ မိဘနေရာသို့မရောက်ရှိသေးသော လူငယ်များသည်လည်း မိဘများသွန်သင်လမ်းညွန်ပေးခဲ့သော လမ်းကြောင်းပေါ်သို့မလွှဲမသွေလျှောက်လှမ်းခြင်းဖြင့် မိဘများပေး အပ်သော အမွေအရင်းအနှီးဖြစ်သည့် မွန်မြတ်လှသော အမွေကို ဆက်လက်ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ သားသမီးများတွင်လည်း သားသမီးကျင့်ဝတ်အတိုင်း ကောင်းစွာနေထိုင်ကျင့်ကြံခြင်းဖြင့် မိဘများကို အိုးမည်းမသုတ်သော သားသမီးရတနာများဖြစ်လာမည်ဖြစ်သည်။

ထိုသို့မဟုတ်ဘဲ ခေတ်စနစ်တိုးတက်လာသည်နှင့်အမျှ မိဘများ၏ဆိုဆုံးမမှုများ၊ ဓလေ့ထုံးစံအရ နေထိုင်နေကြသည်ကို ကောင်းမွန်ပိရိသောယဉ်ကျေးမှုများဖြစ်သည်ဟူသော ကောင်းမွန်သည့် အတွေး အမြင်များဖြင့် မြင်နေခြင်းမဟုတ်တော့ဘဲ မိဘများ၏ဆိုဆုံးမမှုသည် “ငါတို့၏အခွင့်အရေးကိုချိုးဖောက်တယ်၊ ဖိနှိပ်တယ်၊ အကြမ်းဖက်တယ်၊ ခွဲခြားတယ်” စသဖြင့် ခေတ်သစ်အတွေးများဖြင့် မိမိတို့၏ရိုးရာယဉ် ကျေးမှုကို မဖျက်စီးသင့်ပေ။

ပအိုဝ်းဝေါဟာရအရ “ယခန်းတယောဝ်း ဟောဝ်နဲုင်းခန်းတောဝ်း” ဆိုသည့်အတိုင်း ရှေ့လူကြီးမိဘ များ၏အမြင်သည် ခေတ်သစ်စနစ်သစ်အမြင်အတိုင်း ခေတ်မှီခြင်းမရှိသော်လည်း ၎င်းတို့၏စကားများသည် မျိုးဆက်သစ်လူငယ်များကို လွဲမှားသောလမ်းကြောင်းပေါ်သို့မရောက်အောင် စည်းသဖွယ်တန်ဖိုး ရှိလှသော စကားဖြစ်နေသည်ကို နောက်တစ်ချိန်တွင် သိရှိလာပါလိမ့်မည်။ မိမိတို့၏ယဉ်ကျေးရွာဓလေ့ကို မိမိတို့ကိုယ် တိုင်ကမှစ၍ ထိန်းသိမ်းမှုမရှိလျှင် မည်သူကမှ မိမိတို့၏ယဉ်ကျေးမှုကို လာရောက်ထိန်းသိမ်းပေးမည်မဟုတ် ပေ။

မိမိတို့ပအိုဝ်းလူမျိုးသည် ယဉ်ကျေးသောလူမျိုးဖြစ်သည်ကို ကမ္ဘာကပင် အသိအမှတ်ပြုထားသည်ကို လူတိုင်းသိနေပြီဖြစ်သည်။ ထိုသို့ယဉ်ကျေးသိမ်မွေ့သောလူမျိုးဖြစ်လာအောင် မိမိတို့ကို မွေးဖွားပေးသော မိဘ၊ မိမိ၏မိဘများကို မွေးဖွားလာပေးသော ဘိုးဘွား၊ မိမိတို့၏ဘိုးဘွားကို မွေးဖွားလာပေးသော အဆက်ဆက်က ဆွေမျိုးများ၊ ဆွေမျိုးများကိုမွေးဖွားလာပေးသော ပအိုဝ်းအဆက်ဆက်နှင့် ချစ်ဖွယ်ရာကောင်းသော အသိုင်းအ၀ိုင်းမှ ပအိုဝ်းလူမျိုးများအတွက် ဂုဏ်ယူဖွယ်ရှင်သန်သင့်ပေသည်။

ထို့ကြောင့် ချစ်ဖွယ်ရာကောင်းသော မိမိတို့၏ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ခေတ်နောက်ကျခြင်း၊ မိဘများကိုဆိုဆုံးမမှုကို ခွဲခြားဆက်ဆံခြင်း ဟူသည့်ခေတ်သစ်ဒီမိုကရေစီအမြင်ဖြင့် မြင်ယောင်နေမည့်အစား “ရောမရောက်ရင်ရောမလိုကျင့်” နေနိုင်ပြီဆိုလျှင် မိမိတို့၏ကျေးရွာ၊ ဒေသအသိုင်းအ၀ိုင်းများကို ရောက်ရှိလျှင် မိမိဓလေ့အတိုင်းကျင့်ကြံနေထိုင်နိုင်ရန် ခက်ခဲမည်မဟုတ်ပေ။ မိဘ၊ အသိုင်းအ၀ိုင်းများဆို ဆုံးမမှု၏ အကျိုးကျေးဇူးကြောင့် မိမိတို့ပအိုဝ်းလူမျိုးသည် ခေတ်ရေစီးကြောင်းနှင့်အညီ တိုးတက်လာသည်သာမက ပြောင်းလဲတိုးတက်မှုများပြားလာ၍ ယိုယွင်းနေသော ဓလေ့စရိုက်များအတွင်း မိမိတို့ပအိုဝ်း ကျေးရွာ မ၀င်လာစေရန် ကာကွယ်နိုင်ခြင်းဖြစ်သည်ကို အကောင်းမြင်တတ်သူတိုင်းမြင်နိုင်ပေလိမ့်မည်။

နန်းစိန်ကျင်း(အွံအား)
Powered by Blogger.