Monday, August 5, 2019

ဝါတွင်းသုံးလ ဥပုသ်သီလစောင့်တည်ခြင်း

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၆)ရက်




မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာသာသနာထွန်းကားသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တိုင်းရင်းသားလူမျိုးများလည်း များပြားလှပေသည်။ ထိုတိုင်းရင်းသားများကို ခွဲခြားသတ်မှတ်ရာတွင် အလေ့အထစရိုက်သော် လည်းကောင်း၊ ပြောဆိုသောဘာသာစကားသည်လည်း တူညီမှုများရှိသကဲ့သို့၊ ကိုးကွယ်သည့်ဘာသာ လည်း တူညီစွာရှိကြပြန်သည်ကို တွေ့ရှိရပါသည်။ ဘုရားရှင်လက်ထက်တွင် ဘုရားရှင်သည် တုသိတာနတ် ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတာနတ်သားကို အကြောင်းပြု၍ ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာ တရားတော်မြတ်ကို အကျဉ်းချုံးအားဖြင့် ဟော်ကြားတော်မူခဲ့ပါသည်။ ရဟန်းသံဃာများသည်လည်း ဝါတွင်း သုံးလလုံးလုံး ကျောင်းတွင်းမှ အရပ်တစ်ပါးသို့ သွားလာခြင်းမပြု ပဋ္ဋိဥာဏ်ဖြင့် ဝါဆိုဝါကပ်မှုများပြုကြပါသည်။ ရဟန်းတို့ဝါတွင်းသုံးလ တရားအားထုတ်ကျင့်ကြံစဉ် ဗုဒ္ဓဘာသာဝင်များသည်လည်း ဝါတွင်းကာလ လပြည့်၊ လကွယ်၊ လဆန်း(၈)ရက်၊ လဆုတ်(၈)ရက်နေ့များတွင် ဥပုသ်နေ့အဖြစ် သတ်မှတ်ပြီး အရွယ်သုံးပါးစလုံး သီလစောင့်တည်ကြပါသည်။ ဤဗုဒ္ဓဘာသာဝင်များထဲတွင် ပအိုဝ်းတိုင်းရင်းသားများသည်လည်း အပါအဝင်ဖြစ်သည်။

ပအိုဝ်းတိုင်းရင်းသားများ၏ ယဉ်ကျေးမှုသည် အခြားသောယဉ်ကျေးမှုများနှင့် ရောပြွမ်းသင့်သလောက် ရောပြွမ်း၍နေပါသည်။ ဗုဒ္ဓဘာသာအယူဝါဒကို လက်ခံခဲ့သဖြင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအပေါ်တွင် အခြေခံပြုထားပါသည်။ ဝါတွင်းကာလသည် ပအိုဝ်းဒေသကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရား စေတီပုထိုးများတွင် လပြည့်၊ လကွယ်၊ နေ့ကြီး၊ ရက်ကြီးများတွင် ဗုဒ္ဓဘာသာနှင့်ပတ်သက်သော ဝါဆို သင်္ကန်းကပ်လှူခြင်းများ၊ အလှူဒါနပွဲများနှင့် ဥပုသ်သီလဆောက်တည်ခြင်းများသည် ပအိုဝ်းတိုင်းရင်းသားများ၏ ထူးခြားသော ယဉ်ကျေးမှုလက္ခဏာတစ်ရပ်ပင်ဖြစ်သည်။ ဥပုသ်သည်များသည် နေ့ထူးနေ့မြတ် အခါသမယများတွင် ဘုန်းတော်ကြီးကျောင်းများနှင့် ဇရပ်များတွင် သီတင်းသီလဆောက်တည်သူများဖြင့် ပြည့်ကြပ်၍ နေတတ်ပါသည်။

လပြည့်၊ လကွယ်နေ့များတွင် ရဟန်းသံဃာများနှင့် ဥပုသ်သည်များအတွက် အလှူဒါနဧည့်ခံကျွေး မွေးနိုင်ရန် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၏ ကျောင်းတကာရွာများမှ ရွာတစ်ရွာစီသော်လည်းကောင်း၊ ရပ်ကွက်တစ်ရပ်ကွက်စီသော်လည်းကောင်း၊ ကျေးရွာရှိ  လူပျိုခေါင်းဆောင်နှင့် လူပျို၊ အပျိုများက အလှည့်ကျတာဝန်ယူကျွေးမွေးကြရပါသည်။ အလှည့်ကျ တာဝန်ယူရသော ကျေးရွာ/ရပ်ကွက်များသည် အဖိတ်နေ့ တွင် ကြိုတင်ပြင်ဆင်ပြီး လပြည့်၊ လကွယ်နေ့တွင် ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းတော်၊ ပန်း၊ ခဲဘွယ်၊ သစ်သီး၊ မုန့်ချို၊ ဖျော်ရည် စသည့် လှူဖွယ်သင့်တော်ရာသမျှ ဘုရားရှင်ကိုယ်တော်မြတ်ကို ရည်မှန်းလျက် နိဗ္ဗာန်ရည်စူး ကုသိုလ်အမှူးဖြင့် လှူဒါန်းပူဇော်ကြပါသည်။ ဥပုသ်သည်များ အဆင်ပြေစွာ တရားအားထုတ်နိုင်ရန်၊ ဥပုသ်သီလစောင့်တည်နိုင်ရန်လည်း ဝေယျာဝစ္စများ ဝိုင်းဝန်းပြုလုပ်ကြပါသည်။ လူပျို၊ အပျိုများသည် ရဟန်းသံဃာ၊ ဘုန်းကြီးများ၏ သြဝါဒတရားတော်များကို အထူးကြည်ညိုလေးစားစွာ နာယူသည့်အပြင် ဗုဒ္ဓဝေယျာဝစ္စ၊ သံဃာဝေယျာဝစ္စများကို အထူးကျေပွန်ကြပါသည်။

ဗုဒ္ဓဘာသာဝင်များသည် ဥပုသ်သီလစောင့်တည်ခြင်းဖြင့် တစ်ပတ်တစ်ခါညစာရှောင်ခြင်းကြောင့် အူမကြီးကို အနားပေးရာရောက်သဖြင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်ခြင်း၊ ကုသိုလ်လည်းရ၊ ကျန်းမာရေးလည်းကောင်း၊ ခြိုးခြံမှုလည်းဖြစ်သည့် ဥပုသ်သီလစောင့်ခြင်း အလေ့အထကို ဗုဒ္ဓဘာသာဝင်တိုင်း အသက်အရွယ်မရွေး လေ့ကျင့်ထားကြရန် တိုက်တွန်းလိုပါသည်။ ဝါတွင်းကာလသည် အချိန်(၃)လ ကြာမြင့်မည်ဖြစ်ပြီး ရက်သတ္တပတ်အားဖြင့် (၁၃)ပတ် ကြာမည်ဖြစ်ပေသည်။ တစ်နှစ်ပတ်လုံးတွင် ရက် ပေါင်း (၃၆၅)ရက်ရှိလေရာ ထိုရက်ပေါင်းများစွာမှ ဝါတွင်းသုံးလအတွင်း တစ်ပတ်လျှင်တစ်ကြိမ်၊ (၁၃)ကြိမ် မျှသာဖြစ်သည့်အတွက် ရုံးသမားများ၊ အလုပ်မအားလပ်သူများအနေနှင့်လဲ ရုံးမသွားမှီ၊ အလုပ်မသွားမှီ၊ အိမ်ရှိ၊ အဆောင်ရှိ ဘုရားရှေ့မှောက်တွင် မိမိကိုယ်တိုင် (၅)ပါးသီလ၊ (၈)ပါးသီလကို စောင့်တည်၍ ရနိုင်ပေသည်။

သို့ဖြစ်ပါ၍ ဗုဒ္ဓဘာသာမျိုးစေ့ကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့ ယခုဝါတွင်းကာလ အခါသမယမှစ၍ ဘုန်းတော်ကြီးကျောင်း၊ ဘုရားကျောင်းကန်၊ စေတီ ပုထိုး၊ ဇရပ်များတွင်သာမက မိမိတတ်နိုင်ရာ အိမ်ရှိဘုရားစင်ရှေ့မှောက်တွင် လပြည့်၊ လကွယ်နေ့ရက်များမှာ ဥပုသ်သီလစောင့်တည် နိုင်ကြပါစေကုန်သတည်း။

ခွန်တလျူး
ခမ်းလွယ်လုံ(ပင်လောင်း)
Powered by Blogger.