Monday, August 5, 2019

ပအိုဝ်းတိုင်းရင်းသားလုပ်ငန်းရှင်အသင်း(ဗဟို)ဖြစ်ပေါ်လာရန် သက်ဆိုင်ရာမြို့နယ်များတွင် ပအိုဝ်းလုပ်ငန်းရှင်အသင်းများ ဖွဲ့စည်းစေလို ဟု ဒေသဦးစီးဥက္ကဋ္ဌ တိုက်တွန်း

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊  သြဂုတ် (၆) ရက်







ပအိုဝ်းဒေသမှ ထွက်ရှိသော ထွက်ကုန်များကို နိုင်ငံတကာဈေးကွက် လက်လှမ်းမှီနိုင်ရန်နှင့် တောင်သူများကြုံတွေ့နေရသော နည်းပညာအခက်အခဲများကို တစ်ဖက်တလှမ်းမှ ဖြေရှင်းနိုင်ရန်အတွက် ပအိုဝ်းတိုင်းရင်း သားလုပ်ငန်းရှင်အသင်း ဖွဲ့စည်းသင့်ကြောင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်က တိုက်တွန်းပြောကြားထားပါသည်။

“ကျွန်တော့်အနေနဲ့ သက်ဆိုင်ရာမိဘပြည်သူတွေကို ဘာတိုက်တွန်းချင်လဲဆိုတော့ ကျွန်တော်တို့ ဒေသမှာ လုပ်ငန်းကြီးရေမဟုတ်ပါဘူး ၊ တပိုင်တနိုင်လုပ်ငန်းတွေ၊ စွန့်ဦးတီထွင်လုပ်ငန်းတွေ ဒီလုပ်ငန်းတွေနဲ့ ထွက်ကုန်တွေကို ဈေးကွက်တစ်ခုပေါ်ရောက်ချင်တယ်ဆိုရင် သက်ဆိုင်ရာမြို့နယ်တွေမှာ စိတ်တူ၊ ကိုယ်တူ လုပ်ငန်းအမျိုးအစားမတူသော်လည်း ပူးပေါင်းနိုင်တဲ့အသင်း မြို့နယ်တွေမှာ ဖွဲ့စည်းပေးဖို့ လိုအပ်မှာ ဖြစ်တယ်။ ကျွန်တော်အနေနဲ့ ဖွဲ့စည်းသင့်တယ်လို့ မြင်ပါတယ်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ မဟုတ်ပါဘူး ပအိုဝ်းနေထိုင်ရာ ဘယ်ဒေသမဆို ဖွဲ့စည်းဖို့ လိုပါတယ်။ မြို့နယ်အသင်းရှိရင် ဒီအသင်းတွေကို စုစည်းပြီးတော့ ပအိုဝ်းတိုင်းရင်းသားလုပ်ငန်းရှင်အသင်း (ဗဟို)ကို ဖွဲ့စည်းနိုင်ပြီး ဒီဗဟိုအသင်းအနေနဲ့ အခု မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကို ချိတ်ဆက်ပူးပေါင်းရင် ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ နည်းပညာအခက်အခဲတွေ၊ စိုက်ပျိုးမှုအခက်အခဲတွေ၊ သိုလှောင်မှုအခက်အခဲတွေကို အတိုင်းတာ တခုထိ ကျော်လွားနိုင်မယ်လို့ ကျွန်တော်မြင်တယ်။ ဒါကြောင့် ကျွန်တော်တိုက်တွန်းချင်တာက သက်ဆိုင်ရာ မြို့နယ်တွေမှာ လုပ်ငန်းရှင်များအသင်းတွေ့ ဖွဲ့စည်းပေးပါလို့ ပြောကြားချင်ပါတယ် ဟု ဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်က မောင်းမွူးခံကို ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများသည် သြဂုတ်လ (၃)ရက်နေ့နှင့် (၄)ရက်နေ့တွင် ပအိုဝ်းဒေသစီးပွားရေးလုပ်ငန်းအခြေအနေနှင့် ပတ်သက်၍ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖါအောင်ခမ်းထီနှင့် သော်လည်းကောင်း၊ ဒေသဦးစီးဥက္ကဋ္ဌဖြားခွန်စံလွင်နှင့် သော်လည်းကောင်း လာရောက်တွေ့ဆုံ မေးမြန်းခဲ့ပြီးနောက် ပအိုဝ်းတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဖွဲ့စည်းရန် အကြံပြုခဲ့ ကြောင်း သိရသည်။

ပအိုဝ်းတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းရန်နှင့် ပတ်သက်၍ “ ရည်ရွယ်ချက်ကတော့ ကောင်းပါတယ်။ ညီညီညွတ်ညွတ် လုပ်နိုင်ရင်ပေါ့။ အသင်းအဖွဲ့ ဖွဲ့ပြီးရင်တော့ လုပ်ငန်းရှင်တွေအနေနဲ့ အချိန်ပေးဖို့ လိုတာပေါ့။ နောက်တခုက ကျွန်တော်ရဲ့အတွေ့အကြုံအရ စီးပွားရေးလုပ်ပြီဆိုရင် အဲသလို လူမျိုးနာမည်တွေနဲ့ တပ်ရင် ဘောင်က ကျဉ်းသွားတယ်။ အရင်တုန်းက အဲသလို ပအိုဝ်းနာမည်နဲ့ တပ်ပြီး လုပ်ခဲ့ဖူးတယ်၊ မအောင်မြင်ခဲ့ဘူး။ နိုင်ငံရေးမှာ မပြေလည်ရင် စီးပွားရေးဘက်ကို လှည့်လာတတ်လေ။ စီးပွားရေးမှာ လူမျိုးနာမည်တပ်ပြီး လုပ်တာ သိပ်မကောင်းဘူးထင်တာဘဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က လူမျိုးစုံ၊ တိုင်းရင်းသားပေါင်းစုံကို ဆက်ဆံရတာလေ။ ကျွန်တော်အမြင်ပေါ့ တကယ်လို့ အဖွဲ့မဖွဲ့နိုင်တောင်မှ စီးပွားရေးနဲ့ ပတ်သက်တဲ့ အသိပညာပေး(Awareness)၊ workshopတွေ ၊ ဆွေးနွေးတိုင်ပင်မှုတွေ များများလုပ်ဖို့ လိုမယ်ထင်တယ်။ နောက် အခွင့်အလမ်းတွေ၊ ဘယ်နေရာ ဘယ်နားမှာ ရနိုင်တယ်ဆိုတာ သိရှိပြီးတော့ ကိုယ့်လုပ်ငန်းအဖွဲ့အားကောင်းအောင် အရင်လုပ်သင့်တာပေါ့၊ ပြီးမှ နာမည်တမျိုးမျိုးနဲ့ ဖွဲ့ရင်လည်း ဖွဲ့ပေါ့။ ဒါက ကျွန်တော်အမြင်ပါ။ ကောင်းပါတယ်။ ခေတ်စနစ်အရ ဒီလိုလုပ်နိုင်ရင်လည်း ကောင်းပါတယ်” ဟု တစ်မိုးအောက် ထောပတ်အစုအဖွဲ့မှ ခွန်လေဆာက ပြောပါသည်။

နန်းဟောင်းကျေးရွာ၊ ပြောင်းစိုက်တောင်သူ ခွန်ပေါက်စီက “ ဥက္ကဋ္ဌ ပြောသလို လုပ်ငန်းရှင်အသင်းကို ဖွဲ့ဖို့ လိုတယ်။ အင်အားရှိမှ သူများကို တိုးနိုင်မယ်။ တစ်ဘက်ကလဲ အတွေ့အကြုံ၊ အကြားအမြင် ဗဟုသုတပိုရသလို ခေတ်နဲ့အညီ ကိုယ်တို့မလုပ်ရင် နောက်ကျကျန်ခဲ့မယ် အစုအဖွဲ့ရှိတော့ ဘယ်ကုမ္ပဏီနဲ့ဘဲ ပေါင်းပေါင်း ယုံကြည်မှု တည်ဆောက်လို့ရတော့ပေါ့” ဟု ပအိုဝ်းတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းရန်နှင့် ပတ်သက်၍ သူ့အမြင်ကို ပြောပါသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌသည် ရန်ကုန်၌ တည်ဆောက်မည့် တိုင်းရင်းသား ကျေးရွာ အဆင့်မြှင့်တင်ရေး Master Plan ထဲတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရင်းသား လူမျိုးများအတွက် ပြခန်းများ တိုးချဲ့ပေးရန် တောင်းဆိုခဲ့ပြီး ယခုလက်ရှိတွင် အဆိုပါ တည်ဆောက်မည့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ အဆင့်မြှင့်တင်ရေး Master Plan ထဲ၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရင်းသားလူမျိုး (၆)မျိုးအတွက် ပြခန်းတိုးချဲ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နဂါ့ခွန်
Powered by Blogger.