တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၁)ရက်
စကားဆိုတာ လူတို့ရဲ့ ပါးစပ်မှ ထွက်ပေါ်လာတဲ့ အသံဖြစ်ပါတယ်။ အသံဆိုတာကတော့ သက်ရှိ အသံနှင့် ဥတုကြောင့် ဖြစ်ပေါ်တဲ့ အသံ ဆိုပြီး နှစ်မျိုး ရှိပါတယ်။ အခု ဖေါ်ပြပေးလိုသောအသံကတော့ လူတို့ ပါးစပ်မှ ဖြစ်ပေါ်လာတဲ့ စကားပါ။ စကား ဆိုရာမှာ အပြောစကား၊ အဟောစကား၊ ဆွေးနွေးစကား၊ စကားရည်လုပြိုင်ပွဲစကား အစရှိသဖြင့် အားလုံး အကျုံးဝင်ပါတယ်။ စကားကို တန်ဖိုးမထားတတ်သူတို့ အတွက်တော့ စကားက အတတ်ပညာတစ်ခု မဟုတ်ဘူးလို့ ယူဆချင်ယူဆပါလိမ့်မယ်။ ဒါပေမဲ့ စကားဆိုတာ အတတ်ပညာတစ်ခုပါပဲ။
လူတွေရဲ့ ဘဝမှာ စကားကို နေ့စဉ်လိုလို အသုံးပြုရပါတယ်။ ဒါပေမဲ့လို့ လူတော်တော်များများ အတွက်တော့ စကားအရာမှာ ကျွမ်းကျင်ပြီး တန်းဖိုးထားဖို့၊ စနစ်တကျပြောတတ်ဖို့ လိုအပ်နေဆဲလို့ ထင်မြင်ယူဆမိတယ်။ မိဘနှင့် သားသမီးကြား၊ ဆရာနှင့်တပည့်ကြား၊ အလုပ်ရှင်နှင့် အလုပ်သမားကြား၊ လုပ်ဖေါ်ကိုင်ဖက်အချင်းချင်းကြား၊ မိတ်ဆွေသူငယ်ချင်းကြားတွေ အဆင်ပြေတယ်၊ အဆင်မပြေကြဘူးဆိုတာ စကားအတတ်ပညာအားနည်းခြင်းကြောင့်လည်း များစွာသက်ဆိုင်နေပါတယ်။ စကားအတတ် ပညာကို တလေးတစားတန်ဖိုးထားတတ်မှသာ ကိစ္စတော်တော်မျာများမှာ အဆင်ပြေလာမှာပါ။ စကားကို တန်းဖိုးထားတတ်ရင် စကားလုံးတစ်လုံးချင်းရဲ့ အဓိပ္ပါယ် အတိမ်အနက်ထိပါ သတိထားသုံးနှုန်း တော့မှာမလို့ပါပဲ။ ဆိုပါစို့ မိသားစု၊ ဆရာသမား၊ မိတ်ဆွေ၊ လုပ်ဖေါ်ကိုင်ဖက်၊ သူစိမ်း အစရှိတဲ့ မိမိနှင့်တစ်နည်းတစ်ဖုံ ပတ်သက်တဲ့လူတို့တွေနှင့် ဆက်ဆံရင် စကားက အင်မတန်အရေးကြီးတယ် ဆိုတာ သိတယ်။ ဒီစကားကြောင့် ကိစ္စအဝဝ အဆင်ပြေချောမွေ့စေနိုင်တယ်။ အဆင်မပြေစေနိုင်တာလည်း ဒီစကားကြောင့်သာ ဖြစ်တယ်လို့ သိလာတဲ့အတွက်ကြောင့်မို့လို့ပါ။ စကားအရာမှာ ကျွမ်းကျင်လာပြီဆိုရင် ဘဝမှာ များစွာအဆင်ပြေစေပါတယ်။
စကားကို သုံးနှုန်းရာမှာ သတင်းအချက်အလက်ပေးသူနှင့် သတင်းအချက်အလက်ကို လက်ခံသူဆိုပြီး အနည်းဆုံး(၂)ဦးနှင့်အထက် ရှိစမြဲပေါ့။ စကားကို ကျွမ်းကျင်ပိုင်နိုင်ဖို့လိုသလို နားထောင်တတ်ဖို့လည်း အရေးပါတယ်။ စကားအတတ်ပညာမှာ နားထောင်တတ်ခြင်းလည်း အခြေခံတစ်ချက်ဖြစ်ပါတယ်။ တချို့စကားတွေဆိုရင် ရေပြင်ကျယ်ကြီးထဲ အနည်းငယ်သာပေါ်နေတဲ့ ရေခဲလိုမျိုးပါပဲ။ အဲဒီစကားမျိုးကို သေချာနားမထောင်ရင် ရေအောက်မြှုပ်နေတဲ့ ရေခဲတုံးလိုမျိုးမြှုပ်နေတဲ့ စကားရဲ့ အဓိပ္ပါယ်ကို မသိနိုင်ပါဘူး။ တစ်ပါးသူစကားကို နားမထောင်ပေးပဲ မိမိကသာ ပြောချင်ရာပြောမယ်ဆိုရင် စကားအရာမှာ ထိရောက်နိုင်မှာ မဟုတ်ပါ။ စကားကို မသုံးနှုန်းတတ်ခင်မှာလည်းပဲ စကားအရာမှာ ကျွမ်းကျင်ပိုင်နိုင်သော သူတို့ဆီကနေ စကားပြောနည်းပြောဟန်များ၊ စကားအသုံးအနှုန်းများကို သေချာနားထောင်လိုက်ခြင်းအားဖြင့် စကားအတတ်ပညာနည်းနာများသိရှိပြီး အသုံးပြုလာနိုင်မှာဖြစ်ပါတယ်။ တစ်ခါတစ်ရံ တစ်ပါးသူများဆီကို ပေးချင်သောမက်ဆေ့(သို့မဟုတ်) တစ်ပါးသူများထံမှ ရယူလိုသော မက်ဆေ့တွေ တစ်ခုခုရှိရင် တစ်ပါးသူတို့၏စကားကို ဂရုတစိုက်နားထောင်ပေးနိုင်ပြီးမှ ကိုယ်လိုရာစကားဖြင့် တစ်ပါးသူများကို ဆွဲခေါ်နိုင်ပါတယ်။ ဂရုတစိုက်နားထောင်ပေးနိုင်မှသာ စကားအရာမှာရော ဆက်ဆံရေးမှာပါ ပိုမိုကောင်းမွန်နိုင်မှာပါ။
စကားအတတ်ပညာကို တန်ဖိုးလည်းထား၊ ကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာသူတွေဆိုရင် စကားသုံးနှုန်းရာမှာ တကယ်ကို အကျိုးရှိပါတယ်။ စကားအတတ်ပညာမှာ ရည်ရွှယ်ချက်ကလည်း အရေးပါပါတယ်။ ရည်ရွယ်ချက်မရှိသော စကားက အရူးစကားနှင့် တူသွားပါမယ်။ မိမိတို့စကားက တစ်ပါးသူအား ပညာပေးလိုတာလား၊ တစ်ပါးသူများ မိမိအသင်းအဖွဲ့ထဲ ပါဝင်စေချင်တာလား၊ မိမိစကားကို တစ်ပါးသူများအားလိုက်နာစေချင်တာလား၊ ကုန်ကုန်ပြောရရင် တစ်ပါးသူများ ငိုအောင်ပြောမလား၊ ရယ်လာအောင်ပြောမလား စတဲ့ရည်ရွယ်ချက်တွေ ရှိရပါမယ်။ စကားအရာမှာလည်းပဲ ဦးတည်ချက်၊ ရည်ရွယ်ချက် မရှိရင် ရေပြင်ကျယ်ကြီးပေါ်က တက်မပါသော လှေသဖွယ် ဟိုမရောက် ဒီမရောက်ပဲ အကျိုးနည်းရပါမယ်။ အကျိုးမနည်းရလေအောင် မိမိတို့၏ စကားရည်ရွယ်ချက်လမ်းကြောင်းအတိုင်း သုံးနှုန်းနိုင်ရင် ကိစ္စရပ်များစွာ အဆင်ပြေလာပါလိမ့်မယ်။ စကားအတတ်ပညာကျွမ်းကျင်သူများက မိမိပြောသော စကားများက နားထောင်သူမငြီးငွေ့ရလေအောင် ဟာသများဖြင့် ကြားဖြတ်ပြောပြီးချိန် (သို့မဟုတ်) တစ်ခြားသူများ ကြားဖြတ်ဝင်ပြောပြီးချိန်မှာတောင်မှ မိမိစကားလမ်းကြောင်းအတိုင်း ပြန်ဆွဲခေါ်နိုင်ကြတာကို တွေ့မြင်ရပါတယ်။
စကားအတတ်ပညာတွင် စိတ်ကလည်း အဓိကျတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ မိမိသုံးနှုန်းနေကျ မဟုတ်တဲ့စကားမျိုး၊ စကားအတတ်ပညာ အားနည်းနေတဲ့သူအတွက်ဆိုရင် မပြောခင် စိတ်ကနေ ဦးစွာ ခေတ္တ စကားလုံးများကို စီထားပြီး ပြောဆိုသုံးနှုန်းမှ အဆင်ပြေပါတယ်။ မိမိသုံးနှုန်းတဲ့ စကားပေါ်မူတည်ပြီး စိတ်နဲ့စကားအကြောင်းအရာများ တစ်ထပ်တည်းကျဖို့ လိုပါတယ်။ ဆိုပါစို့ ဝမ်းသာတဲ့ အကြောင်းအရာ ပြောမယ်ဆိုရင် တကယ်ပျော်ရွင်တဲ့ မျက်နှာအနေအထားနှင့် အမူအရာပုံပေါ်မှသာ ပိုမိုထိရောက်ပါတယ်။ စကားလုံးသုံးနှုန်းတဲ့သူက တကယ်ဝမ်းသာပြီး တကယ်စိတ်ရင်းနဲ့ပြောတာပါလား ဆိုတာကို တဖက်နားထောင်နေသူက ခံစားလာမှာပါ။ အဲလိုမျိုးမဟုတ်ပါပဲ ဝမ်းသာတယ်လို့ စကားကိုသုံးနှုန်းနေပေမဲ့လို့ စိတ်ရင်းက တကယ်မပျော်ရွင်ပဲ ဟန်ဆောင်ပြောနေရင် အများအားဖြင့် မျက်နှာမှာပေါ်သလို စကား၏ အသံကို နားထောင်ရင်လည်း သိသာပါတယ်။ ဒီလူစိတ်မပါပဲ ပြောနေတာ၊ လိမ်နေတာ၊ စိတ်ရင်းနဲ့ပြောတာ မဖြစ်နိုင်ဘူးဆိုတာကို တဖက်လူ သိနိုင်ပါတယ်။
စကားလုံးအသုံးအနှုန်း၊ အသံဟန် အတက်အကျ၊ ရှင်းလင်းတိကျသော စကားလုံးအပို၊ အလိုစကားများ၊ ခြေဟန်လက်ဟန်၊ မျက်နှုာအနေအထား စတာတွေက အရေးပါပါတယ်။ စကားအတတ်ပညာက အချိန်အခါ၊အခြေအနေပေါ် မူတည်ပြီး အသံကိုသတမတ်တည်း သုံးရသလို အသံအတက်၊ အကျ(နိမ့်/မြင့်)ကို သူ့နေရာနဲ့တူ သုံးနှုန်းတတ်ဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်ရံ အရေးကြီးတဲ့စကား သုံးနှုန်းတဲ့အခါလိုမျိုးမှာဆိုရင်လည်း စကားလုံး အပို၊အလိုများကို သတိထားဖို့ လိုအပ်ပါတယ်။ ရှင်းလင်းတိကျဖို့လည်း အရေးကြီးပါတယ်။ အာမေဋိတ်စကားမျိုးတောင်မှ လိုအပ်မှသာသုံးရင် အဆင်ပြေ ချောမွေ့ပါမယ်။ တချို့နေရာမှာ စကားလုံးကို ရွေးချယ်သုံးနှုန်းတတ်မှ အကျိုးထိရောက်ပါတယ်။ တချို့ စကားလုံးမှာ အဓိပ္ပါယ်တူပေမဲ့လို့ ယဉ်ကျေးတဲ့ စကားလုံး၊ ရိုင်းပြတဲ့ စကားလုံး စသဖြင့်ကွဲပြားပါတယ်။ ဥပမာ- အမဲရောင်အင်္ကျီလို့ သုံးနှုန်းမဲ့အစား အနက်ရောင်အင်္ကျီလို့ သုံးနှုန်းမှုက ပို၍ ယဉ်ကျေးပါတယ်။ စကားလုံးက နားထောင်သူနဲ့ ပြောသူအကြားမှာ အကျိုးရှိမဲ့ စကားလုံးများသုံးနှုန်းဖို့ လိုအပ်သလို နှစ်ဦးနှစ်ဖက် နားလည်တဲ့ စကားလုံးမျိုး သုံးနှုန်းတတ်ဖို့လည်း လိုပါတယ်။ နားထောင်သူက အင်္ဂလိပ်လို နားမလည်ပါပဲ အင်္ဂလိပ်စကားလုံး ကြားညှပ်ထည့်သုံးရင် အဆင်မပြေပါ။ လူတို့ အသက်အရွယ်အလိုက် စကားအကြောင်းအရာများသုံးနှုန်းမှုမျိုးလည်း မတူညီနိုင်ပါ။ ယေဘုယျအားဖြင့် အဘိုးအဘွားအရွယ်လူကြီးများနှင့် စကားပြောဆိုရာမှာ အတိတ်အကြောင်းကို ပြောဆိုရင် ပို၍ အဆင်ပြေနိုင်သလို လူငယ်လူရွယ်များ အတွက်ကျတော့ အနာဂတ်တိုးတက်ရာတိုးတက်ကြောင်းများကို ပြောဆိုမှသာ ပို၍ အဆင်ပြေပါတယ်။ တစ်ဖက်သားကို အကဲခတ်တတ်ဖို့လည်း လိုအပ်ပါတယ်။ ဝမ်းနည်းနေသောလူ တစ်ယောက်ကို မိမိက ပြုံးပျော်နေသောမျက်နှာထားနဲ့ ထိုလူကို စကားဖြင့် စနောက်လိုက်ရင်လည်း အဆင်မပြေနိုင်ပါ။ ဒါကြောင့်မို့ စကားကို သူ့နေရာနှင့်သူ သုံးနှုန်းတတ်ဖို့ အရေးကြီးပါတယ်။
စကားအတတ်ပညာမှာ “ရေကူးညာတင်၊ ကောက်ပင်ရိတ်လှီး၊ ရေစီးဖေါင်ဆန်၊ အိုးတန်ဆန်ခပ်၊ ဆီပွတ်ကျည်ပွေ့၊ ဆင်ဝှေ့ရန်ရှောင်၊ တောင်သူယာခုတ်၊ ခက်တင်မောင်းနင်း” ဆိုပြီးတော့ လူအများ သိထားကြပါတယ်။ ဒီဆယ်ချက်တွေကိုသာ နှံ့စပ်ပိုင်နိုင်ရင် လူမှုဆက်ဆံရေးမှာ များစွာအဆင်ပြေပါတယ်။ သို့ပေမဲ့ စကားအတတ်ပညာမှာ ဒီစကားကြီးဆယ်ခွန်းထက် စကားပြောနည်း ပိုပြီးရှိနေပါတယ်။ မိမိတို့ မြင်တွေ့သမျှ အတတ်ပညာတွေက စကားအတတ်ပညာနှင့် သက်ဆိုင်ပါတယ်။ ဆောက်လုပ်ရေးပညာ၊ ဘောလုံးကစားနည်းပညာ၊ ကြိုးခုန်နည်းပညာ အစရှိတဲ့ ပညာမျိုးတွေအားလုံးကို ဆိုလိုပါတယ်။ ဆိုပါစို့ ဆောက်လုပ်ရေးပညာမှာဆိုရင် အုတ်မြစ်ကို အခြေခိုင်အောင်တည်ဆောက်ပြီးမှ အဆောက်အဦးကို တဖြည်းဖြည်းခြင်း တည်ဆောက်သွားရသလို စကားအတတ်ပညာမှာလည်းပဲ စကားကို အခြေခိုင်အောင် ပြောဆိုပြီးမှ တဖြည်းဖြည်းခြင်း မိမိပြောလိုသောအကြောင်းအရာကို ပြီးစီးအောင် ပြောဆိုရတာမျိုး ရှိပါတယ်။ စကားအတတ်ပညာက အလွန်ကျယ်ပြန့်လှပါတယ်။ ကျယ်ပြန့်လှတဲ့အတွက် မည်သူတစ်ဦး တစ်ယောက်မျှ ပြည့်စုံအောင် ရေးသားဖို့ဆိုတာ အလွန်ခက်ခဲလှပါတယ်။
စကားအတတ်ပညာကို ပြည့်စုံအောင် ရေးသားဖို့ ခက်ခဲလှတဲ့အပြင် လူတစ်ဦးနှင့်တစ်ဦး သဘောထားအမြင်များလည်း ကွဲလွဲနိုင်ပါတယ်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ မှားတယ်လို့လည်း မမြင်ပါ။ စကားအသုံးအနှုန်းများနဲ့ မည်သူတစ်ဦးတစ်ယောက်အပေါ်မှာ အနိုင်ယူစေလိုတာမျိုး မဖြစ်စေလိုပါ။ သို့ပေမဲ့ စကားအတတ်ပညာကြာင့် မိမိတို့ လူမှုဆက်ဆံရေး နိစ္စဓူဝမှာ အဆင်ပြေစေလိုတဲ့၊ ငြိမ်းအေးစေလိုတဲ့ စေတနာနဲ့ ဒီဆောင်းပါးကို တင်ပြရေးသားလိုက်ပါတယ်။ ဒါကြောင့် စကားအတတ်ပညာကို တန်ဖိုးထားတတ်ပြီး ဒီအတတ်ပညာနဲ့ မိမိအကျိုး၊ အများအကျိုး ရှိစေတဲ့စကားများ သုံးနှုန်းခြင်းဖြင့် မိမိတို့ပတ်ဝန်းကျင် အဆင်ပြေချောမွေ့ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်ပါတယ်။
KTK ဖြားဗွားခမ်း
Like On Facebook
Follow On Twitter
Subscribe On RSS