Tuesday, September 17, 2019

စိုးရိမ်ဖွယ်ရာ တို့ရပ်ရွာ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်

Credit-Photo

ယနေ့ ကမ္ဘာပေါ်တွင် နေထိုင်သည့် လူသားအားလုံးတို့သည် အသိပညာ၊ ဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ လူနေမှုအဆင့်အတန်းသည်လည်း မြင့်မားလာသည်ကို တွေ့မြင်နေရပါသည်။ ဤကဲ့သို့ လူနေထိုင်မှုအဆင့်အတန်းမြင့်မားလာခြင်းသည် ကောင်းသောလက္ခဏာဖြစ်ပါသည်။ သို့သော်လည်း လူနေထိုင်မှုအဆင့်အတန်းမြင့်မားစွာ နေထိုင်နိုင်ရေးအတွက် ဝင်ငွေကွာဟမှုသည် လူသားတို့အတွက် အဓိကပြဿနာတစ်ရပ်ဖြစ်လာပါသည်။ ခေတ်စနစ်အားဖြင့် ယနေ့မြန်မာနိုင်ငံသည် လွတ်လပ်သောခေတ်စနစ်ဆိုပြီး လက်ခံနိုင်သော်လည်း ဝင်ငွေကွာဟမှုတို့ကြောင့် လူသားအားလုံးတို့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးအတွက်  အပြည့်အဝခံစားနိုင်စေရန် လူသားအချင်းချင်း စာနာထောက်ထားမှု၊ ရိုင်းပင်းကူညီမှုစိတ်ထား အားနည်းလာသကဲ့သို့ လူတို့၏ အကျင့်သီလသိက္ခာ သည်လည်း ပျက်စီးလာပြီဖြစ်သည်။ အချို့တွင် စားဝတ်နေရေးအတွက် လောဘစိတ်ဝင်ပြီး လုယူခြင်းနှင့် ခိုးယူခြင်းများ ဖြစ်ပေါ်လာခဲ့ပါသည်။ အချို့တွင် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အပြည့်အဝခံစားနိုင်စေရန်နှင့် လူအများနည်းတူ လူနေထိုင်မှုအဆင့်အတန်းမြင့်စွာ နေထိုင်နိုင်ရန်အတွက် ပြည်ပသို့ ရွှေ့ပြောင်းလုပ်သားများဖြင့် ဝင်ငွေကွာဟမှုပြဿ   နာဖြေရှင်းနေရပါသည်။ ဤကဲ့သို့ အခြေအနေသည် တို့ရပ်ရွာအတွက် စိုးရိမ်စရာတစ်ခုဖြစ်လာခဲ့ပါသည်။

လူလတ်ပိုင်းအများစုသည် ပြည်ပသို့ထွက်ခွာ၍ အလုပ်အကိုင်များလုပ်ကိုင်ကြသည်မှာ ဝင်ငွေ ကွာဟမှုပြဿနာကို ဖြေရှင်းကောင်းဖြေရှင်းနိုင်ပါသည်။ မည်သည့်အရာတွင် အဆိုးအကောင်းဒွန်တွဲနေသည်မှာ သဘာဝတရားပင်ဖြစ်ပါသည်။ မိမိတို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည် ဘုရား၊ တရား၊သဃာင်္၊ မိဘ၊ ဆရာများအပေါ် ရိုသေလေးစားပြီး အလှူအတန်းရက်ရောသည့် လူမျိုးဖြစ်သကဲ့သို့ ယဉ်ကျေးမှုအမွေ အနှစ်တန်ဖိုးထားသည့် လူမျိုးဖြစ်ပါသည်။ ဤနေရာတွင် မိမိအနေဖြင့် စိုးရိမ်စရာတွေအပြင် ဝမ်းနည်းမှုများစွာဖြစ်နေရပါသည်။ လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေသည် တစ်နိုင်ငံလုံးအတိုင်းအတာထိ မကြည့်ဘဲ ပအိုဝ်းလူမျိုးအများဆုံးနေထိုင်သည့် ဒေသများတွင် အရွယ်ရောက်သည် လူငယ်(လူပျို၊အပျို)နှင့် လူလတ်ပိုင်းအများစုသည် ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းလုပ်သားအဖြစ် အလုပ်အကိုင်များ သွားရောက် လုပ်ကိုင်နေသည်မှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာခဲ့ပါသည်။ ရွှေ့ပြောင်းလုပ်သားများ တစ်နေ့ထက်တစ်နေ့များပြားလာသောကြောင့် ပအိုဝ်းလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းနိုင်ရန် စိုးရိမ်ရသည့်အခြေအနေတစ်ရပ်သို့ရောက်ရှိနေပြီး ဝါတွင်းကာလ ပအိုဝ်းလူမျိုးတို့၏ ဓလေ့ထုံတမ်းလုပ်ငန်းများလုပ်ဆောင်ရာတွင်လည်း အခက်အခဲများရှိလာခဲ့ပါသည်။

ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိလူမျိုး၊ ဘာသာ၊ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို အလွန်ပင် ချစ်ခင်မြတ်နိုးတန်ဖိုးတတ်သည့် လူမျိုးတစ်မျိုးဖြစ်သည်။ လူမျိုးတစ်မျိုး ရေရှည်တည်တံ့ရန် ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုသည် အသက်သွေးကြောပင် ဖြစ်ပါသည်။ ၀ါတွင်းအခါသမယတွင်လည်း ပအိုဝ်းလူမျိုးများသည် ၀ါဆိုသင်္ကန်းကပ်လှူခြင်း၊ ဘုန်းကြီးကျောင်းတက် ဥပုပ်စောင့်ခြင်း၊ သက်ကြီးရွယ်အိုများကန်တော့ခြင်း၊ လပြည့်လကွယ်နေ့တိုင်း ဆွမ်းတော်ပြင်ပြီး ဘုရား၊ ကျောင်းကန်များ၊ စေတီပုထိုးများသို့ ကပ်လှူခြင်းများဖြင့် ကောင်းမှုကုသိုလ်ပြုလုပ်ကြသည်ကို တွေ့မြင်ရပါသည်။

ဝါတွင်းကာလ လူပျိုအပျိုများသည် အဖိတ်နေ့ညတွင် ဆွမ်းတော်ပြင်ရန် တာဝန်အသိစိတ်ဖြင့် စည်းလုံး ညီညွတ်စွာ ရွာရှိစုပေါင်းဓမ္မာရုံ(သို့မဟုတ်) အချို့ကျေးရွာများတွင် ရွာသူကြီးအိမ်သို့ လာရောက်ပြီး လူပျို များက မိမိတို့ရိုးရာဓလေ့ဖြစ်သည့် အိုးစည်၊ ဗုံ၊ မောင်းများတီး၍ ပျော်ရွှင်စွာ၊ စည်းလုံးညီညွတ်ရှိစွာဖြင့် ဆွမ်းတော်ကပ်ရန်ပြင်ဆင်နေကြပါသည်။ လပြည့်လကွယ်နေ့ဖြစ်သည့် နေ့ထူးနေ့မြတ်တွင် သက်ကြီး ရွယ်အိုမရွေး ဘုန်းကြီးကျောင်းတက်ပြီး ရဟန်း သံဃာ ဆရာတော်ကြီးများ၏ တရားဒေသနာတော်များကို အထူးကြည်ညို လေးစားစွာ နာယူခြင်းအပြင် ဗုဒ္ဓဝေယျာဝစ္စ၊ ဓမ္မဝေယျာဝစ္စ၊ သံဃာ့ဝေယျာဝစ္စများကို ကျေပွန်စွာလုပ်ဆောင်ခြင်း စသည်တို့ကို ဥပုပ်ထွက်ပြီး နောက်နေ့နံနက်ပိုင်းတွင် လူငယ်များက ရဟန်း သံဃာတော်များကို ဆွမ်းကပ်ခြင်း ဥပုဒ်သည်များကို ဧည့်လံကျွေးမွေးခြင်းနှင့် အလှူဒါနများ ပြုလုပ်ပြီးတိုင်း နိဗ္ဗာန်ကိုမျှော်ကိုးပြီး ရေစက်သွန်းချ အမျှပေးဝေကြပါသည်။ ဤကဲ့သို့ ပအိုဝ်းလူမျိုးတို့၏ ချစ်စရာ ကောင်းသော ရိုးရာဓလေ့ထုံးတမ်းများမြင်တွေ့ရသည်မှာ ကြည်နူး၍အတုယူဖွယ်ရာ ကောင်းလှပါသည်။

ယခုအခါ ပအိုဝ်းဒေသအတွင်းရှိ ကျေးရွာအများစုသည်  သက်ကြီးရွယ်အို လူအိုများနှင့် ကလေးများသာကျန်ရှိတော့သည်။ ရွာတစ်ရွာ၏ စည်းလုံးညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို ကြည့်ရမည်ဆိုလျှင် လူငယ်၏အခန်းကဏ္ဍသည် လွန်စွာမှ အရေးပါလှပါသည်။ လက်ရှိတွင် ရပ်ရွာအတွင်း လူငယ်များ နည်းပါးခြင်းကြောင့် ပွဲလမ်းသဘင်၊ နာရေး၊ သာရေး ကိစ္စများဆောင်ရွက်ရာတွင် အခက်အခဲများစွာ ကြုံတွေ့နေရပါသည်။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ဝါတွင်းကာလတွင် ဆွမ်းတော်ပြင်ဆင်သည့်အခါ အိုးစည်ဗုံမောင်းသံများတိတ်ဆိတ်နေပြီး ပအိုဝ်းလူမျိုးတို့၏ ရိုးရာဓလေ့ထုံးတမ်းများလည်း မြင်တွေ့နိုင်ရန် အနိုင်နိုင်ပင်ဖြစ်သည်။

ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ တိမ်ကောပျောက်ကွယ် မသွားစေရန် မျိုးချစ်စိတ်၊ ရိုးရာကိုချစ်သည့်စိတ်များဖြင့် အစွန့်ရှည်တည်တံ့ခိုင်မြဲအောင် ဆက်လက်ထိန်းသိမ်းတတ်ကြပါစေ။ နှောင်လာမည့် ပအိုဝ်းလူငယ်မျိုးဆက်သစ်များသည်လည်း ချစ်စရာကောင်းသည့် မိမိလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများ မတိမ်ကော မပပျောက်စေရန် မိမိတို့၏ ပခုံးပြောင်း တာဝန်ဟုမှတ်ယူပြီး ထိန်းသိမ်းနိုင်ကြပါစေ။ စားဝတ်နေရေးအတွက် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေသည့် ပအိုဝ်းသွေးချင်းညီနှောင်များအတွက် မိမိတို့၏ ရိုးရာဓလေ့ထုံတမ်းများကို ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရန်အလို့ငှာ ထုတ်ဖော်တိုင်တွန်း ရေးသားတင်ပြလိုက်ပါသည်။

ခွန်ထင်မို့
တောင်ကြီး
Powered by Blogger.