မြန်မာနိုင်ငံသည် မိုးရာသီရောက်တိုင်း စုပေါင်းသစ်ပင်စိုက်ခြင်းကို ကျင်းပလာသည်မှာ နှစ်အတော်ကြာ ခဲ့ပြီးဖြစ်ပါသည်။ သစ်ပင်စိုက်ပျိုးရခြင်း၏ရည်ရွယ်ချက်သည် သစ်တောများပိုမိုဖြစ်ထွန်းလာစေရေးနှင့် သစ်တောများပြုန်းတီးမှုလျှော့ချရေးပင်ဖြစ်သည်ဟု စာရေးသူအနေဖြင့်နားလည်ထားပါသည်။ ထို့ကြောင့် သစ်တောပြုန်းတီးခြင်းနှင့် နောက်ကွယ်က ရရှိလာမည့်နောက်ဆက်တွဲရလဒ်အကျိုးများကို လေ့လာသိရှိသမျှ စာဖတ်ပရိတ်သတ်တို့ကို ပြန်လည်မျှဝေလိုပါသည်။
၂၀၁၅ ခုနှစ် သစ်တောဦးစီးဌာနမှ ထုတ်ပြန်ထားသည့် သစ်တောသုတေသနစစ်တမ်းတွင် မြန်မာနိုင်ငံ ကုန်းမြေဧရိယာစုစုပေါင်း၏ ၄၂.၉၃% ခန့်သည် သစ်တောများဖုံးလွှမ်းလျက်ရှိသည်။ သို့သော် ၂၀၁၈ ခုနှစ် REDD+ အဖွဲ့အစည်း၏ သစ်တောသုတေသနစစ်တမ်းအရ သစ်တောများဖုံးလွှမ်းမှု ဧရိယာသည် ၄၂.၁%ခန့် သာ ကျန်ရှိသောကြောင့် စာရေးသူအနေဖြင့် တစ်နှစ်လျှင် ၀.၃၀%ခန့် သစ်တောများ ပြုန်းတီးလျက်ရှိသည်ဟု သုံးသပ်မိပါသည်။
မြန်မာနိုင်ငံ၏ သစ်တောများပြုန်းတီးခြင်းကို တိုက်ရိုက်တွန်းအားများဖြစ်စေသော အဓိက အကြောင်းအရင်းများမှာ အကြီးစားနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့စိုက်ပျိုးခြင်း၊ သတ္တုတူးဖော်ခြင်း (အထူးသဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်မှ အကြီးစားနှင့် အသေးစား သတ္တုတူးဖော်ခြင်း)၊ ရေအားလျှပ်စစ်များ ထုတ်လုပ်နိုင်ရန် ရေလှောင်တမံများ တည်ဆောက်ခြင်းနှင့် အခြေခံအဆောက်အအုံများဖြစ်သည့် လမ်းများနှင့် မြို့ပြဧရိယာများ ဖွံ့ဖြိုးတိုးတက် အောင် တည်ဆောက်ခြင်း စသည်တို့ဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံရှိ သစ်တောများ သစ်တောအတန်းအစားကျဆင်းခြင်းကို ဖြစ်စေသော တိုက်ရိုက် တွန်းအားများမှာ တရားဝင်နှင့် တရားမဝင်သောနည်းလမ်းများဖြင့် သစ်များအလွန်အကျွံထုတ်ယူခြင်း၊ လောင်စာအဖြစ် ထင်း၊ မီးသွေး အသုံးပြုခြင်းနှင့် ရွှေ့ပြောင်းတောင်ယာများ စိုက်ပျိုးခြင်း စသည်တို့ဖြစ်သည်။
မြန်မာနိုင်ငံ၏ သစ်တောများပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်းကို ဖြစ်စေသော သွယ်ဝိုက်တွန်းအားများမှာမူ သစ်တောဦးစီးဌာနတွင် ဝန်ထမ်းအင်အားလုံလောက်မှုမရှိခြင်း၊ တရားဥပဒေလေးစားလိုက်နာမှုမရှိခြင်း၊ စားဝတ်နေရေးဖူလုံရန်အတွက် အစားထိုးအသက်မွေးဝမ်းကြောင်းလုပ်ငန်းများ မရှိ ခြင်း၊ အလယ်အလတ်တန်းစားလုပ်ငန်းများ တိုးပွားလာခြင်းကြောင့် သယံဇာတများပိုမိုလိုအပ်လာခြင်းနှင့် သစ်တောဂေဟစနစ်၏ ဝန်ဆောင်မှုများကို ကောင်းစွာတန်ဖိုးထားမှုမရှိခြင်း စသည်တို့ဖြစ်သည်။
အထက်ပါဖော်ပြသည်အတိုင်း သွယ်ဝိုက်၍ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ သစ်တောများဖျက်စီးခြင်း သို့မဟုတ် ပြုန်းတီးစေခြင်းသည် ကာဗွန်ဒိုင်အောက်ဆိုဒ် CO2 များစွာကို လေထုထဲသို့ ပြန်လည်ထုတ်လွှတ်မှုကို ဖြစ်ပေါ်စေပြီး ကမ္ဘာပေါ်သို့ကျရောက်လာမည့် ခရမ်းလွန်ရောင်ခြည် တိုက်ရိုက်ကျရောက်မှုကာကွယ်ခြင်းကို လျှော့နည်းစေပါသည်။ အကြောင်းရင်းမှာ အလေးချိန် ၁၀၀၀၀ ကီလိုဂရမ်ရှိသော သစ်ပင်တစ်ပင် သေဆုံးလျှင်၊ မီးရှို့လျှင် သို့မဟုတ် ထင်းခုတ်ကာ လောင်စာအဖြစ်အသုံးပြုလျှင် ကာဗွန်ဒိုင်အောက်ဆိုဒ် CO2 ကီလိုဂရမ် ၁၄၀၀၀ ကို ထုတ်လွှတ်နိုင်သောကြောင့်ဖြစ်သည်။ ကမ္ဘာနှင့်နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံသည် စက်ရုံများမှ ကာဗွန်ဒိုင်အောက်ဆိုဒ် CO2 ထုတ်လွှတ်မှုပမာဏထက် သစ်တောပြုန်းတီးမှုများမှ ကာဗွန်ဒိုင်အောက်ဆိုဒ် CO2 ထုတ်လွှတ်မှုပမာဏ ပိုမိုများပြားသည်ကို သိရှိရပါသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ် CO2 သည် လေထုထဲတွင် သဘာဝအလျောက်တည်ရှိနေပြီး ရေနံ၊ ကျောက်မီးသွေးနှင့် သဘာဝဓါတ်ငွေ့များကို လောင်ကျွမ်းစေခြင်း၊ သစ်တောများကို ပြုန်တီးစေခြင်းကဲ့သို့သော လူသားတို့၏ လုပ်ဆောင်မှုများကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် CO2သည် လေထုထဲသို့ပြန်လည်ထုတ်လွှတ်ကာ ကမ္ဘာပေါ်သို့ ခရမ်းလွန်ရောင်ခြည်တိုက်ရိုက်ကျရောက်မှု ဖြစ်စေပြီး ရာသီဥတုဖောက်ပြန်မှုများကို ဆိုးဆိုးရွားရွားဖြစ်စေသည်။
ရာသီဥတု(ဖောက်ပြန်)ပြောင်းလဲခြင်းကြောင့် ရေလွှမ်းမိုး(ကြီး)ခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ စိုက်ပျိုးသီးနှံများ ပျက်စီးခြင်း၊ ရောဂါထွေပြားခြင်းနှင့် ပြောင်းရွှေ့နေထိုင်ရခြင်း စသည့် လူမှုစီးပွားရေးထိခိုက်မှုများ၊ ဆိုးကျိုးများကို ဖြစ်ပေါ်စေပါသည်။
ရာသီဥတုပြောင်းလဲမှုများသည် လူသားတို့၏ လုပ်ဆောင်မှုများကြောင့်ဖြစ်သကဲ့သို့ ကမ္ဘာပေါ်သို့ တိုက်ရိုက်ကျရောက်လာမည့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်(အိုဇုန်းလွှာပါးလွှာမှု)ကို ကာကွယ်နိုင်ရန် လေထု ထဲတွင် သဘာဝအလျောက်တည်ရှိနေသော ကာဗွန်ဒိုင်အောက်ဆိုဒ် CO2 ကို ထိန်းသိမ်းထားခြင်းအားဖြင့် ရာသီဥတုပြန်လည်ပိုမိုကောင်းမွန်လာစေရန် လုပ်ဆောင်ရမည့်တာဝန်သည်လည်း လူသားတို့၏ တာဝန်ပင်ဖြစ်သည်။ သစ်တောများကို ထိန်းသိမ်းခြင်း၊ လွင်တီးခေါင်နေရာများတွင် သစ်တောအသစ်များ စိုက်ပျိုးခြင်းနှင့် ပျက်စီးနေသော သစ်တောများကို ပြန်လည်ထိန်းသိမ်းပျိုးထောင်ခြင်းဖြင့် သစ်တောများမှ ကာဗွန်ဒိုင်အောက်ဆိုဒ် CO2 ထုတ်လွှတ်မှုကို လျှော့ချနိုင်ပြီး သဘာဝအလျောက်တည်ရှိနေသော ကာဗွန်ဒိုင်အောက်ဆိုဒ် CO2ကို တိုးပွားလာစေရန် လုပ်ဆောင်ရမည်ဖြစ်သည်။ နိုင်ငံတော်အဆင့်တွင် ကြိုးဝိုင်းနှင့်ကြိုးပြင်ကာကွယ်တောများ ထိထိရောက်ရောက် သတ်မှတ်ကာကွယ်ထိန်းသိမ်းခြင်း၊ ဒေသန္တရအဆင့်တွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများ တည်ထောင်ခြင်း၊ ဒေသခံများနှင့် ၎င်းတို့၏ ဓလေ့ထုံးတမ်းအရ ထိန်းသိမ်း ထားသည့် ကျေးရွာပိုင်သစ်တောများ၊ သာသနာ (ဘုန်းကြီးကျောင်း)ပိုင်သစ်တောများနှင့် ရေထိန်း(ရေဝပ် ဧရိယာ ထိန်းသိမ်းခြင်း)တောများ စသည်တို့ကို သက်ဆိုင်ရာလူမှုအဖွဲ့အစည်းများမှ စည်းမျဉ်းစည်းကမ်းများဖြင့် ထိထိရောက်ရောက် သတ်မှတ်ကာကွယ် ထိန်းသိမ်းခြင်းနည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ လုပ်ဆောင်ရာတွင် အစိုးရတစ်ခု၊ အဖွဲ့အစည်းတစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းဖြင့် အကောင်အထည်ဖော်လုပ်ဆောင်၍မရနိုင်ပါ အားလုံးပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။
ထို့ကြောင့် သစ်တောများပြုန်းတီးစေခြင်းနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် CO2 ထုတ်လွှတ်မှုများကို ကာကွယ်ခြင်းဖြင့် ရှင်သန်ကြီးထွားနေသော သစ်တောများသည် လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုဒ် CO2 ကို စုပ်ယူပေးသည့်အတွက် ရာသီဥတုပြောင်းလဲမှုဆိုးကျိုးများကို လျော့ကျစေခြင်း၊ ဂေဟစနစ်ပြန်လည်ကောင်း မွန်လာစေခြင်း၊ ရေအရင်းအမြစ်များအား ထိန်းသိမ်းပေးခြင်း၊ မြေဆီလွှာထိန်းသိမ်းပေးခြင်း၊ ရာသီဥတုမျှတစေ ခြင်းနှင့် သက်ရှိဇီဝမျိုးနွယ်စုများအား ထိန်းသိမ်းပေးခြင်းအပြင် သစ်တောသယံဇာတများအား စဉ်ဆက်မပြတ် ကာကွယ်ထိန်းသိမ်းခြင်ဖြင့် ဂေဟစနစ်အား အကျိုးပြုမှုများနှင့် လူမှုစီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများကို ရေရှည်ရရှိခံစားနိုင်မည်ဖြစ်သောကြောင့် စာဖတ်ပရိတ်သတ်များအနေဖြင့် တစ်ဖက်တစ်လှမ်းမှ သစ်တောများ ကို ကာကွယ်ထိန်းသိမ်းစေလိုသောဆန္ဒဖြင့် “သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် UN-REDD Programme တို့ပူးပေါင်းကျင်းပသော REDD+ ဆိုင်ရာအမြင်ဖွင့်ဆွေးနွေးခြင်း အစည်းအဝေး ဆွေးနွေးပွဲနှင့် REDD+ မဟာဗျူဟာအကြံပြုဆွေးနွေးခြင်းအစည်းအဝေး ဆွေးနွေးပွဲ”မှ အချက်အလက်များ ကိုးကား၍ ရေးသားမျှဝေအပ်ပါသည်။
ခွန်ကတောင်လေ
(ခမ်းစန္တာ;ဟေ့,)
Like On Facebook
Follow On Twitter
Subscribe On RSS