Sunday, September 8, 2019

ဆီဆိုင်မြို့နယ်၊ မိုက်တီးကျေးရွာတွင် စီးပွားဖြစ် ကိုးရီးယားငရုပ်သီးမျိုးကို အောင်မြင်စွာ စမ်းသပ်စိုက်ပျိုး

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်




ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ မိုက်တီးကျေးရွာတွင် ဂျပန်၊ မလေးရှား၊ ကိုးရီးယား၊ မြန်မာနိုင်ငံအပါအ၀င် ၂၀၁၉-ခုနှစ်မှ စ၍ ကိုးရီးယားငရုပ်သီးမျိုးကို မိုက်တီးကျေးရွာဒေသခံများနှင့် အထူးဒေသ(၆)ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) စီးပွားရေးဌာန(၁)တာဝန်ခံ ဗိုလ်မှူးခွန်အောင်ခမ်းတို့ ပူးပေါင်းကာ နိုင်ငံခြားစမ်းသပ်မျိုးကို အပင်ပေါင်း(၂၀၀၀၀) (၄)ဧကခန့် အောင်မြင်စွာ စမ်းသပ်စိုက်ပျိုးလျှက်ရှိကြောင်း သိရှိရပါသည်။

ပထမဆုံးအနေဖြင့် ကျွန်တော်တို့က မိုက်တီးကျေးရွာမှာ မိုးတွင်း ကိုးရီးယားငရုပ်သီးမျိုးကို အောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ပြီဖြစ်ကြောင်း ဆောင်းရာသီတွင် အခြားသောနိုင်ငံခြားမျိုးစေ့များကိုလည်း စမ်းသပ်စိုက်ပျိုးသွားဦးမည်ဖြစ်ကြောင်း၊ မိုးရာသီတွင် စမ်းသပ်စိုက်ပျိုးသော ကိုးရီးယားငရုပ်သီးမျိုးအမည်မှာ Hp- 833၊ Hp-822တို့ဖြစ်ပြီး ဆောင်းရာသီတွင် Hp- C J-1 ကိုးရီးယားမျိုးနှင့် THAI Spicy- 2ငရုပ်သီးမျိုးများကို စမ်းသပ်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပအိုဝ်းဒေသတွင် စမ်းသပ်စိုက်ပျိုးမှုများအောင်မြင်လာပါက မြို့နယ်အနှံ့အပြားတွင် နိုင်ငံခြားမျိုးစေ့များကို ဖြန့်ဝေရောင်းချပြီး တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကိုယ်စားလှယ် နိုင်ငံခြားငရုပ်သီးမျိုး စမ်းသပ်စိုက်ပျိုးရေး မန်နေဂျာဦးကျော်နိုင်ပြောပြချက်အရ သိရှိရပါသည်။

အဆိုပါ မိုက်တီးကျေးရွာ ကိုးရီးယားငရုပ်သီး စမ်းသပ်စိုက်ပျိုးကွက်တွင် (၁)ဧက ကုန်ကျငွေ ကျပ်သိန်း(၂၀)၀န်းကျင် ကုန်ကျပြီး အောင်မြင်သော အပင်(၁)ပင်တွင် ၂ပိဿာ  ခန့် ထွက်ရှိ၍ (၁)ပိဿာ   ကို ကျပ်(၄၀၀၀)မှ (၆၀၀၀)အထိ ညောင်ရွှေ၊ မန္တလေး၊ ရန်ကုန်ဟိုတည်ကြီးများနှင့် C J-1ကုပ္မဏီသို့ လက်ရှိတွင် အဓိကထား တင်ပို့ ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြစ်သား၊ ကျောက်ဆည်မြို့နယ်များတွင် ကိုးရီးယားငရုပ်သီးများ စမ်းသပ်စိုက်ပျိုးရာတွင် အောင်မြင်မှုမရရှိဘဲ ရှမ်းပြည်နယ်တောင်ပိုင်းတွင် အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း ၎င်းငရုပ်သီးများကို (၁၀)ရက်တစ်ခါပုံမှန် ခူးဆွတ်ရကြောင်း ဦးကျော်နိုင်ပြောပြချက်အရ သိရှိရပါသည်။ ၎င်းကိုးရီယားမျိုးစေ့များကို မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရကသာ မျိုးစေ့များကို အောင်မြင်စွာ မျိုးစပ်နိုင်ပြီး စီးပွားဖြစ် စိုက်ပျိုးနိုင်ရန် လာမည့်နှစ်တွင် တောင်သူလယ်သမားများအား မိတ်ဆက်အသိပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ခွန်ထွိုက်ခမ်း
Powered by Blogger.