Wednesday, January 15, 2020

အပြောထက် လက်တွေ့အလုပ်လုပ်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်အောင် ပြိုင်ဆိုင်ကြပါ ရွှေပအိုဝ်းတို့

တောင်ကြီး၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၆) ရက်




၂၀၁၉-ခုနှစ်၊ ဒီဇင်ဘာလ(၁၃)ရက်နေ့တွင် ဖွင့်လှစ်သည့် လွယ်ဘောင်းဒေသ၏ ကျေးရွာ ကွန်ကရစ်လမ်းများဖွင့်ပွဲပုံရိပ်များ၊ မဖွင့်လှစ်ခင်က အွန်လိုင်းစာမျက်နှာပေါ်တွင် နေပြည်တော်လည်း မဟုတ်သလို၊ ရန်ကုန်လည်းမဟုတ်ဆိုသည့် ဓါတ်ပုံများ၊ ခရီးသွားလုပ်ငန်းတစ်ခုက လာရောက် ရိုက်ကူးသွားသည့် ခရီးသွားဗီဒီယိုကလစ်များကိုကြည့်ပြီး ကြက်သီးထလောက်အောင် လေးစား အားကျမိသောကြောင့် မိမိခေါင်းထဲတွင် အတွေးတစ်စဝင်လာမိသည်။ ပအိုဝ်းဒေသတစ်ခုလုံး အဆိုပါ လွယ်ဘောင်းဒေသကဲ့သို့ ပြိုင်တူဖွံ့ဖြိုးတိုးတက်လျှင် မည်မျှပင်ကောင်းမလဲပေါ့။ ပအိုဝ်းတစ်မျိုးသားလုံး လွယ်ဘောင်းဒေသမှ ဆရာတကာများကဲ့သို့ စည်းလုံးညီညွတ်ကြလျှင် မည်မျှပင်ကောင်းမလဲပေါ့။ ဘာကြောင့် မတိုးတက်ကြသလဲ။ ဘာကြောင့် မစည်းလုံးကြသလဲပေါ့။ 

လွန်ခဲ့သော ၂၀၁၄-ခုနှစ်တုန်းကပေါ့။ ကျနော်သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အခြားပအိုဝ်း တိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာအတော်များများကို ညအိပ်ခရီးဖြင့် သော်လည်းကောင်း၊ တစ်ရက်တာခရီးဖြင့်သော်လည်းကောင်း ရောက်ခဲ့ဖူးသည်။ ညအိပ်ခရီးစဉ်များတွင် ကျောင်းထိုင် ဘုန်တော်ကြီးများ၊ ကျေးရွာသူကြီးများ၊ ကျေးရွာလူငယ်ခေါင်းဆောင်များ၊ ရွာသူ/သား များနှင့် ဒေသ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးရေးကိစ္စများနှင့်ပတ်သက်၍ စကားစမြည် ပြောခဲ့ကြကာ တစ်ခါတစ်ရံ မိုးလင်းပေါက်ခဲ့ဖူးသည်များလည်း ရှိခဲ့ဖူးလေသည်။ 

အချို့ပအိုဝ်းဒေသများတွင် ကျေးရွာ၏ အိမ်ခြေများပြားသော်လည်း ကြီး(၃)ကြီးဖြစ်သည့် ဘုန်းတော်ကြီး၊ ကျောင်းအုပ်ဆရာကြီးနှင့် ကျေးရွာသူကြီးတို့၏ စည်းလုံးညီညွတ်မှု အားနည်းခြင်းကြောင့် လူများပွဲ မစည်ဆိုသကဲ့သို့ ကျေးရွာ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ ထင်ထားသလောက် မပြုလုပ်နိုင်သည့် ကျေးရွာများ ရှိသကဲ့သို့ အချို့ကျေးရွာများတွင်လည်း ကျေးရွာ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ အတော်အသင့်ပြုလုပ် နေကြပြီး ဖွံ့ဖြိုးတိုးတက်မှုအားကောင်းနေသည့် ကျေးရွာများလည်း အများအပြားရှိနေ ပေသည်။
ထို့အပြင် အချို့ဒေသများတွင် ကျေးရွာ၏ အိမ်ခြေနည်းပါးသော်လည်း ကြီး(၃)ကြီးဖြစ်သည့် ဘုန်းတော်ကြီး၊ ကျောင်းအုပ်ဆရာကြီးနှင့် ကျေးရွာသူကြီးတို့၏ စည်းလုံးညီညွတ်မှု အားကောင်းခြင်း ကြောင့် သေးပေမယ့် အဆိပ်ပြင်းသည့် မြွေပွေးကဲ့သို့ ကျေးရွာ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော်ရာတွင် အိမ်ခြေများပြားသောကျေးရွာကြီးများထက် ဖွံ့ဖြိုးတိုးတက်မှုအားကောင်းနေ သည့် ကျေးရွာငယ်များလည်း အများအပြားရှိနေပြန်သည်။ 

အချို့ကျေးရွာများတွင် တစ်မူထူးခြားသည်ကား အစိုးရမှ ဘတ်ဂျက်မချပေးလျှင် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို မိမိတို့အသိစိတ်ဖြင့် အကောင်အထည်မဖော်သည့် ကျေးရွာများ ရှိလေပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှ အောက်ကျနောက်ကျကျန်နေခဲ့သည်။ သို့သော် အချို့ကျေးရွာများတွင် အစိုးရနှင့်ပူးပေါင်း၍သော်လည်းကောင်း၊ မိမိတို့ ကိုယ်ထူကို်ယ်ထ အသိစိတ်ဖြင့်သော်လည်းကောင်း အကောင်အထည်ဖော်ကြ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရှေ့ဆုံးတွင် ဦးဆောင်နေကြသည်ကိုလည်း တွေ့ရပြန်သည်။ 

မိမိရောက်ဖူးသည့်ကျေးရွာများထဲမှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသ၊ နောင်ပီကျေးရွာအုပ်စု၊ လွယ်ဘောင်းကျေးရွာ၏ ဒေသဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း အကောင်အထည်ဖော်နေသည်များကို လေးစားအားကျဖွယ်အကောင်းဆုံးဟု သတ်မှတ်မိသည်။ ဖွံ့ဖြိုးရေးလုပ်ငန်းဦးဆောင်ရာတွင် စိတ်အားထက်သန်သည့် ဘုန်းတော်ကြီးနှင့် ဦးပဥ္စင်းကြီး၊ ကျေးရွာ သူကြီး၊ ကျောင်းအုပ်ကြီး၊ ကျေးရွာလူငယ်ခေါင်းဆောင်များ၊ ရွာသူ/သားများ၊ လူပျိုအပျိုများ၊ ကျောင်းသား/သူများ စုစည်းနေထိုင်ကြ၍  ဖွံ့ဖြိုးတိုးတက်မှုရှေ့ရောက်နေကြသည်။ အလည်လာသည့် ခရီးသွားအတွက် ကျေးရွာအတွင်းတွင် ခမ်းနားထည်ဝါသည့် ဘုန်းတော်ကြီးကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်းကြီး၊ ဦးပဥ္စင်းမှ ဦးဆောင်၍ ဘုန်းတော်ကြီးကျောင်းအတွင်း ဖွင့်လှစ်ထားသည့် လူငယ်ပရဟိတကျောင်း၊ ကမ္ဘောဇအနာဂါတ်အလင်းတန်းဖောင်ဒေးရှင်းမှ တူးဖော်လှူဒါန်းထားသည့် အဝီစိရေတွင်းကြီး၊ ရန်ကုန်မြို့ ရွှေပလ္လင်စားသောက်ဆိုင်မှ လှူးဒါန်းထားသည့် သုံးထပ် ကျောင်းဆောင်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ပြည်သူလူထုတို့ပူးပေါင်း ဆောက်လုပ်ထားသည့် ဖြောင့်ဖြူးနေသည့် ရွာအဝင်၊ ရွာတွင်းရှိ ကွန်ကရစ်လမ်းများ၊ အဆိုပါလမ်းတစ်လျှောက်တွင် စည်းကမ်းရှိစွာဖြင့် စနစ်တကျချထားသည့် အမှိုက်ပုံးများ၊ ကြီးမားသည့် ဥယျာဉ်ခြံကြီးများက လာရောက်လည်ပတ်သည့် ခရီးသွားများကို နွေးထွေးစွာ ကြိုဆိုနေသည်။ 

လွယ်ဘောင်းကျေးရွာတွင် အဓိကအားဖြင့် လက်ဖက်၊ ထောပတ်၊ သစ်တော်သီး၊ လိမ္မော်သီး၊ အာလူး၊ ရွှေပဲသီးအပြင် အခြားသော ဥယျာဉ်ခြံလုပ်ငန်းများဖြင့် နာမည်ကြီးလေသည်။ ပင်လောင်းမြို့နယ်ထဲတွင် ဥယျာဉ်ခြံစိုက်ပျိုးမှုကိုဦးစွာစိုက်ပျိုးသည့်ရွာဆိုလည်းမှားမည်မထင်။
 ဥယျာဉ်ခြံများများပြန်လည်စိုက်ပျိုးမှု၊ သစ်ပင်များအလွန်အကျွံမခုတ်ထွင်မှု၊ သစ်တောသစ်ပင်ကို ချစ်ခင်တွယ်တာမှုကြောင့် မည်မျှပင် ပူလောင်သည့် နွေရာသီပင်ဖြစ်နေပါစေ ပူပြင်းမှုမရှိဘဲ အေးမျှသည့်ရာသီဥတုကို ခံစားရလေသည်။ မိုးရာသီဆိုလည်း မိုးရေချိန်အတက်အကျများ လျော့နည်းကာ မိုးခေါင်ခြင်းမရှိဘဲ မိုးပုံမှန်ရွာပြီး ဆောင်းရာသီဆိုလည်း အပူချိန်လျော့နည်းကာ အအေးပိုမှုမရှိဘဲ အေးချမ်းသည့်ရာသီဥတုဖြစ်ပြန်သည်။

ထို့အပြင် ကျေးရွာအတွင်းရှိ လူကြီးလူငယ်များအား လမ်းပေါ်အမှိုက်များမပြန့်စေရန်၊ အမှိုက်မြင်လျှင် ကောက်ကာ အမှိုက်ပုံးထဲတွင် စည်းစနစ်ကျကျပစ်တတ်ရန် သင်ကြားလမ်းညွန်ထား ကြသည်။ ထို့အတူ ကျေးရွာအတွင်းရှိ အမှိုက်များကို နံနက်အစောပိုင်းတွင်တစ်ချိန်၊ ညနေပိုင်း တွင်တစ်ချိန် အဘိုးအဘွားများ၊ ကျောင်းသားများ၊ ရွာသူ/သားများမှ လိုက်လံကောက်ယူကြပြီး အမှိုက်ပုံးများထဲတွင်ထည့်ကာ အမှိုက်လိုက်သွန်နေသည့် ပုံရိပ်များကို လေးစားအားကျဖွယ် မြင်တွေ့ ရပါသည်။  ထို့ကြောင့် ယခုအခါတွင် ခရီးသွားလုပ်ငန်းများက လွယ်ဘောင်းဒေသကို ခရီးသွားသင့် သည့်ဒေသအဖြစ် သတ်မှတ်လာပါသည်။
အချို့ပအိုဝ်းဒေသရှိ ကျေးရွာများတွင် လွယ်ဘောင်းဒေသကဲ့သို့ ကျေးရွာအိမ်ခြေများပြားသော် လည်း စည်းလုံးညီညွတ်မှုအားနည်းခြင်း၊ အလုပ်ထက် အပြောကို ပိုမိုအားသာကြသောကြောင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ထင်သလိုမပေါက်မြောက်ကြသည်ကို တွေ့ရှိရပါသည်။ သို့သော် အချို့ကျေးရွာ များသည် လွယ်ဘောင်းဒေသကို စံနမူနာထားကာ အမှီလိုက်နေကြသည်ကို တွေ့ရှိရပြန်သည်။

အချုပ်ပြောရသော် လွယ်ဘောင်းဒေသရှိ ဆရာတကာများသည် အပြောထက် အလုပ်ဖြင့် သက်သေပြကြသည့်မူကို လက်ကိုင်စွဲထားကြသည်ဟု သတ်မှတ်ရပေလိမ့်မည်။ ထို့ကြောင့် ပအိုဝ်း တိုင်းရင်းသားကျေးရွာများအား လွယ်ဘောင်းဒေသ ဆရာတကာများ၏ မူကို အတုယူကြပါ။ အပြော ထက် အလုပ်ဖြင့်သက်သေပြကြသည့် လွယ်ဘောင်းဒေသကို လေးစားအားကျပါ။ အမှီလိုက်ကြပါ။ လွယ်ဘောင်းဒေသကဲ့သို့ ဒေသဖွံ့ဖြိုးရေးကို အလေးပေးသည့် ဓလေ့စရိုက်ကို အတုယူကြပါ။ မကောင်းသည့် ပြိုင်ဆိုင်မှုထက်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြင့် ပြိုင်ဆိုင်မှုစိတ်ဓါတ်များဖြင့် ပြိုင်ဆိုင်ကြပါ။ သို့မှသာလျှင် မိမိတို့ပအိုဝ်းတစ်မျိုးသားလုံး၏ ဘဝနေထိုင်မှု၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးအဆင့်အတန်းများ ယခင်ထက် ပိုမိုဖွံ့ဖြိုတိုးတက်လာနိုင်မည်ဖြစ်သည်။
ထို့ကြောင့် လွယ်ဘောင်းဒေသသည်လည်း ပအိုဝ်းလူမျိုးတို့၏ စံပြဒေသဟူသော ဂုဏ်ကို နှစ်လရှည်ကြာစွာတည်တံ့ခိုင်မြဲပါစေ။ ယခင်ထက် ပိုမိုဖွံ့ဖြိုးတိုးတက်ပါစေ။ ပိုမိုစည်းလုံးညီညွတ်ကြပါ စေဟု ဆုတောင်းရင်း ပအိုဝ်းဒေသတစ်ခုလုံးလည်း လွယ်ဘောင်းဒေသကဲ့သို့ ဖွံ့ဖြိုးတိုးတက်ပါစေ။ လွယ်ဘောင်းဒေသကို အတုယူကာ ပြိုင်ဆိုင်နိုင်ပါစေ။ လွယ်ဘောင်ရွာထက် အဆပေါင်းများစွာ ဖွံ့ဖြိုး တိုးတက်သည့် ပအိုဝ်းကျေးရွာများ မြောက်များစွာ ပေါ်ထွက်လာပါစေဟုဆုတောင်းရင်း လွယ်ဘောင်း ဒေသ ဆရာတကာများ၏ ဖွံ့ဖြိုးတိုးတက်ရေးမူဖြစ်သော အပြောထက် လက်တွေ့အလုပ်လုပ်ခြင်း မူကို လက်ကိုင်စွဲကာ မိမိတို့ ပအိုဝ်းလူမျိုးတို့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်ထက်ထမ်းပိုး ဆောင်ရွက်နိုင်ကြပါစေဟု တောင်းဆုခြွေပေးအပ်ပါသည်။

နိဂုံးချုပ်အနေဖြင့် မိမိတို့ ဒေသအတွက် အပြောထက်လက်တွေ့အလုပ်လုပ်ခြင်းဖြင့် ဒေသ ဖွံ့ဖြိုးတိုးတက်အောင် ပြိုင်ဆိုင်ကြပါစို့ ရွှေပအိုဝ်းတို့ဟု တိုက်တွန်းလိုက်ရပါသည်။

ခွန်ယွေးယဲင်(ခမ်းစန္တားဟေ့)

Powered by Blogger.