Thursday, February 20, 2020

ပအိုဝ်းအမျိုးသားနေ့

တောင်ကြီး၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်


အမျိုးသားနေ့သည် လူတိုင်းအဖို့ထူးခြားသည့် ဂုဏ်ထူးဝိသေသဖြင့် ပြည့်စုံသည့် နေ့ထူးနေ့မြတ်ပင် ဖြစ်၏ တစ်နည်းအားဖြင့် အမျိုးသားနေ့ဟူသည့် မိမိတို့လူမျိုးကို ပြည်လည်မှတ်တမ်းတင်ခြင်းပင် ဖြစ်သည်။ အမျိုးသားနေ့သည် ဇာတိသွေး၊ ဇာတိမာန် စိတ်ဓါတ်များ၊ အမျိုးသားရေးစိတ်ဓါတ်များ ထက်မြက်ရှင်သန်ရေး၊ နိုင်ငံတော်ကိုချစ်မြတ်နိုးသော စိတ်ဓါတ်များ ကိန်းအောင်းလာစေရန် လှုံ့ဆော်ပေးသည့်နေ့ပင် ဖြစ်လေသည်။ ထို့ကြောင့် အမျိုးသားနေ့သည် လူမျိုးတိုင်းအတွက် ထူးခြားသောနေ့ပင် ဖြစ်၏ ။

ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့၏ ထူးခြားသည့် သမိုင်းအစဉ်အလာကို အကြောင်းပြု၍ “ဒဲဉ်သီးလာဗွေ” (တပေါင်းလပြည့်)နေ့ ရောက်တိုင်း “ပအိုဝ်းအမျိုးသားနေ့”ကို နှစ်စဉ်မပျက် ကျင်းပလျက်ရှိသည်။ ဤတွင် ပအိုဝ်းအမျိုးသားနေ့နှင့် ပတ်သက်၍ ဖော်ပြရသော် ပအိုဝ်းတိုင်းရင်းသားတို့သည် ကျေးဇူးတရားသိရှိမှု၊ ကျေးဇူးတရားကို နားလည်သဘောပေါက်မှု စသော ဗုဒ္ဓဘာသာ၏ အဆုံးအမကို လေးစားယုံကြည်စွာ နှလုံးသွင်းကြသူများ ဖြစ်ကြ၏ အမျိုးသားနေ့သည် မိမိတို့လူမျိုး ဘိုးဘွားမျိုးနွယ်ဆက်များ၏ ကျေးဇူးတရားကို အောက်မေ့သတိရသည့်စိတ်မှ ပေါက်ဖွားလာခြင်း ဖြစ်သည်။ ထို့ကြောင့် အမျိုးသားနေ့သည် ကျေးဇူးတရားကို သိမှုမှ စတင်ခဲ့သည်ဟု ဆိုနိုင်၏ ။

လွန်ခဲ့သောနှစ်ပေါင်း (၂၅၀၀)ကျော်၊ မဟာသက္ကရာဇ် (၃)နှစ် တပေါင်းလပြည့်နေ့၊ စနေနေ့၊ လဝင် နေထွက်၊ လရောင်နေရောင် ထွန်းပြောင်ထိန်လင်း ရောယှက်သောအချိန်တွင် မင်းတပါးဖွားမြင်ခဲ့သည်။ ထိုမင်းသည် လဝင်နေထွက်ချိန်တွင် မွေးဖွားသဖြင့် သူရိယစန္ဒာ ဟုခေါ်သည်။ သူရိယစန္ဒာမင်းသည် ပအိုဝ်းတိုင်းရင်းသားတို့၏ ဂုဏ်ကို မြှင့်တင်ပေးခဲ့သည်။ ပအိုဝ်းတိုင်းရင်းသားတို့၏ တောက်ပသော ခေတ်ကာလကို ဖန်တီးပေးခဲ့၏ သထုံမြို့ရှိ လေးဆူဓါတ်ပုံ ရွှေစာရံစေတီတော်ကို တည်ခဲ့သည့် သာသနာ့ဒါယိကာမင်းမြတ်ဖြစ်၏ ဤကျေးဇူးတရားကို အောက်မေ့သောအားဖြင့် ပအိုဝ်းတိုင်းရင်းသားတို့၏ ဂုဏ်ရောင်ကို ထွန်းပြောင်စေခဲ့သော သူရိယစန္ဒာမင်း၏ မွေးနေ့ဖြစ်သည့် တပေါင်းလပြည့်နေ့ကို “ပအိုဝ်းအမျိုးသားနေ့” (ဒဲဉ်သီႏလာဗွေ)အဖြစ် သတ်မှတ်ကြခြင်း ဖြစ်သည်။

ထို့ပြင် ပအိုဝ်းတိုင်းရင်းသားတို့သည် လယ်ယာခြံလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြ၏ ။ လယ်ယာခြံလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသော ပအိုဝ်းတိုင်းရင်းသားတို့သည် လုပ်ငန်းခွင်ပြီးစီးသည့် တပေါင်းလတွင် ကောက်ဦးတင်ပူဇော်ပွဲ ကျင်းပကြ၏။ ကောက်ဦးတင်ပူဇော်ပွဲတွင် ဗုဒ္ဓရှင်တော်နှင့် ဆွေတော်မျိုးတော်၊ မိအိုဖအို အကြီးအကဲများကို ဆွမ်းဦးကပ်လှူကာ ကောက်ဦးကျွေးမွေးပွဲများ ကျင်းပပြုလုပ်ကြသည်။ ကောက်ဦးတင် ပူဇော်ပွဲတွင် တောင်ပေါ်မြေပြန့် ရပ်နီးရပ်ဝေးဆွေမျိုးများ တနှစ်တကြိမ် တွေ့ဆုံခွင့်ရခဲ့ကြသည်။ ထိုကြောင့် တပေါင်းလပြည့်(ဒဲဉ်သီႏလာဗွေ)နေ့ ရောက်တိုင်း ရွှေစာရံဘုရားကုန်မြေတွင် ဘုရားကိုကောက်ဦးပူဇော်ပွဲ၊ ဆွေးမျိုးတွေ့ဆုံပွဲ လုပ်ရာမှ  ပအိုဝ်းအမျိုးသားနေ့ ပေါ်ပေါ်က်လာခဲ့ရသည်။

ယခင် ရန်ကုန်တက္ကသိုလ်နယ်မြေနှင့် မန္တလေးတက္ကသိုလ်နယ်မြေတို့တွင် အမျိုးသားနေ့အခမ်းအနားကို တက္ကသိုလ်များ ပအိုဝ်းတိုင်းရင်းသားစားပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီပက နှစ်စဉ်နှစ်တိုင်း ဦးစီးကျင်းပခဲ့သည်။ ယခုအခါ အမျိုးသားနေ့ကို သာမန်ကျင်းပခြင်းမျိုး မဟုတ်တော့ဘဲ ပိုမိုကျယ်ပြန့်သစ်လွင်သော အဓိပ္ပါယ်နှင့် အနှစ်သာရကို ဆောင်ယူနိုင်သည့် နေ့ထူးရက်မြတ်အဖြစ် ပြောင်းလဲကျင်းပလာကြသည်ကို တွေ့ရပေသည်။ တိုင်းရင်းသားအချင်းချင်း သွေးစည်းချစ်ကြည်ရေး၊ ပြည်ထောင်စုကြီး တည့်တံ့ခိုင်မြဲစေရေးစသည့်  ပိုမိုကျယ်ပြန့် သော ဦီးတည်ချက်များဖြင့် ကျင်းပလာကြသည့်အပြင်၊ နိုင်ငံတော်က သာသနာရေးဆိုင်ရာ ဘွဲ့ထူး၊ ဂုဏ်ထူး ဆက်ကပ်ခံရသည့် သံဃာတော်များကို ချီးကျူးဂုဏ်ပြုပူဇော်ခြင်း၊ သက်ကြီးရွယ်အိုများအား ရိုသေကန်တော့ခြင်း စသည့် ဘာသာရေး၊ လူမှုရေးများ ပြုလုပ်ကျင်းပလာသည်ကို တွေ့ရပေသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ ပြုစု ထုတ်ဝေသော (၁၅) နှစ်ပြည့် ငြိမ်းချမ်းရေး               အထိမ်းအမှတ်  “ပြည်ထောင်စုထဲက  ပအိုဝ်း” စာအုပ်မှ ထုတ်နှုတ်ဖေါ်ပြသည်။
PNO Admin Team

Powered by Blogger.