ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ရှမ်းပြည်နယ်၊ မဲဆန္ဒနယ် အမှတ် (၉) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေ မေးမြန်းသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နန်းဟူးကျေးရွာအုပ်စုနှင့် လွယ်တော်ကျေးရွာအုပ်စုရှိ ရွာပေါင်း(၉)ရွာအား ထရန်စဖော်မာနှင့် (၄၀၀) ဗို့အားလိုင်း ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/ မရှိ ကြယ်ပွင့်မပြမေးခွန်း မေးမြန်းမှုနှင့်ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အောက်ပါအတိုင်း ဖြေကြားအပ်ပါသည်။
၁။ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းချက်ပါ တောင်ကြီးမြို့နယ်၊ နန်းဟူးကျေးရွာအုပ်စုရှိ ထီဟော်၊ ဘောစော၊ မဲစောစဉ်၊ ကုန်းသာကျေးရွာနှင့် လွယ်တော်ကျေးရွာအုပ်စုရှိ ထီအွန်း၊ စခဲ၊ မြေနီ၊ ပုန်းအင်းနှင့် ကောင်းတောင်းကျေးရွာ စုစုပေါင်း ကျေးရွာ(၉)ရွာ ဓာတ်အားရရှိရေးအတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၈.၁၁ မိုင်၊ ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာ ၁၃လုံးနှင့် ၄၀၀ ဗို့ဓာတ်အားလိုင်း ၁၅မိုင် တည်ဆောက်ပေးရမည် ဖြစ်ပါသည်။
၂။ အဆိုပါ ကျေးရွာ ၉ ရွာတွင် တည်ဆောက်ရမည့် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၈.၁၁ မိုင်အား ကျေးရွာများမှ ကိုယ်ထူ ကိုယ်ထ တည်ဆောက်ပြီးစီးပြီးဖြစ်ပြီး ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁၅ မိုင်အနက် ထီဟော်ကျေးရွာအတွက် ၁ မိုင်အား၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပြီး၊ ဘောစောကျေးရွာ၊ မဲစောစဉ်ကျေးရွာနှင့် ကုန်းသာကျေးရွာများအတွက် ၄ မိုင်အား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့်လည်းကောင်း၊ ၃.၃ မိုင် အား ကိုယ်ထူကိုယ်ထအနေဖြင့်လည်းကောင်း ဆောင်ရွက်မည်ဖြစ်ရာ ၄၀၀ ဗို့ ဓာတ်အားလိုင်း ၆.၇ မိုင်အားကိုသာ ထပ်မံဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။ ထို့အပြင် တည်ဆောက်ပေးရမည့် ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာ ၁၃ လုံးအနက် ထီဟော်ကျေးရွာအတွက် ၁၁/၀.၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံး၊ ဘောစောကျေးရွာအတွက် ၁၁/၀.၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံး၊ မဲစောစဉ် ကျေးရွာအတွက် ၁၁/၀.၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ ၂ လုံးနှင့် ကုန်းသာကျေးရွာအတွက် ၁၁/၀.၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ ၂ လုံး စုစုပေါင်း ထရန်စဖော်မာ ၆ လုံး တည်ဆောက်ခြင်းလုပ်ငန်းများအား အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP – 1) ပထမအဆင့်ဖြင့် ဆောင်ရွက် ပေးသွားမည်ဖြစ်ရာ ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာ ၇ လုံးသာ ထပ်မံတည်ဆောက်ပေးရတော့မည် ဖြစ်ပါသည်။
၃။ သို့ဖြစ်ပါ၍ တောင်ကြီးမြို့နယ်၊ နန်းဟူးကျေးရွာအုပ်စုနှင့် လွယ်တော်ကျေးရွာအုပ်စုရှိ ရွာပေါင်း ၉ ရွာ လျှပ်စစ် ဓာတ်အားရရှိရေးအတွက် ထပ်မံလိုအပ်လျက်ရှိသော ၄၀၀ ဗို့ ဓာတ်အားလိုင်း ၆.၇ မိုင်၊ ၁၁/၀.၄ ကေဗွီ ၅၀ ကေဗွီအေ ထရန် စဖော်မာ ၁ လုံးနှင့် ၁၁/၀.၄ ကေဗွီ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၆ လုံး တည်ဆောက်ခြင်း လုပ်ငန်းများအား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရရန်ပုံငွေတွင် ထည့်သွင်းလျာထားနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှု အပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
ပအို၀်းအမျိုးသားအဖွဲ့ချုပ်(PNO)
လွှတ်တော်ရေးရာဌာန
တောင်ကြီးမြို့
Like On Facebook
Follow On Twitter
Subscribe On RSS