Sunday, September 15, 2019

“သင်၏ဝန်ထမ်းများကို ဂရုစိုက်ပါ”

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၆)ရက်


အလုပ်ခွင်ဝန်းကျင်တစ်ခုသည် ရုပ်ပိုင်းဆိုင်ရာတစ်ခုတည်းသာ မဟုတ်ပေ။ ၎င်းနေရာသည် အဖွဲ့အစည်း၊ ကုမ္ပဏီ၏ ပြယုဂ်တစ်ခုပင်ဖြစ်သည်။ အဖွဲ့အစည်း(သို့) ကုမ္ပဏီ၏လုပ်ငန်းခွင်တွင် အဆင်ပြေချောမွေ့ပါက အလုပ်ဌာနရှိဝန်ထမ်းများသည်လည်း စွဲစွဲမြဲမြဲရေရှည်လုပ်ကိုင်ရန် အခြေအနေကောင်းမည်ဖြစ်သည်။ လုပ်ငန်းခွင်တွင် ဝန်ထမ်းကြီးကြပ်သူများက ထူးချွန်သည့်ဝန်ထမ်းများ၏ အလုပ်စွမ်းရည်ကို အခြေခံပြီး သင့်တော်သည့် စီမံအုပ်ချုပ်မှုအပိုင်းများ၊ အချိန်ပိုင်းအလုပ်သမားအဆင့်မှ မန်နေဂျာအဆင့်သို့ ရာထူးတိုးမြှင့်ခန့်အပ်ခြင်းတို့ကို ပြုလုပ်ပေးခြင်းဖြင့် ထူးချွန်သည့်ဝန်ထမ်းများကဲ့သို့ သာမန်ဝန်ထမ်းများက နမူနာကြည့်ပြီး တစ်နေ့၎င်းတို့ကဲ့သို့ အဆင့်မြင့်ရာထူးနေရာသို့ ရောက်နိုင်သည်ဆိုသည့်စိတ်ဓာတ်ဖြင့် တက်ကြွမှုများနှင့်အတူ ဆွဲဆောင်မှုကိုပါ ပေါ်ပေါက်လာစေသည်။ ကောင်းမွန်သည့် အလုပ်ခွင်ဝန်းကျင် တစ်ခုကိုဖန်တီးခြင်းသည် တီထွင်ဆန်းသစ်မှုပြုလုပ်ချင်သည့် စိတ်ဆန္ဒကိုတိုးတက်အောင် လှုံ့ဆော်ပေးခြင်းပင်ဖြစ်သည်။

အောင်မြင်ကျော်ကြားသည့် အဖွဲ့အစည်း၊ ကုမ္ပဏီများသည် ထူးချွန်သည့်ဝန်ထမ်းများကိုအခြေခံပြီး လက်ရှိအောင်မြင်သည့် အခြေအနေမျိုးသို့ ရောက်လာကြသည်ကို ခေါင်းဆောင်တိုင်းလိုလိုက လက်ခံထားကြသည်။ အဖွဲ့အစည်း၊ ကုမ္ပဏီ၏ အောင်မြင်သည့်လုပ်ဆောင်မှုနှင့် ဆန်းသစ်သည့် အတွေးအခေါ်များသည် ၎င်းတို့၏ဝန်ထမ်းများဆီက ထွက်ပေါ်လာကြခြင်းပင်သည်။ ထူးချွန်သည့်ဝန်ထမ်းများ အလုပ်ခွင်တွင် ရေရှည်တည်မြဲဖို့သည် ဝန်ထမ်းများအပေါ် ခေါင်းဆောင်အကြီးအကဲများ၏ ပြုမူဆက်ဆံပုံ၊ လေ့ကျင့်သင်ကြားပေးပုံနှင့် ဝန်ထမ်းတို့ရသင့်ရထိုက်သည့် လခကို အဆင်ပြေပြေနှင့် ပေးအပ်မှုများအပေါ်တွင်မူတည်သည်။ ဝန်ထမ်းအများစုသည် သူတို့၏တန်ဖိုး၊ သူတို့၏အဖွဲ့အစည်းကို ဘယ်လောက်အကျိုးပြုနိုင်သည်ဆိုသည့်အတိုင်းအတာကို သိချင်သည့်ဆန္ဒများရှိကြသည်။ ထို့ကြောင့် ခေါင်းဆောင်အကြီးအကဲများအနေနှင့် ထူးချွန်သည့်ဝန်ထမ်းများကို အလုပ်ခွင်တွင် ရေရှည်တည်မြဲနေစေချင်ပါက ဝန်ထမ်းနှင့်ထိုက်တန်သည့် အခွင့်အရေးများ ပေးအပ်ရန်လိုအပ်သည်။

လုပ်ငန်းခွင်တွင် ကျွမ်းကျင်မှုနှင့် စိတ်ရှည်ကြိုးပမ်းအားထုတ်မှုများ လိုအပ်သည့်အပြင် အလုပ်ချိန်လည်းသာမန်လုပ်နေကျ အချိန်မျိုးမဟုတ်ပါက လုပ်ငန်း၏သဘာဝနှင့်ကိုက်ညီသည့် လုပ်ခလစာကို ထိုက်ထိုက်တန်တန်ပေးအပ်ဖို့ လိုပါသည်။ အဖွဲ့အစည်း၊ ကုမ္ပဏီတွင် လိုအပ်သည့်ဝန်ထမ်းကို ရေရှည်ထိန်းထားနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများမရှိပါက ၎င်းအဖွဲ့အစည်း၊ ကုမ္ပဏီသည် ဝန်ထမ်းများ၏ အရည်အချင်းနှင့် ထက်မြက်သည့်စွမ်းရည်ကို ယှဉ်ပြိုင်ပါက ရှုံးနိမ့်ကြရစမြဲဖြစ်သည်။ ဝန်ထမ်းများသည် သူတို့လိုအပ်သည့် လေ့ကျင့်သင်ယူမှုများမရသော်လည်း ဘဝကိုတိုးတက်အောင်မြင်ချင်သည့်ဝန်ထမ်းများ ဖြစ်ချင်ကြသည်။ ထို့ကြောင့် သူတို့၏ကျွမ်းကျင်မှုနှင့် စွမ်းရည်ကို တိုးတက်အောင် လေ့ကျင့်သင်ကြားပေးမည့် အလုပ်ရှင်မျိုးကိုသာ ရှာဖွေကြမည်ဖြစ်သည်။ လုပ်ငန်းခွင်တွင် တန်ဖိုးရှိဝန်ထမ်းများသည် လုပ်ငန်းခွင်၏လုပ်ဆောင်မှုအတွက် ထိုက်တန်သည့် လုပ်ခလစာကို ရချင်ကြသည်မှာ သဘာဝပင် ဖြစ်သည်။ ဝန်ထမ်းများအနေနှင့်လည်း လက်ရှိလုပ်ကိုင်နေသည့် အဖွဲ့အစည်း၊ ကုမ္ပဏီတွင် ဘယ်လို ခံစားခွင့်ရှိသည်ကို နားလည်ထားရန်လိုအပ်သကဲ့သို့ အဖွဲ့အစည်း၊ ကုမ္ပဏီတို့၏ တုံ့ပြန်မှုစေတနာကိုလည်း သိထားရန်လိုအပ်သည်။ အကယ်၍ လက်ရှိလုပ်ကိုင်နေသည့် အဖွဲ့အစည်း၊ ကုမ္ပဏီမှရသည့် အကျိုးခံစားခွင့်မျိုးကို တခြားအဖွဲ့အစည်း၊ ကုမ္ပဏီမှာမရကြောင်း မသိပါက ၎င်းခံစားခွင့်ကို ဝန်ထမ်းများ တန်ဖိုးထားတတ်မည်မဟုတ်ပေ။ ထို့ကြောင့် ခေါင်းဆောင်အကြီးအကဲများ၊ ဝန်ထမ်းကြီးကြပ်သူများက ဝန်ထမ်းများရရှိနိုင်မည့် အကျိုးခံစားခွင့် အသေးစိတ်ကို ပြောပြထားရန်လိုအပ်သည်။

ထို့ကြောင့် ဝန်ထမ်းများအတွက် လက်တွေ့အကောင်အထည်ဖော်နိုင်သည့် စီမံချက်မျိုးကို ပြုလုပ်ပေးရမည်။ တော်သည့်ခေါင်းဆောင်အကြီးအကဲများသည် သူတို့ဝန်ထမ်းများကို ပိုပြီး တော်လာအောင်၊ တိုးတက်လာအောင် ပြုလုပ်ပေးသည်။ တချို့ခေါင်းဆောင်သည် ဝန်ထမ်းများ၏ ဦးတည်ချက်၊ ရည်မှန်းချက်ကို ရှင်းရှင်းလင်းလင်း၊ ပြတ်ပြတ်သားသားမြင်အောင် စီမံပေးသည်။ စီမံပေးသည့်ပုံစံမှာ ဝန်ထမ်းတိုင်း၏စွမ်းဆောင်ရည်ကို အကောင်းဆုံးမြှင့်တင်နိုင်အောင် စီမံဆောင်ရွက် ပေးခြင်း၊ စီမံခန့်ခွဲမှုစနစ်မှာ လွတ်လွတ်လပ်လပ် ပြောင်းလွယ်ပြင်လွယ်ရှိခြင်း၊ အလုပ်သဘောမဆန်ဘဲ ဝန်ထမ်းများနှင့် လွတ်လွတ်လပ်လပ်၊ ရင်းရင်းနှီးနှီး ပြောဆိုဆွေးနွေးခြင်းများ ပြုလုပ်ပေးခြင်းသည် အခြားအရာများထက် သာလွန်သည့်အခွင့်အရေးများဖြစ်သည်။ အကယ်၍ လုပ်ငန်းအတွေ့အကြုံ မရှိသေးသည့် ဝန်ထမ်းသစ်များ၊ များလာလေလေ စနစ်တကျရေးဆွဲထားသည့် လုပ်ငန်းစီမံချက်နှင့် လုပ်ငန်းအဆင့်သတ်မှတ်ချက်များရှိမှသာ ဝန်ထမ်းအသစ်များလည်း သူတို့တာဝန်ယူရမည့် လုပ်ငန်းနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များ ပြုလုပ်ရသည့်အခါ မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ရန် လမ်းညွှန်မှုများ ရရှိမည်ဖြစ်သည်။

ဆက်လက်၍ ဝန်ထမ်းကြီးကြပ်သည့်ခေါင်းဆောင်များအနေဖြင့် လက်ရှိဝန်ထမ်းများကို လည်းကောင်း၊ ဝန်ထမ်းအသစ်များကိုလည်းကောင်း သူတို့အတွက် စွမ်းရည်သစ်များရရှိအောင် လေ့ကျင့်ပျိုးထောင်မှုကို အားပေးကူညီခြင်း၊ အကောင်းဆုံးသော အတွေ့အကြုံသစ်များရရှိအောင် စီမံပေးခြင်း၊ အကောင်းဆုံးအခွင့်အလမ်းကိုလည်း ရှာဖွေပေးခြင်းများ ပြုလုပ်ပေးပါက ဝန်ထမ်းများအတွက် အကျိုးရှိသကဲ့သို့ အဖွဲ့အစည်း၊ ကုမ္ပဏီအတွက်လည်း လုပ်ငန်းအောင်မြင်မှုများ ရရှိမည်။ ထို့ကြောင့် သင်၏ဝန်ထမ်းများကို ဂရုစိုက်ပေးပါ။ ဝန်ထမ်းတို့အတွက် ကောင်းမွန်သည့် အလုပ်ခွင်ပတ်ဝန်းကျင်မျိုးကို ဖန်တီးပေးပါ။ အဖွဲ့အစည်းလုပ်ငန်းအတွက် အကျိုးများစွာရရှိသလို ဝန်ထမ်းများအတွက်လည်း သက်သာချောင်ချိမှုအပါအဝင် အစစအရာရာအဆင်ပြေစေသည့် အစီအစဉ်ကို စီမံဆောင်ရွက်ပေးရန် လိုအပ်ကြောင်း အလုပ်ရှင်များအား တိုက်တွန်းအပ်ပါသည်။

နင်,တဲုင်ဗန်သွောင်း
ခမ်းစန္တာ;ဟေ့,
Powered by Blogger.