Saturday, March 15, 2014

(၆၅)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သော ပြည်ထောင်စုလွှတ်တော် နာယက သူရရွှေမန်း ၏ သ၀ဏ်လွှာ

တောင်ကြီး၊ ၂၀၁၄ ခုနှစ် မတ်လ (၁၆) ရက်

ချစ်ခင်လေးစားအပ်ပါသော ပအိုဝ်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျား-
၂၀၁၄ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ကျရောက်သော (၆၅)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ်နေ့တွင် ၀မ်းမြောက်စွာဖြင့် ဂုဏ်ပြုနှုတ်ခွန်းဆက်သအပ်ပါသည်။
ပအိုဝ်းအမျိုးသားနေ့သည် ပအိုဝ်းတိုင်းရင်းသားအားလုံးနှင့် အကျုံးဝင် သက်ဆိုင်သော နေ့ထူးနေ့မြတ်ကြီး ဖြစ်သည်သာမက မြန်မာနိုင်ငံသား တိုင်းရင်းသားအားလုံးနှင့် သက်ဆိုင်သော နေ့တစ်နေ့လည်း ဖြစ်ပါသည်။
ပြည်ထောင်စုလွှတ်တော် အနေဖြင့်လည်း ပြည်ထောင်စုသားအားလုံး၏ လိုလားဆန္ဒရှိနေသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေသော အချိန်ကာလလည်းဖြစ်ပါသည်။
ပအိုဝ်းတိုင်းရင်းသားများသည် မိမိတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ အမျိုးသားစရိုက်လက္ခဏာများအား အသေအချာ စောင့်ထိန်းထားရှိမှုကို ၀မ်းမြောက်ဖွယ်ရာ တွေ့ရှိရပါသည်။
ပအိုဝ်းတိုင်းရင်းသားများသည် မိမိတို့ မျိုးနွယ်စုများ၏ ယဉ်ကျေးမှုနှင့် အမျိုးသား စရိုက်လက္ခဏာများကို အစဉ်တစိုက် စောင့်ထိန်းရင်း ပြည်ထောင်စုသား ညီအစ်ကိုမောင်နှမများ အားလုံးနှင့်အတူ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဥမကွဲ သိုက်မပျက် စည်းလုံးညီညွတ်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီး ကျွန်ုပ်တို့၏ ရည်မှန်းချက်ဖြစ်သည့် ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံအဖြစ် ထူထောင်နိုင်ကြပါစေကြောင်း သ၀ဏ်လွှာပေးပို့အပ်ပါသည်။

သူရရွှေမန်း
နာယက 
ပြည်ထောင်စုလွှတ်တော်
Powered by Blogger.