Monday, February 23, 2015

တပ်မတော်မှ ကိုးကန့်တိမ်းရှောင်အဖွဲ့ ယာယီခြေကုပ်ယူထားသော (၁ ) မိုင်လမ်းဆုံအနီး တောင်ကုန်းများအား ရှင်းလင်းသိမ်းပိုက်

နေပြည်တော်၊ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်  

ကိုးကန့်တိမ်းရှောင်အဖွဲ့များအနေဖြင့် လောက်ကိုင်-ကုန်းကြမ်းကားလမ်းပေါ်ရှိ (၁၈) မိုင်လမ်းဆုံအနီး တောင်ကုန်းများအား ယာယီခြေကုပ်ယူ၍ ဆက်သွယ်ရေးလမ်းကြောင်းအား ထိန်းချုပ်ဖြတ်တောက်ထားခဲ့ရာ တပ်မတော်စစ်ကြောင်းများက လေကြောင်းပစ်ကူရယူ၍ ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းမှ စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့မွန်းလွဲပိုင်းအထိ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ကာ လမ်းကြောင်းအားစိုးမိုးထားသည့် စစ်ဗျူဟာအရ အရေးကြီးသော တောင်ကုန်းများအား သိမ်းယူနိုင်ခဲ့သည်။                                                            

ယခုအခါ လောက်ကိုင်-တာရွှေထန် (၁၈) မိုင်-ညံခွမ်း  လမ်းကြောင်းအား   တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး လမ်းပန်းဆက်သွယ်မှုများ ပုံမှန် ပြန်လည်ဆောင်ရွက်နိုင်သော အခြေအနေသို့ ရောက်ရှိ လာပြီဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီ ၂၁ ရက်တွင်  နယ်မြေ ရှင်းလင်းလျက်ရှိသော   တပ်မတော်စစ်ကြောင်းများနှင့် ကိုးကန့်တိမ်းရှောင်အဖွဲ့များသည် လောက်ကိုင်မြို့ အနီးတစ်ဝိုက်၌ တစ်ကြိမ်၊ လော်ကွာကျိုင်းအနီးတစ်ဝိုက်၌ တစ်ကြိမ်၊ လုံထန်ရွာအနီး၌ တစ်ကြိမ် ဖြစ်ပွားခဲ့သည်။

ဖေဖော်ဝါရီ ၂၁ ရက်မှ ယနေ့မွန်းလွဲပိုင်းအထိ ထိတွေ့တိုက်ပွဲ စုစုပေါင်း ငါးကြိမ် ဖြစ်ပွားခဲ့ပြီး အထက်ပါ       ဖြစ်စဉ်များတွင်   ကိုးကန်တိမ်းရှောင်အဖွဲ့ထံမှ အလောင်း သုံးလောင်း၊ လက်နက်ငယ်မျိုးစုံ ခုနစ်လက်၊ ခဲယမ်း ဆက်စပ်ပစ္စည်းများနှင့် စိတ်ကြွရူးသွပ်ဆေးပြား အမှုန့် ၂ ဒသမ ၅ ကီလိုဂရမ်ခန့်၊ အိုက်စ်  ၂ ဒသမ  ၅  ကီလိုဂရမ်ခန့်တို့အား   သိမ်းဆည်းရရှိခဲ့ပြီး တပ်မတော်မှ   စစ်သည် လေးဦး   အသက်ပေးလှူခဲ့၍ အရာရှိ/စစ်သည် ၂၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသော အရာရှိ/စစ် သည်များအား  တပ်မတော်ဆေးရုံများသို့  ပို့ဆောင်၍ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းတွင် လောက်ကိုင်မှ ကွမ်းလုံသို့  ထွက်ခွာလာသော သတင်း ထောက်များနှင့် တိုက်ပွဲရှောင်ပြည်သူများ တင်ဆောင်လာ သည့် ကြက်ခြေနီအလံလွှင့်ထူထားသော   ယာဉ်အား ပါစင်ကျော်နှင့် ချင်းရွှေဟော်ကြားတွင် ကိုးကန့်တိမ်းရှောင်အဖွဲ့များက လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ       တပ်မတော်စစ်ကြောင်းက သွားရောက်တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း၊  ဒဏ်ရာရရှိသူ များအား ကယ်ထုတ်ကာ  သတင်းထောက် တစ်ဦးနှင့် ပြည်သူ သုံးဦးအား ကွမ်းလုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသမှု ခံယူစေလျက်ရှိကြောင်းနှင့် ဆုတ်ခွာသွား တိမ်းရှောင်အဖွဲ့များနောက်သို့      တပ်မတော်            စစ်ကြောင်းများက    လိုက်လံရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိသည်။                        

(မြဝတီ)

မှတ်ချက်        ။         ပြန်ကြားရေးဝန်ကြီးဌာန၏ Website စာမျက်နှာ http://www.moi.gov.mm/npe:zg/?q=news/23/02/2015/id-19269 မှကူးယူဖော်ယူဖော်ပြသည်။
Powered by Blogger.