Tuesday, March 24, 2015

ဆဋ္ဌမအကြိမ်မြှောက် ပအိုဝ်းအမျိုးသားညီလာခံ ပထမနေ့အစီအစဉ်ကို ပအိုဝ်းအမျိုးသားဘက်စုံဖွံဖြိုးရေးကွင်း (ဒဲဉ်သီးဗွေကွင်း) တွင်ကျင်းပ

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ မတ်လ (၂၄) ရက်



၂၀၁၅-ခုနှစ်၊ မတ်လ (၂၄) ရက်နေ့၊ ဆဋ္ဌမအကြိမ်မြောက် ပအိုဝ်းအမျိုးသားညီလာခံ ပထမနေ့ အစီအစဉ်ကို ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း (ဒဲဉ်သီးဗွေကွင်း) တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆဋ္ဌမအကြိမ်မြောက် ပအိုဝ်းအမျိုးသားညီလာခံတွင် အခမ်းအနားမှူးအဖြစ် ဦးခွန်သိန်းဖေ၊ ဦးခွန်မင်းကျော်၊ နန်းခမ်းဗွာ၊ နန်းကြင်ယုံ တို့မှ တာဝန်ယူဆောင်ရွက်ပြီး သဘာပတိကြီးအဖြစ် ဦးအောင်ခမ်းထီ၊ သဘာပတိအဖွဲ့ဝင်အဖြစ် ဦးခွန်မောင်တုတ်၊ ဦးခွန်ပီတာထွန်းနိုင်၊ ဦးခွန်ချစ်မောင်၊ ဦးခွန်ဘစိန် တို့အား တင်မြှောက်ကြပါသည်။ ပအိုဝ်းအမျိုးသားညီလာခံသို့ ကြွရောက်လာသော သဘာပတိနှင့်တကွ ကိုယ်စားလှယ်တို့က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံတော်၊ ပအိုဝ်းအမျိုးသားအလံတော်နှင့် ကျဆုံးလေပြီးသော အာဇာနည်းခေါင်းဆောင်ကြီးများအား အလေးပြု၍ တရောင်;ချင်;ဗွိုန်ငီ; ခွို,ပအိုဝ်;သွီ; ပအိုဝ်းအမျိုးသားသီချင်း စုပေါင်းသီဆိုခြင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ပါသည်။
အခမ်းအနားတွင် ရှေ့ဦးစွာ သဘာပတိကြီး ဦးအောင်ခမ်းထီမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၏ အစီရင်ခံစာကို ဦးခွန်လာ၊ ဦးခွန်တင်ထွဋ်၊ ဦးစောခွန်ကျော်ဝင်း၊ ဒေါ်နန်းခင်ခင်ဦး၊ ဒေါ်နန်းဝင်းကြည် တို့မှ ဖတ်ကြား တင်သွင်းသွားပါသည်။ အစီအရင်ခံစာများအပေါ် (၁) ဟိုပုံး၊ဆီဆိုင်၊ မောက်မယ် (၂) နမ့်စန်၊ လွိုင်လင်၊ ပင်လုံ၊ မိုင်းကိုင်၊ လင်းခေး၊ မိုင်းပန် (၃) တောင်ကြီး၊ ကျောက်တလုံး၊ ညောင်ရွှေ (၄) ပင်လောင်း၊ နောင်တရား၊ ဖယ်ခုံ (၅) ရပ်စောက်၊ ကလော၊ ရွာငံ၊ ပင်းတယ၊ (၆) မွန်ပြည်နယ် (၇) ကရင်ပြည်နယ် (၈) ပဲခူးတိုင်းဒေသကြီး (၉) ကယားပြည်နယ် (၁၀) ပအိုဝ်းစာ/ ယဉ် (ဗဟို) (၁၁) ပအိုဝ်းလူငယ်ကွန်ယက် တို့မှ ကိုယ်စားလှယ် (၁) ဦးချင်းစီက အကြံပြု ဆွေးနွေးတင်ပြခဲ့ပါသည်။ ၄င်းတို့၏ ဆွေးနွေးအကြံပြုချက်များအပေါ် ပအိုဝ်းအမျိုသားအဖွဲ့ချုပ် (PNO) ဒုဥက္ကဋ္ဌ ဦးခွန်မောင်သောင်းမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး ဗဟိုကော်မတီ၊ ဗဟိုအလုပ်အမူဆောင်များ ပြန်လည်ရွေးချယ်ရန်အတွက်  (၅) နှစ် သက်တမ်းပြည့် ဗဟိုကော်မတီ၊ ဗဟိုအလုပ်အမူဆောင်များ နူတ်ထွက်ခြင်းကို သဘာပတိအဖွဲ့ဝင် ဦးခွန်မောင်တုတ်မှ ကြေညာခဲ့ပါသည်။ ထို့နောက် ညီလာခံကိုယ်စားလှယ်များအားလုံး “နီပအိုဝ်;” သီချင်းကို စုပေါင်းသီဆိုခြင်းဖြင့် ဆဋ္ဌမအကြိမ်မြှောက် ပအိုဝ်းအမျိုးသားညီလာခံ ပထမနေ့ အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။
 
ခွန်အောင်မျိုးဦး

Powered by Blogger.