Friday, March 27, 2015

ဆဋ္ဌမအကြိမ်မြောက် ပအိုဝ်းအမျိုးသားညီလာခံကြီးကို ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေ)ကွင်း၊ ပအိုဝ်းအမျိုးသားခန်းမတွင် ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ မတ်လ (၂၇) ရက်
 

 ၂၀၁၅ခုနှစ်၊ မတ်လ(၂၄-၂၅)ရက်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး(ဒဲဉ်သီးဗွေ)ကွင်း၊ ဆောက်လုပ်ဆဲ ပအိုဝ်းအမျိုးသားခန်းမတွင် ဆဋ္ဌမအကြိမ် မြောက် ပအိုဝ်းအမျိုးသားညီလာခံကြီးကို ပြုလုပ်ကျင်းပခဲ့ပါသည်။
 
 
အခမ်းအနားသို့ ပအိုဝ်းလူမျိုးများနေထိုင်ရာ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊ တောင်ကြီး၊ ကျောက်တလုံး၊ လွိုင်လင်၊ ညောင်ရွှေ၊ ရပ်စောက်၊ ကလော၊ ပင်းတယ၊ ရွာငံ မောက်မယ်၊ နမ့်စန်၊ လွိုင်ကော်၊ ပင်လုံ၊ မိုင်းကိုင်၊ လင်းခေး၊ မိုင်းပန်၊  ဖယ်ခုံ၊ သထုံ၊ ဘားအံ့၊ ထန်းတပင်၊ ကော့ကရိတ်၊ ဘီးလင်း၊ မြိုင်ကလေး၊ ရန်ကုန် စသည့်မြို့နယ်ရှိ ကိုယ်စားလှယ်များနှင့် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ ပအိုဝ်းအမျိုးသမီး ဖောင်ဒေး ရှင်းအဖွဲ့၊ ပအိုဝ်းဥပဒေများအသင်း၊ ပအိုဝ်းမော်အသင်း၊ ပအိုဝ်းသွေးလှူရှင်အသင်း၊ ပအိုဝ်းအနုပညာအသင်း စသော အဖွဲ့အစည်းပေါင်းစုံ၊ ဌာနပေါင်းစုံမှ ကိုယ်စားလှယ်များ ၊ တောင်ကြီးမြို့ပေါ်ရှိ ကုန်သည်ပွဲစားများ စုစုပေါင်း ကိုယ်စားလှယ်(၅၀၀)ကျော် တက်ရောက်ခဲ့ကြပါသည်။
 
 
အဆိုပါ ညီလာခံတွင် သဘာပတိကြီး ဖြားတန်အောင်ခမ်းထီက အမှာစကားပြောကြားသွားကာ ညီလာခံတွင် တင်သွင်းသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ အစီရင်ခံစာကို ဦးခွန်လာ၊ ဦးနေ၀င်းထွန်း၊ စောခွန်ကျော်ဝင်း၊ ဒေါ်နန်းခင်ခင်ဦး၊ ဒေါ်နန်းဝင်းကြည်တို့ ဖတ်ကြားတင်သွားခဲ့ပြီး ၄င်းအစီရင်ခံစာအပေါ် တက်ရောက်လာသော မြို့နယ်အစုအဖွဲ့အလိုက် ညီလာခံကိုယ်စားလှယ်များက အကြုံပြု ဆွေးနွေးတင်ပြ သွားပါသည်။ ထို့နောက် ဗဟိုကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်များကို ပြန်လည်ရွေးကောက်တင်မြှောက် ခဲ့ပါသည်။ ထိုသို့ ရွေးကောက်တင်မြှောက်ရာတွင် ယခင်ဗဟို ကော်မတီအဖွဲ့ဝင်များ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ရုံးမှ တာဝန်ထမ်း ဆောင်နေသော ၀န်ထမ်းများ၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN)မှ လူငယ်များ၊ အဖွဲ့အစည်းပေါင်းစုံနှင့် ဌာန ပေါင်းစုံမှ ပုဂ္ဂိုလ်များနှင့် အမျိုးသားနိုင်ငံရေးကို စိတ်ပါဝင်စား၍ ပါသင့်ပါထိုက်သော ပုဂ္ဂိုလ်များကို ရွေးကောက် တင်မြှောက်သွားခဲ့ပါသည်။ ထို့အပြင် ညီလာခံတွင် တင်သွင်းသော အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို လည်း အဆိုတင်သွင်း၊ ထောက်ခံ၊ အတည်ပြုခဲ့ပါသည်။
 

 ယခု ဆဋ္ဌမအကြိမ်မြောက် ပြုလုပ်ကျင်းပသော ပအိုဝ်းအမျိုးသားညီလာခံကြီးတွင် ဗဟိုကော်မတီ အလုပ်မှုဆောင် ရွေးကောက်တင်မြှောက်ရာ၌ ပအိုဝ်းလူမျိုးများ နေထိုင်ရာ တောင်ပေါ်မြေပြန့်၊ မြို့နယ်အသီးသီးနှင့် အဖွဲ့အစည်းအသီးသီးမှ ပါဝင်နိုင်အောင် ရွေးချယ်တင်မြှောက်သွားကြောင်း၊ ထို့အပြင် ပအိုဝ်းအမျိုးသားနိုင်ငံရေး ဦးဆောင်အဖွဲ့ (ခမ်းထီအွဉ်ငါ) ကိုလည်း ထပ်မံ တင်သွင်း အတည်ပြုဖွဲ့စည်းခဲ့ကြောင်း၊ ပအိုဝ်းအမျိုးသားညီလာခံကြီးများကို ၁၉၅၂ ခုနှစ် တောင်ကြီးမြို့၊ မြို့မရုပ်ရှင်ရုံတွင် ပထမအကြိမ်၊ ၁၉၅၅ ခုနှစ် တောင်ကြီးမြို့ ဗန္ဓုလရုပ်ရှင်ရုံတွင် ဒုတိယအကြိမ်၊ ၁၉၅၉ ခုနှစ် တောင်ကြီးမြို့၊ ပထမတောင်ကျောင်းကြီး ပရိယတ္တိစာသင်တိုက်တွင် တတိယအကြိမ်၊ ၁၉၉၀ ခုနှစ် တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသား အဆောက်အဦးတွင် စတုတ္ထအကြိမ်၊ ၂၀၁၀ ခုနှစ် တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ရုံးတွင် ပဉ္စမအကြိမ် စသည်ဖြင့် ပြုလုပ်ကျင်းပခဲ့ပါကြောင်း သိရှိရပါသည်။
 

 
 
ခွန်ထင်းလေအောင်း
   
   

   
Powered by Blogger.