Thursday, March 5, 2015

(၆၆)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေး(ဒဲဉ်သီးဗွေ)ကွင်တွင် ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ မတ်လ (၅) ရက်


 ၂၀၁၅-ခုနှစ်၊ မတ်လ(၄)ရက်၊ ဗုဒ္ဓဟူးနေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေး(ဒဲဉ်သီးဗွေ)ကွင်းတွင် (၆၆)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်း အနားကို ပြုလုပ်ကျင်းပခဲ့ပါသည်။



အခမ်းအနားတွင် ရှေ့ဦးစွာ (အထက) ပင်တခွါး ဘင်ခရာအဖွဲ့နှင့် ပအိုဝ်းအမျိုးသား အလံတော်ကို ကိုင်ဆောင်လာသောအဖွဲ့များ ချီတက်နေရာယူပြီး ပအိုဝ်းအမျိုးသားအလံတော်ကို လွှင့်တင်ခဲ့ပါသည်။ ထို့နောက် သဘာပတိအဖွဲ့များကို ရွေးချယ်တင်မြှောက်ကာ ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံ၊ ပအိုဝ်းအမျိုးသားအလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုခဲ့ပါသည်။
ဆက်လက်၍ သဘာပတိ ဦးခွန်ချွန်းမှ အမှာစကားပြောကြားကာ ပအိုဝ်းအမျိုးသားခေါင်းဆောင် အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ၀ဏ္ဏကျာ်ထင် ဖြားတန်ဦးအောင်ခမ်းထီ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းပြည်နယ်အစိုးရ ဦးစ၀်အောင်မြတ်၊ PNA-အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) ကွပ်ကဲရေးမှူး ဗိုလ်မှူးခွန်လာ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့၊ ပြည်ထောင်စုပအိုဝ်းအမျိုးသားများ အဖွဲ့ချုပ်(ပါတီ) စသည်တို့မှ ပေးပို့လာသော သ၀ဏ်လွှာများကို သက်ဆိုင်ရာ လူကြီးမင်းများက ဖတ်ကြားပေးသွားခဲ့ပါသည်။
ထို့နောက် ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခွန်ဝင်းကိုမှ ကျေးဇူးတင် အမှာစကားပြောကြားကာ အလံလွှင့်တင်ခြင်းအခမ်းအနားကို ပြည်လည်ရုပ်သိမ်းခဲ့ပါသည်။



ပအိုဝ်းအမျိုးသားနေ့ကို ဂုဏ်ပြုသော အထိမ်းအမတ်အနေဖြင့် ပဒေသာအလှူပင်များဖြင့် စီတန်းလှည့်လည်ခြင်း၊ ဌာနဆိုင်ရာပြခန်းများထားရှိခြင်း ၊ စာစိစာကုံးပြိုင်ပွဲ၊  အင်္ဂလိပ်ကျပန်း စကားပြိုင်ပွဲ၊ ဘောလုံးယှဉ်ပြိုင်ပွဲ၊ မယ်အလှပြိုင်ပွဲ၊ ခေတ်သစ်နှင့် ရိုးရာအကပဒေသာပြိုင်ပွဲ စသည်ဖြင့် ပြုလုပ်ကျင်းပပေးခဲ့ပါသည်။



ယခုနှစ်တွင် ပအိုဝ်းအမျိုးသားနေ့ကို ရှမ်းပြည်နယ်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်ချုပ်အေးဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်နှင့် ဌာနဆိုင်ရာအရာရှိလူကြီးများက တက်ရောက်အားပေးခဲ့ပြီး ပအိုဝ်းအမျိုးသားနေ့ကို လာရောက်ဖျော်ဖြေပေးသော တိုင်းရင်းသားလူမျိုးများဖြစ်သည့်၊ ပအိုဝ်း၊ ရှမ်း၊ ဓနု၊ အင်းသား၊ တောင်ရိုး၊ လီဆူး အကအဖွဲ့များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆုတော်ငွေ(၁၀)သိန်းစီ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရှိရပါသည်။

ခွန်ထင်းလေအောင်း

Powered by Blogger.