Monday, May 11, 2015

ပအိုဝ်းစာပေ ဆရာဖြစ်ဗဟိုသင်တန်း အမှတ်စဉ်(၃၁)ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါဝ်ကျေးရွာတွင် ဖွင့်လှစ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ မေလ (၁၂) ရက်




၂၀၁၅ခုနှစ်၊ မေလ(၅)ရက်မှ (၉)ရက်နေ့အထိ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါဝ်ကျေးရွာ၊ သုခအောင်ညီကျောင်းတိုက်
တွင် ပအိုဝ်းစာပေ တိုးတက်ပြန့်ပွားရေး ဗဟိုသံဃာအဖွဲ့များ ဦးဆောင်၍ ဖွင့်လှစ်ကျင်းပခဲ့ပါသည်။
ဤသင်တန်းသို့ ပအိုဝ်းလူမျိုးများနေထိုင်ရာ တောင်ပေါ်၊ မြေပြန့် မြို့နယ်ပေါင်း(၁၇)မြို့နယ်ရှိ သံဃာတော်(၃၃၁)ပါး၊ သင်တန်းသား(၈၅၅)ဦး၊ သီလရှင်(၁၀)ပါးနှင့် သင်တန်းသူ (၁၁၆၁)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။



ပအိုဝ်းတစ်မျိုးသားလုံး ပအိုဝ်းစာပေပြန်လည်တက်မြောက်ရေးအတွက် သံဃာတော်များ ဦးဆောင်ဖွင့်လှစ်ပေးသော ပအိုဝ်းစာပေတတ်မြောက်ရေး သင်တန်းအပေါ် တောင်ကြီးမြို့၊ မြေဖြူရပ်ကွက်တွင် နေထိုင်သော သင်တန်းသူ နန်းစုစုခင်က “ ကျွန်မတို့က ပအိုဝ်းလူမျိုး၊ ပအိုဝ်းစကားတတ်ရုံသာမက ပအိုဝ်းစာပေပြန်လည်တတ်မြောက်ဖို့လိုတယ်၊ ဒါကြောင့် ပအိုဝ်းလူမျိုးတိုင်း ပအိုဝ်းစာ ပြန်လည်တတ်မြှောက်ဖို့အတွက် အခုလို သံဃာတော်များ ဦးဆောင်၍ သင်တန်းဖွင့်လှစ်ပေးတဲ့အတွက် ကျွန်မပအိုဝ်းသူတစ်ယောက်အနေနဲ့ အားရ၀မ်းသာကြောင်း” ဟူ၍ သူ့အမြင်နှင့် ခံစားချက်ကို ပြောပြသွားပါသည်။
ဆက်လက်၍ အောက်ပြည် ပဲခူးတိုင်း၊ ဇရပ်ကြီးမြို့နယ်၊ တံတားဦးရပ်ကွက် နန်းအေးမွန်ကျော်ကလည်း “ ဒီသင်တန်းကို တက်ရတဲ့အတွက် မိတ်ဆွေသစ်တွေလည်း ရတယ်၊ အသိပညာတွေ ဖလှယ်ပွဲပြုလုပ်ပေးတဲ့အတွက် ဗဟုသုတတွေလည်း ရခဲ့ပါတယ်၊ တောင်ပေါ်ဒေသကို ရောက်တော့ တောင်ပေါ်ပအိုဝ်းတွေရဲ့ စကားအသုံးအနှုန်းကိုလည်း သိခဲ့ရတယ်၊ တောင်ပေါ် မြေပြန့်မခွဲခြားဘဲ ဒေသခံများနှင့် သင်တန်သူ/သားများ ဖေဖေ မေမေ၊ သားသားမီးမီးလို့ အပြန်အလှန်ခေါ်ဝေါနေကြတာကို တွေ့ရတော့ အရမ်း ပီတိဖြစ်မိပါတယ်” ဟူ၍  သူ့အမြင်နှင့် ခံစားချက်ကိုလည်း ပြောပြသွားပါသည်။
ပအိုဝ်းစာပေ ဆရာဖြစ်ဗဟိုသင်တန်းကို ၁၃၄၇ခုနှစ်တွင် သံဃာတော်များကို ဦးဆောင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ယခုနှစ် သင်တန်းသို့ ဘုန်းတော်ကြီး ကောဝိဒ နှင့် ပအိုဝ်းအမျိုးသားခေါင်းဆောင် အဘဦးအောင်ခမ်းထီတို့က ကြွရောက်၍ ရိုးရာယဉ်ကျေးမှုနှင့် နိုင်ငံရေးအကြောင်းကို ဟော်ပြောပေးခဲ့ပါကြောင်း၊ နောက်နှစ် ပအိုဝ်းစာပေ ဆရာဖြစ်ဗဟိုသင်တန်းအမှတ်(၃၂)ကို လွိုင်လင်မြို့တွင် ဖွင့်လှစ်ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။

ခွန်ထင်းလေအောင်း

Powered by Blogger.