Monday, April 18, 2016

သဘာဝပတ်ဝန်းကျင်နှင့် ကျွန်ုပ်တို့၏ လူနေမှုဘဝ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဧပြီလ (၁၈) ရက်

ဓါတ်ပုံ - အင်တာနက်
သဘာဝပတ်ဝန်းကျင်နှင့် ကျွန်ုပ်တို့၏လူနေမှုဘ၀တို့သည် အပြန်အလှန်ဆက်စပ်မှုရှိနေခြင်းကို ယခုခေတ်အခါတွင် ပို၍ထင်ရှားစွာတွေ့ရှိလာရသည်။ ပတ်ဝန်းကျင်အခြေအနေတစ်ရပ် ပြောင်းလဲသွား ခြင်းဖြင့် အခြားအချက်အလက်များစွာသည်လည်း အကျိုးဆက်အနေနှင့် ပြောင်းလဲကွဲပြားသွားသည်ကို တွေ့ရသည်။ သေးငယ်သည့် ဒေသတစ်ခုအတွင်းမှာပင် သဘာဝပတ်ဝန်းကျင်နှင့် လူနေမှုဘ၀တို့၏ ဆက်စပ်တုံ့ပြန်မှုရှိနေခြင်းကို ပုံစံအမျိုးမျိုးဖြင့် တွေ့ရမည်ဖြစ်ပါသည်။
သဘာဝပတ်ဝန်းကျင်ရှိ သစ်တောသစ်ပင်များသည် ရာသီဥတုကိုမျှတစေရန် ဖန်တီးပေး လျှက်ရှိသည်။ သစ်တောသစ်ပင်များပြုန်းတီးပါက အပူလွန်ကဲခြင်း၊ အအေးလွန်ကဲခြင်း၊ မိုးခေါင်ခြင်း စသည်တို့ ဖြစ်ပေါ်လေ့ရှိသည်။ သစ်တောများသည် လူသားများအတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ အပန်းဖြေနားနေရေး၊ ရေမြေသဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုညီညွှတ်မျှတရေး၊ ဇီဝမျိုးစုံ ထိန်းသိမ်းရေးနှင့် စားနပ်ရိက္ခာ ဖူလုံကြွယ်ဝရေး အစရှိသည့် လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ် များအတွက် များစွာ အရေးပါလျက်ရှိသည်။ သစ်တောပြုစုပျိုးထောင်ရေး လုပ်ငန်းများကို ရှေးယခင် အဆက်ဆက်ကတည်းက  ဆောင်ရွက်ခဲ့ကြသော်လည်း တစ်ဖက်တွင် တိုးပွားလာသည့် လူဦးရေအတွက် လိုအပ်သော လူ့အသုံးအဆောင်နှင့် စားနပ်ရိက္ခာကို သစ်တောထွက်ပစ္စည်းများနှင့် ဖြည့်ဆည်းခဲ့ကြသဖြင့်   သစ်တောမြေများ လျော့နည်းလာခဲ့ရသည်။ ၁၉၇၅ ခုနှစ်တွင် သစ်တောဖုံးလွှမ်းမှုသည် မိမိတို့ နိုင်ငံဧရိယာ၏ ၆၁ ရာခိုင်နှုန်း၊ ၁၉၈၉ ခုနှစ်တွင် ၅၉ ရာခိုင်နှုန်း၊ ၁၉၉၈ ခုနှစ်တွင် ၅၂ ရာခိုင်နှုန်းနှင့် ၂၀၁၀ ခုနှစ်တွင် ၄၇ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့ရသည်။

ဓါတ်ပုံ - အင်တာနက်
ကမ္ဘာ့ဒေသများစွာတွင် လွန်ကဲစွာ သစ်ခုတ်ထွင်ပြီး ထိရောက်စွာ ပြန်လည်စိုက်ပျိုးမှု မပြုသည့်အတွက် သစ်တောပြုန်းတီးခြင်းကို ဖြစ်စေသည်။ ထိုသစ်တောပြုန်းမှုကြောင့် သဘာဝပေါက်ပင် ကင်းမဲ့ သွားရသည်။ ထိုသဘာဝပေါက်ပင် ကင်းမဲ့သွားခြင်းကြောင့် ရေ၊ လေ တိုက်စားခြင်းဖြင့် မြေဆီလွှာဆုံးရှုံးမှုကို ဖြစ်စေသည့်အပြင် ရွာကျသောမိုးရေများကို စီးရေအဖြစ် ဆုံးရှုံးပျောက်ကွယ် သွားစေသည်။ သို့ဖြစ်၍ မြေအောက်ရေကို ဆက်လက်ဆုံးရှုံးစေကာ အပင်များရှင်သန်နိုင်မှု အားနည်းသွားစေသဖြင့် ထိုအပင်များကို မှီတင်းနေထိုင်ရသော သတ္တဝါများ ဆုံးရှုံးခြင်းကိုပါ ဖြစ်ပေါ်စေသည်။ မိမိတို့၏ လူနေမှုဘဝတွင်လည်း ရေမလုံလောက်သည့် အခက်အခဲများကို ရင်ဆိုင်နေရပြီ ဖြစ်သည်။
သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုများတွင် ကမ္ဘာကြီးပူနွေးလာခြင်းသည် ဒေသအသီးသီးတွင် သိသာထင်ရှားလာသည့် အချက်တစ်ချက်ပင်ဖြစ်သည်။ ကမ္ဘာကြီးပူနွေးလာခြင်း၏ အကျိုးဆက်အနေဖြင့် ဖြစ်ပေါ်လျှက်ရှိသော ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကို ဟန့်တားတိုက်ဖျက်ရေးတွင် သစ်ပင် တောတောင်များသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ သစ်ပင်တောတောင်များသည် သဘာဝ ပတ်ဝန်းကျင်ကို ကောင်းကျိုးအမျိုးမျိုး ပေးနိုင်ပြီး သဘာဝပတ်ဝန်းကျင် ကောင်းမွန်မှုကလည်း သက်ရှိ သတ္တဝါများကို ကောင်းကျိုးအမျိုးမျိုး ပေးစွမ်းနိုင်ပါသည်။ ထိုသို့သော ကောင်းကျိုးများအနက် ကောင်းကျိုးအချို့ကို လေ့လာကြည့်လျှင် စိမ်းလန်းစိုပြေနေသော သစ်ပင်၊ တောတောင်၊ သဘာဝပတ်ဝန်းကျင်ကြောင့် မြင်တွေ့ရသူတိုင်း၏စိတ်တွင် ကြည်နူးအေးချမ်းကာ လန်းဆန်းတက်ကြွ လာစေပါသည်။ သစ်ပင်၊ တောတောင်များ၏ အရိပ်ကြောင့် မြေကြီး၏ အပူရှိန်ကို လျော့နည်းစေသည်။ အပူရှိန်လျော့နည်းမှုကြောင့် မြေကြီးသည် ရေ နှင့် ရေငွေ့များကို ပို၍ ထိန်းနိုင်စွမ်း ရှိစေပါသည်။ အပူရှိန်နည်းပြီး အစိုဓါတ်ရှိသည့်အတွက် မြက်ပင် ပေါင်းပင်နှင့် အခြားအပင်ငယ်များကိုလည်း ရှင်သန်စေပါသည်။ ၎င်းအပင်ငယ်လေးများ ရှင်သန်နိုင်မှုကြောင့် မြေဆီသြဇာနှင့် မိုးရေကို ပိုမိုထိန်းသိမ်းပေးနိုင်သည့် အပြင် မြေကြီးမှ နေရောင်ခြည်ကို စုပ်ယူမှု လျော့နည်းစေသည့် အတွက် အပူရှိန် မြင့်တက်မှု လျော့နည်းစေသည်။ ထို့ကြောင့် အပင်များရှိသည့် နေရာကို ဖြတ်သန်းတိုက်ခတ်လာသော လေ၏ အပူရှိန်သည်လည်း လျော့နည်းသွားမည် ဖြစ်ပါသည်။ ထို့ပြင် သစ်ပင်များက လေထုထဲတွင်ရှိသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့များ စုပ်ယူကာ လျော့နည်းသွား စေသည့်အတွက် အပူရှိန်မြှင့်တက်စေမှုကို တားဆီးပေးနိုင်မည် ဖြစ်ပါသည်။ သစ်ပင်၊ တောတောင်များကြောင့် မိုးရေသည်လည်း မြေကြီးပေါ်သို့ တိုက်ရိုက်မကျသည့်အတွက် မြေဆီလွှာတိုက်စားမှုနှုန်းကို လျော့ကျစေပါသည်။ ဆည်မြောင်း၊ ချောင်းကန် နှင့် မြစ်များတွင်လည်း မိုးရေနှင့်အတူ ပါလာသော မိုးရေများစီးဆင်း ရာတွင် တိုက်စားလာသည့် သဲနှုန်း ကျောက် မြေများကို တားဆီးလျော့နည်းစေနိုင်ပါသည်။ သို့ဖြစ်၍ ဆည်မြောင်း၊ ချောင်းကန်များ၊ မြစ်ချောင်း အင်းအိုင်များသို့ အနည်ပို့ချမှုကို လျော့နည်းနှေးကွေး စေပါသည်။ သစ်ပင်၊ တောတောင်များရှိသည့် သဘာဝပတ်ဝန်းကျင်သည် လေပြင်းများတိုက်ခတ်ရာတွင် ပါလာတတ်သော ဖုန်မှုန့်၊ သဲမှုန့်များကို ကျွန်ုပ်တို့နေထိုင်ရာ လူ့အဖွဲ့အစည်းရှိရာ အလုပ်ရုံ၊ စက်ရုံများနှင့် အဆောက်အအုံများဆီသို့ မရောက်ရှိအောင် တားဆီးပေးနိုင်ပါသည်။

ဓါတ်ပုံ - အင်တာနက်
သို့ဖြစ်၍ သစ်တောသစ်ပင်များ၊ သဘာဝပတ်ဝန်းကျင်များကို မထိန်းသိမ်းထားလျှင် ရာတီဥတု ပြောင်းလဲလာပြီး ကမ္ဘာကြီးပူနွေးလာမည်။ ရာသီဥတုပြောင်းလဲရသည့် အကြောင်းရင်းဇာစ်မြစ်ကို ကြည့်  မည်ဆိုလျှင် ကမ္ဘာပေါ်ရှိ လူသားများ၏ လောဘ၊ ဒေါသ၊ မောဟများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလာသည်။ ကမ္ဘာကြီးပူနွေးလာခြင်း၏ အကျိုးဆက်အနေဖြင့် ၂၀၁၅ ခုနှစ်တွင် အပူရှိန် အလွန်ပူ ပြင်းပြီးခြောက်သွေ့သော ရာသီဥတုကို ဖြစ်ပေါ်စေသည့် အယ်လ်နီညိုသည် ၁၉၉၇ ခုနှစ်တွင် စံချိန်တင်ခဲ့ သောနှစ်ထက် ပိုပြီးပြင်းထန်သည့်အတွက်   မိုးခေါင်ခြင်း၊ ရေရှားခြင်း၊ မိုးမရွာ၍ စိုက်ပျိုးသီးနှံများ မစိုက်ပျိုးနိုင်ခြင်း စသည်တို့ ဖြစ်ပေါ်လျက်ရှိသည်။ ဤပြဿနာများကို ကြုံတွေ့လာနိုင်သောကြောင့် သက်ဆိုင်ရာအနေဖြင့် ကျွမ်းကျင်သော ပညာရှင်များကို တိုင်ပင်ပြီး လုပ်ငန်းစဉ်များ ချမှတ်ရန်လိုအပ်သလို အယ်လ်နီညို ရာသီဥတု၏ လက္ခဏာအရ မိုးနည်းမည် ဖြစ်သည့်အတွက် စိုက်ပျိုးရေးလုပ်ကိုင်သူများ အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ပါသည်။ အပူချိန်မြင့်မားလွန်းသည့်အတွက် ကျေးလက်ဒေသအချို့ တွင် သောက်သုံးရေရှားပါးမှုများ ဖြစ်ပေါ်နေသည့်အပြင် နှစ်စဉ် လူထောင်နဲ့ချီပြီး သေဆုံးနေကြရသည်။ ဤအချက်များကိုကြည့်ခြင်းအားဖြင့် ရာသီဥတုပြောင်းလဲမှုကြောင့် ပြည်သူများအတွက် နစ်နာဆုံးရူံးမှုများ၊ ဒုက္ခမျိုးစုံကို လူးလိမ့်ခံစားနေရပါသည်။  ပြည်သူများ သဘာဝပတ်ဝန်းကျင်အပေါ် အလွန်အကျွံ မှီခို ထုတ်ယူသုံးစွဲမှုများ လျော့နည်းသွားစေရန် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ကြရမည် ဖြစ်သည်။ မိုးခေါင်သောဒေသမှာ မိုးရေကိုမျှော်ပြီး သီးနှံစိုက်ပျိုးသည့်အပြင် အခြား စိုက်ပျိုးနိုင်မည့် နည်းလမ်းများကို စုပေါင်းဆွေးနွေး အဖြေရှာရပါမည်။ သဲကန္တာရထဲတွင်သော်မှ စိုက်ပျိုးရေး လုပ်နိုင်သေးသည်။ ကမ္ဘာမှာ ‘မဖြစ်နိုင်ဘူး’ ဟူ၍မရှိပါ။ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုဒဏ် ကျောကော့ခံစားနေရသော ပြည်သူများကို အစိုးရများ၊ ပညာရှင်များ၊ အဖွဲ့အစည်းများမှ စုပေါင်းနည်းလမ်းရှာပြီး ကယ်တင်နိုင်အောင် ကြိုးစားဆောင်ရွက်ကြရပါမည်။  နိုင်ငံတော်မှ အမျိုးသားသဘာဝနယ်မြေများ သတ်မှတ်ထူထောင်ခြင်း၊ ကြိုးဝိုင်းသစ်တောများ သတ်မှတ်ခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်ခြင်း၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပေးခြင်း၊ သစ်တောသစ်ပင် သဘာဝပတ်ဝန်းကျင်များကို ထိန်းသိမ်းစေရန် ပညာပေးစည်းရုံး ဟောပြောခြင်းများ ဆောင်ရွက်ရန် လိုအပ်လှသလို၊ မိမိတို့ပြည်သူများကလည်း ဆက်စပ်ရာပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် မိမိတို့၏ လူနေမှုဘဝလည်း အဆင့်မြင့်လှပလာအောင်၊ မိမိတို့သဘာဝ ပတ်ဝန်းကျင်၏ ဥပဓိရုပ်လည်း ကောင်းမွန်ခန့်ညားလာအောင်  အလေးထား ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြပါစို့ ဟူ၍ တိုက်တွန်းရေးသားလိုက်ရပါသည်။
ကိုးကားချက်။ ။ ဒေါက်တာတင့်မိုးသူဇာ (နှစ်လည်မဂ္ဂဇင်း) 

မွိုးပိုမူ (ပင်လောင်း၊ စန္တားခမ်း)

Powered by Blogger.