Monday, June 6, 2016

ဆရာ/မ မလုံလောက်မှုကြောင့် အ.မ.က ပင်ကာလကျောင်းရှိ ဆရာမများနှင့် ဒေသခံများ အခက်ကြုံနေရ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၇) ရက်






ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဘန့်ဘာကျေးရွာအုပ်စု၊ ပင်ကာလကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းဆရာ/မများ မလုံလောက်မှုကြောင့် ကျောင်းရှိ ဆရာမများနှင့် ဒေသခံမိဘများက အခက်ကြုံတွေ့နေရကြောင်း ကျောင်းကော်မတီဥက္ကဌနှင့် ကျောင်းအုပ်ကြီးထံမှ (၆-၆-၂၀၁၆)တွင်  သိရှိရပါသည်။
အဆိုပါ အ.မ.က ပင်ကာလကျောင်းတွင် ယခင်ဆရာမ(၅)ဦးရှိရာမှ ၂၀၁၀ခုနှစ်၌ ဆရာမတစ်ဦးက အကြောင်းအမျိုးမျိုးကြောင့် နှုတ်ထွက်ကာ ကျန်ရှိသော ဆရာမ(၄)ဦးနှင့် ကျောင်းသား/သူများကို သင်ကြားခဲ့ရပြီး  ၂၀၁၄ ခုနှစ်တွင်လည်း ဆရာမကြီးတစ်ဦးမှ ပင်စင်ယူ၍ ကျောင်းတွင် ဆရာမ(၃)ဦးနှင့်သာ သင်ကြားနေရကြောင်း သိရှိရပါသည်။
ဆရာ/မ မလုံလောက်မှုကြောင့် ကျောင်းအကျိုးတော်ဆောင် ကော်မတီဥက္ကဌ ဦးခွန်တီးစံက “ကျွန်တော်တို့ကျောင်း ဆရာ/မ လုံလောက်မှုမရှိတာ (၄)နှစ်(၅)လောက်ရှိပြီ၊ ဒါကို အထက်ကို အကြိမ်ကြိမ် တင်ပြပါတယ်၊ တင်ပြတော့ သူတို့လည်း ချပေးမယ်လို့ဘဲ ပြောပြောနေတယ်၊ အခုချိန်ထိ တစ်ယောက်မှ မကျသေးဘူး။ အရင်နှစ်တွေဆို ကျောင်းသား/သူတွေ စာမရမှာ စိုးလို့၊ ရွာမှာရှိတဲ့ ဘွဲ့ရပြီးသူတွေကို၊ နေ့စားငှားပြီး သင်ခိုင်းတယ်။ ဒါပေမဲ့ ဒီနှစ် မတတ်နိုင်တော့ဘူးလေ။ ဒီနှစ်က KG သူငယ်တန်းလည်း အသစ်ဆောက်ထားတယ်၊ နောက်ပြီး မူကြိုကျောင်းလည်း ဆောက်လုပ်ထားတယ်ဆိုတော့၊ မတတ်နိုင် တော့ဘူး” ဟု ပြောကြားထားပါသည်။
ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ပြုံးပြုံးနွယ်ကလည်း “ဆရာမတို့ကျောင်းက ကားလမ်းနဲ့လည်း နီးတယ်၊ ကျောင်းသား/သူများလည်း တော်တော်များပါတယ်။ ဆိုတော့ ဆရာ/မ လုံလောက်မှုမရှိတာက တော်တော်လေးကို ဒုက္ခပေးပါတယ်။ ဆရာမတို့က မြို့နယ်ပညာရေးမှူးဆီ ခနခန တင်ပြပါတယ်။  ရွာကလူကြီးတွေလည်း တက်တင်ပြတယ်၊ နောက်ပြီး ပင်လောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း သူတို့တင်ပြတယ်။ သူတို့က ချပေးမယ်၊ သက်ဆိုင်ရာကို တင်ပြပေးမယ်လို့ဘဲ ပြောနေတယ်။ အခုချိန်ထိလည်း မကျလာသေးဘူး။ ဆရာ/မ မလုံလောက်တော့ စာကောင်းကောင်း မသင်ရဘူး၊ ကလေးတွေ စာမရတော့ ကျွန်မတို့ ရှိတဲ့ဆရာမတွေက တော်တော်လေး မျက်နှာငယ်ရပါတယ်။ ဒီနှစ်က KG သူငယ်တန်းမှာ ဆရာမ တစ်ယောက်က တာဝန်ယူရမှာဆိုတော့ ကျန်တဲ့အတန်းတွေကို ကျန်တဲ့ ဆရာမ(၂)ယောက်နဲ့ အဆင်ပြေမှာ မဟုတ်ဘူး” ဟု ဆရာ/မ မလုံလောက်မှုနှင့် ပတ်သက်၍ ပြောကြားထားပါသည်။
အဆိုပါ ပင်ကာလကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်း၌ ယခုလက်ရှိ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ကျောင်းသား/သူ (၁၂၈)ဦးရှိပြီး ရွာ၏ အိမ်ခြေမှာ (၂၆၈)အိမ်ရှိကြောင်း၊ ဆရာ/မ မလုံလောက်မှုကြောင့် ကျောင်းသား/သူ အချို့ကို အခြားသောကျောင်း၌ ဒေသခံမိဘများက ပို့ထားသည်များ ရှိနေကြောင်း သိရှိရပါသည်။

ခွန်ထင်;လေအောင်;








Powered by Blogger.