Wednesday, July 6, 2016

နိုင်ငံတကာဆက်ဆံရေးပညာကို ဘာကြောင့်လေ့လာသင့်သလဲ?

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၆) ရက်


နိုင်ငံတကာဆက်ဆံရေးပညာဘာသာရပ်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် စစ်ရေး စသော ဘာသာရပ်များအကြောင်းကို လေ့လာသင်ကြားရသည်။  နိုင်ငံအချင်းချင်းဆက်ဆံရေးနှင့် ဆိုင်သော သံတမန်ရေးရာများ၊ ဥပဒေများ သင်ကြားကြရသည်။ ဤဘာသာရပ်များသည် လူသား တို့၏ နေ့စဉ်ဖြစ်ပျက်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များကို ကောင်းစွာ ဝေဖန်       ဆန်းစစ်နိုင်သော စွမ်းရည်များကို ရရှိစေနိုင်သော ဘာသာရပ်များဖြစ်ကြသည်။ ဥပမာ- သံတမန် ဆက်ဆံရေးပညာသည် လူမှုပေါင်းသင်းဆက်ဆံရေး၏ နည်းပရိယာယ်များကို သိစေနိုင်သည်။ ကမ္ဘာ့စီးပွားရေးကို လေ့လာခြင်းဖြင့် မိမိတို့ နေ့စဉ်ရင်ဆိုင်နေရသော မိသားစု စီးပွားရေး၊ ကုမ္ပဏီ စီးပွားရေးစသော ကိစ္စများကို ကောင်းမွန်စွာ ဝေဖန်ဆန်းစစ်နိုင်ပါသည်။ နိုင်ငံ့အရေးများ နားလည် စေနိုင်ပါသည်။
ထို့ကြောင့် မိမိတို့၏ လက်တွေ့လူမှုစီးပွားရေးဘဝ၌ များစွာ အကျိုးပြုနိုင်သော ဘာသာရပ်ဖြစ်ပါသည်။ နိုင်ငံတကာဆက်ဆံရေးဘာသာပညာရပ်သည် အမျိုးသားနိုင်ငံရေးကို စိတ်ပါဝင်စားသူများအတွက်လည်း လွန်စွာအသုံးဝင်သော ဘာသာရပ်ဖြစ်ပါသည်။ ဒီမိုကရေစီစနစ် သို့ အသွင်ကူးပြောင်းရေးလုပ်နေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက် နိုင်ငံရေး စနစ်များကို ကောင်းစွာနားလည်သော လူသားအရင်းအမြစ်ကောင်းများအား မွေးထုတ်ပေးနိုင်သော ဘာသာရပ်လည်းဖြစ်ပါသည်။ အကြောင်းမှာ ရွေးကောက်ပွဲ နိုင်ငံရေး၊ ဒီမိုကရေစီနိုင်ငံရေးနှင့် အခြားသော နိုင်ငံရေးစနစ်များနှင့် ဆောင်ရွက်ဖွယ်နည်းလမ်းများစသည့် အကြောင်းအရာများကို လေ့လာသင်ကြားရသောကြောင့် ဖြစ်ပါသည်။ မိမိနိုင်ငံ၏ အမျိုးသားနိုင်ငံရေး အကျိုးစီးပွားကို တိုးပွားလာအောင် ဆောင်ရွက်ပေးနိုင်သော လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်သော ဘာသာရပ်လည်း ဖြစ်ပါသည်။
ကျွန်ုပ်တို့နေထိုင်နေသော ကမ္ဘာကြီးသည် နိုင်ငံများစွာဖြင့် ဖွဲ့စည်းတည်ရှိ   နေပါသည်။ နိုင်ငံများသည် တစ်နိုင်ငံချင်းအနေနှင့်မူ သီးခြားတည်ရှိနေကြသည် ဟု ထင်ရသည်။ သို့သော် နိုင်ငံများသည် လုံးဝသီးခြားစီနေရသည် မဟုတ်ပါ။ နိုင်ငံတစ်ခု၌ မရှိ သောအရာကို အခြားနိုင်ငံများ၌ ဝယ်ယူရခြင်းများရှိပါသည်။ ထို့ကြောင့် အပြန်အလှန် ဆက်ဆံလာ ကြရသည်။ မသင့်မြတ်သော အကြောင်းအရာများကြောင့်လည်း ထိတွေ့ဆက်ဆံလာကြရသည်။ လူ့ပတ်ဝန်းကျင်၌ ဖြစ်ပျက်နေသော အကြောင်းအရာမျိုးကဲ့သို့ပင် နိုင်ငံများ၌ အကြောင်းအရာ များစွာသည် ဖြစ်ပျက်နေကြသည်။ အကြောင်းမှာ အထက်တွင်  ဖော်ပြသကဲ့သို့ နိုင်ငံများကို လူများဖြင့် ဖွဲ့စည်းထားခြင်းကြောင့်ဖြစ်သည်။ နယ်နိမိတ်ချင်းထိစပ်နေသော နိုင်ငံများအနေနှင့်မူ အစိုးရ များအပြင် ပြည်သူအချင်ချင်းလည်း ပိုမိုဆက်ဆံရခြင်းများ ရှိလာသည်။ ထို့ကြောင့် နိုင်ငံ အချင်းချင်း အတူယှဉ်တွဲနေနိုင်ရေးနည်းလမ်းများရှာကြံလာရသည်။ နိုင်ငံ၏အမျိုးသားအကျိုး စီး ပွားများနှင့် ပုဂ္ဂလိကအကျိုးစီးပွားများ မြှင့်တင်ပေးရေး ကြိုးပမ်းလာကြသည်။ နိုင်ငံတကာဆက်ဆံ ရေး ပညာဘာသာရပ်သည် ဤအကြောင်းအရာများကို အကောင်အထည်ဖော်ပေးနိုင်သော ပညာ ရပ်များကို သင်ကြားပေးနေသည့် ဘာသာရပ်လည်း ဖြစ်ပါသည်။ တစ်ဖန် ဂလိုဘယ်လိုက်ဇေးရှင်း ခေါ် ကမ္ဘာအနှံ့(ကမ္ဘာ့ရွာ)ဖြစ်စဉ်ကြောင့်လည်း နိုင်ငံနှင့်လူသားတို့ အပြန်အလှန် မဆက်ဆံဘဲ နေ၍မရသော အခြေအနေများနှင့် ကြုံတွေ့လာရပြီဖြစ်သည်။ ကမ္ဘာနှင့်အဝှမ်း အပြန်အလှန် ဆက်ဆံလာကြရသည်။ နိုင်ငံတကာဆက်ဆံရေးပညာဘာသာရပ်သည် ကမ္ဘာ့ရွာဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သော ကောင်းကျိုးဆိုးပြစ်တို့ကို ဝေဖန်ဆန်းစစ်နိုင်အောင် သင်ကြားပေးပါသည်။ ဤဖြစ်စဉ်ကြောင့် ထိခိုက်လာနိုင်သည့် နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းကာကွယ် ပေးနိုင်သော နည်းလမ်းများကို သင်ပြပေးပါသည်။ ထို့ကြောင့် နိုင်ငံတကာဆက်ဆံရေး ပညာဘာသာရပ်သည် မည်သူမဆို လေ့လာသင့်သော ဘာသာရပ်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

ကိုးကား - နိုင်ငံတကာဆက်ဆံရေးပညာနိဒါန်း(IR)
ဒေါက်တာစိုင်းခိုင်မျိုးထွန်း
နင်,ခမ်းရတနာ;(ခမ်းစန္တာ;ဟေ့,)

Powered by Blogger.