Tuesday, October 4, 2016

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်



ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ (၄)ရက်၊ အင်္ဂါနေ့၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
အဆိုပါ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို သထုံမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဥက္ကဌ ဦးခွန်ကျော်စိုးက ဦးဆောင်ပြီး အခမ်းအနားသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီဝင်များ၊ ဒုံဝန်းကျေးရွာ ဥက္ကဌနှင့် ကျေးရွာအတွင်းရှိ ပအိုဝ်းလူငယ်ကွန်ယက်(PYN)များ၊ မွန်ပြည်နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) နာယက ဦးခွန်သိန်းအောင်နှင့် (PNO)ပါတီ ဒု-ဥက္ကဌ ဦးခွန်အောင်သန်း၊  မွန်ပြည်နယ် ပအိုဝ်းလူငယ် ကွန်ယက်(PYN) ဥက္ကဌ ခွန်ကျော်စွာမင်းနှင့် ရပ်မိရပ်ဖများ စုစုပေါင်း(၇၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ထို (PNO)ပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား၏ နံနက်ပိုင်း (၆း၀၀)နာရီ အချိန်တွင် ရဟန်း၊ သံဃာတော်များ အား ဆွမ်းကပ်လှူဒါန်းပြီး သံဃာတော်များမှ ဟောကြားသော တရားတော်များအား နာယူခဲ့ပါသည်။ ဆက်လက်၍  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ နာယက၊  မြို့နယ်ပါတီ ဥက္ကဌနှင့် ကျေးရွာဥက္ကဌတို့က အမှာစကားပြောကြားပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဆိုင်းဘုတ်သစ်ကို ဖွင့်လှစ်ခဲ့ပါသည်။
ထို့နောက် ကြွရောက်လာကြသော လူကြီးမင်းများက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဆိုင်းဘုတ်ကို အမွှေးနံ့သာများ ပက်ဖျန်းကြပြီး စုပေါင်း အမှတ်တရ ဓာတ်ပုံများ၊ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ပအိုဝ်းလူမျိုးများနေထိုင်သော သထုံမြို့နယ်ရှိ ဒုံဝန်းကျေးရွာတွင် အိမ်ခြေ (၉၀၃)ရှိပြီး ခန့်မှန်း လူဦးရေ (၅၀၀၀)၀န်းကျင်ရှိကြောင်း သိရှိရပါသည်။

ခွန်ရဲလင်းထက်
(သထုံ)

Powered by Blogger.