Wednesday, January 25, 2017

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဖြားခွန်စံလွင်က ပင်လောင်းမြို့နယ်ရှိ ဒေသခံမိဘပြည်သူများကို ဆက်လက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၂၅) ရက်





ပအိုဝ်းကိုယ်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ရောက်ရှိနေသော ဒေသဦးစီးဥက္ကဌနှင့်အဖွဲ့သည် ဒီနေ့ ၂၀၁၇ခုနှစ်၊ ဇန်န၀ါရီလ(၂၅)ရက်၊ ဗုဒ္ဓဟူးနေ့၌ နောင်တရားမြို့နယ်(ခွဲ)ရှိ မိဘပြည်သူများနှင့် နန်းပုလင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် တွေ့ဆုံပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ဦးစွာပထမကြွရောက်လာကြသော လူကြီးမင်းများနှင့်ဒေသခံမိဘပြည်သူများက နန်းပုလင်း ဆရာတော်ထံမှ ငါးပါးသီလနှင့် သြ၀ါဒများ နာယူခဲ့ကြပါသည်။ ထို့နောက် ဒေသခံမိဘပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဖိတ်ကြားတင်ပြကြပြီး ဒေသဦးစီး ဖြားခွန်စံလွင်၊ ဟိုပုံးမြို့နယ် မဲဆန္ဒနယ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ  ၊ ပင်လောင်းမြို့နယ် မဲဆန္ဒနယ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်စောအောင်တို့က အသီးသီးအမှာစကား ပြောကြားခဲ့သည်။

ထိုသို့ ဒေသဦးစီးဥက္ကဌ အမှာစကား ပြောကြားရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသအတွင်း နေထိုင်လျက်ရှိသော ပအိုဝ်းတိုင်းရင်းသားများနှင့် အခြားညီနောင်တိုင်းရင်းသားများအနေနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အတူတကွ လက်တွဲဆောင်ရွက်စေလိုကြောင်း၊ ထို့ပြင် ဒေသခံများအနေဖြင့် နယ်စပ်တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ နိုင်ငံတကာအဖွဲ့အစည်း(NGO)နှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ဖွံ့ဖြိုးရေးနှင့် လူနေမှုဘ၀မြှင့်တင်ရန်အတွက် ဖွံ့ဖြိုးရေးအခြေခံဖြစ်သော လမ်း၊ တံတား၊ ရေ၊ မီး၊ စာသင်ကျောင်း၊ ကျေးလက်ကျန်းမာရေး၊ ဆေးပေးခန်းများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးသင်တန်းကျောင်းများ၊ အရင်းအနှီးများ၊ ကုန်ဈေးနှုန်းဈေးကွက် ရရှိအောင်ဆောင်ရွက်ပေးနိုင်သမျှ ကြိုးစားဆောင်ရွက်ပေးနေပါကြောင်း၊ ခေတ်နှင့်လျှော်ညီစွာ ဘွဲ့ရပညာတတ်အသိပညာရှင်များ မွေးထုတ်ပေးရန် လိုအပ်ကြောင်း၊ အစိုးရ၀န်ထမ်းများအဖြစ် နိုင်ငံ့တာဝန်ထမ်းဆောင်စေလိုကြောင်း၊ ပညာရေးကို အနှောက်အယှက်ပေးစေသော မူးယစ်ဆေးဝါးများ ပပျောက်ရန်အတွက် ဘ၀အသစ်ပြန်လည်ထူထောင်ရေးနှင့် ဘိန်းဖြတ်စခန်းကို နိုင်ငံတော်အစိုးရနှင့် ပူးပေါင်း၍ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်စံပြကျေးရွာ၊ ပအိုဝ်းအမျိုးသားတပ်မတော် အောင်ဆုဗွေစခန်း၌ ဆောင်ရွက်ထားရှိနေပါကြောင်း ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ နောင်တရားရှိ ရပ်ကွက်(၃)ရပ်ကွက်နှင့် နန်းပုလင်းကျေးရွာအုပ်စု၊ ပေါအင်းကျေးရွာအုပ်စု၊ ပေါယာကျေးရွာအုပ်စုရှိ ဒေသခံပြည်သူ (၃၀၀)ကျော် တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

နင်;ခမ်းစန္တာ;(နောင်တရား)
Powered by Blogger.