Monday, January 23, 2017

ယဉ်ကျေးမှုကို ထိန်းသိမ်းခြင်း

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၂၄) ရက်


ယခုအချိန်အခါတွင် လူတို့၏ ဂုဏ်သိက္ခာသည် ယဉ်ကျေးမှုတစ်ရပ်တွင် ပါဝင်ပါသည်။ လူတို့၏ သဘောကို အရိုင်း၊ အနုံ,အအ စသည်ဖြင့် သဘောထားတတ်ပေရာ လူတစ်ယောက်သည် လိမ္မာယဉ်ကျေးပါက ဂုဏ်ဝိသေသနအနေဖြင့် အထင်ကြီးခြင်း၊ ချီးမွမ်းခြင်းပြုတတ်ပေသည်။ ယဉ်ကျေးခြင်းသည် လူတို့၏ ထိုက်တန်သော တိုးတက်သည့်အရည်အချင်းအဖြစ် ခံယူကြပေသည်။

ယဉ်ကျေးခြင်းဟုဆိုရာ၌ အဓိပ္ပါယ်များစွာရှိပေသည်။ ယဉ်ကျေးမှု၏ အပိုင်းကဏ္ဍများတွင် အကျင့်စရိုက်၊ အပြုအမူ၊ အပြောအဆိုစသော ယဉ်ကျေးခြင်း အမျိုးမျိုးပါဝင်သည်။ ထိုယဉ်ကျေးခြင်းများမှာ လူ၏ကျင့်ဝတ်နေထိုင်မှုဆိုင်ရာ ယဉ်ကျေးခြင်းပင်ဖြစ်ပေသည်။ အနုပညာ၊ လက်မှုပညာစသော အတတ်ပညာ၏ သိမ်မွေ့တိုးတက်မှု အရည်အချင်းနှင့် ရိုးရာစဉ်လာ ထုံးစံဓလေ့စသော ယဉ်ကျေးမှုတို့သည်လည်း ထိန်းသိမ်းအပ်သော ယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်ပေသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လူ၏ယဉ်ကျေးခြင်း၊ ဓလေ့စရိုက်၏ ယဉ်ကျေးခြင်းနှင့် အနုပညာ၏ ယဉ်ကျေးခြင်းဟူ၍ အမျိုးမျိုးပါဝင်သည်။
   
လူ၏ ယဉ်ကျေးခြင်းနှင့် ပတ်သက်၍ မိမိမျိုးရိုးစဉ်လာ လက်ခံထိန်းသိမ်းသော ယဉ်ကျေးမှုမျိုးလည်းရှိသည်။ လူတစ်ဦးနှင့်တစ်ဦး တွေ့ဆုံလျှင် ပြုံးရွှင်မှုကိုပြခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်း၊ ပွေ့ဖက်ခြင်း၊ ခါးညွတ်ခြင်း၊ လက်အုပ်ချီခြင်း စသည်တို့ဖြင့် လူမျိုးအလိုက်ယဉ်ကျေးသော ခရီးဦးကြိုခြင်း၊ ဂါရဝပြုခြင်း၊ နှုတ်ဆက်ခြင်း၊ အစဉ်အလာများ ရှိပေမည်။ ထိုအစဉ်အလာကို မိမိတို့ မျိုးရိုးစရိုက်အတိုင်း လိုက်နာကျင့်သုံးရပေမည်။ ယဉ်ကျေးခြင်းသည် လူမျိုးတိုင်းတွင် ယဉ်ကျေးမှုစရိုက်အမျိုးမျိုး ရှိပေသည်။

ယဉ်ကျေးသော အပြုအမူများမှာ နေရာတကာတွင် ရှိပေသည်။ စားသောက်လျှင်လည်း အသံမမြည်ခြင်း၊ မဖိတ်စင်ခြင်း၊ သပ်ရပ်စွာစားခြင်း၊ ရွံရှာဖွယ်မဖြစ်စေခြင်း၊ အလှည့်စောင့်ခြင်း စသည်ဖြင့် လိုက်နာစရာ များစွာရှိပါသည်။ ပြောဆိုရာတွင်လည်း ပြုံးရွှင်မှုကို ရှေ့ဆောင်ခြင်း၊ လေးစားမှုကိုပြခြင်း၊ ထိုက်တန်သော အပြုအမူပြုခြင်း၊ သင့်မြတ်သောစကားလုံးကို ရွေးခြင်း၊ ပရိတ်သတ်တစ်ဖက်သား၏ အလိုအကျကို ထောက်ဆ ဦးစားပေးခြင်းစသော ယဉ်ကျေးခြင်း ထုံးစံဓလေ့များနှင့် ညီညွတ်ရပေမည်။ အနေအထိုင်အပြုအမူစသည်အားလုံးတို့သည်လည်း ထိုက်သင့်သော ယဉ်ကျေးမှုစရိုက်များရှိရပေမည်။ ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍လည်း ယဉ်ကျေးမှုများရှိပေသည်။ လူ၏အဆင့်အတန်းကို ယဉ်ကျေးမှုကျင့်ဝတ်နှင့် ညီ,မညီအပေါ်တွင် အကဲဖြတ်လေ့ရှိကြပေသည်။

ယဉ်ကျေးမှုကျင့်သုံးလာသည်ကို အပိုဖြစ်သည်ဟု လူငယ်တချို့က ယူဆတတ်ကြသည်။ မည်မျှပင် ပြတ်သားစေကာမူ ယဉ်ကျေးမှုကို မထိန်းသိမ်း၍ မဖြစ်ပေ။ လူ့လောကကြီးကို ရိုးမသွားအောင် ထိန်းသိမ်းပေးနေသည်မှာ ယဉ်ကျေးမှုသာဖြစ်ပါသည်။ ထို့ကြောင့် ယဉ်ကျေးမှုကို အထင်သေး၊ အပြစ်မမြင်ဘဲ လိုက်နာသင့်သမျှ လိုက်နာရပေမည်။ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းရာတွင်လည်း အရေးကြီးပါသည်။ တိုးတက်သော လူမျိုးများသည် လူ့လောကအတွက် တိုးတက်ကြံဆောင်၍ ကြည်နူးသာယာခံစားနိုင်သော သဘာဝကို ပေးစွမ်းနိုင်ပါသည်။ ထို့ကြောင့် ယဉ်ကျေးမှုသည် စင်စစ်အားဖြင့် လူမျိုးတစ်မျိုးနှင့် တစ်မျိုး ကွဲပြားခြားနားမှု၏  လက္ခဏာများတွင် ဘာသာစကား၊ စာပေ၊ နိုင်ငံနယ်နိမိတ်၊ ကိုယ်ခန္ဓာတည်ဆောက်မှုနှင့် ယဉ်ကျေးမှုစရိုက်များ၊ ယဉ်ကျေးမှု အမွေခံပညာများ ဖြစ်ကြသည်။ ထိုသို့ ကွဲပြားသော ကိုယ်ပိုင်မူရှိခြင်းသည် ဂုဏ်ယူစရာဖြစ်ပါသည်။

လူငယ်တို့အဖို့တွင် ပေါ်ပေါက်လာသော ခေတ်ယဉ်ကျေးမှုများ၊ တိုင်းတစ်ပါးယဉ်ကျေးမှုများကို သိမ်းသွင်း လက်ခံလာစေကာမူ ရိုးရာအမွေနှစ် ကိုယ်ပိုင်ဟန်နှင့် လူမျိုး၏ ဝိသေသဂုဏ်ရည်ဖြစ်သာ အစဉ်အလာ ယဉ်ကျေးမှုများကို မပျောက်မပျက်၊ မမှေးမှိန်ရအောင် ဆက်လက်ထိန်းသိမ်းရပါမည်။ ကဏ္ဍစုံ၌ မိမိကလိုက်ပါနိုင် သည်မဟုတ်သောကြောင့်  ဝတ်စားဆင်ယင်မှု၊ အပြုအမူအနေအထိုင်တို့တွင်မူ ကိုယ်ကပင်မဖွယ်မရာဘက်၌ ဦးဆောင်နေလိုက်ကြပါသေးသည်။ ခေတ်မီခြင်းမဟုတ်ပါချေ ယဉ်ကျေးမှုတိုက်စားခံခြင်း မျှသာဖြစ်ပါ၏။ တစ်ချိန်က ခြေမျက်စိမပေါ်အောင် ဝတ်စားဆင်ယင်ခဲ့ကြသော မိန်းကလေးများသည် အတိုဆုံးသော ဘောင်ဘီတို၊ အပေါ်ဆုံးသော ခါးပြတ်စပို့ရှပ်ဝတ်နိုင်မှ ခေတ်မီသည်ဟူသော အတွေးအခေါ်က ကိုယ့်ယဉ်ကျေးမှုကို ခြေဖဝါးအောက်ချ လိုက်ခြင်းမျှသာ ဖြစ်ပါသည်။ လျင်မြန်စွာတိုးတက်ပြောင်းလဲနေသောကာလတွင် ခေတ်မီခြင်းများစွာကို  ဖြတ်သန်းနေရသောကြောင့် ဆက်လက်၍ ဖြတ်သန်းရဦးမည်လည်းဖြစ်ပါသည်။ ထို့ကြောင့် လူငယ်များသည် အတိတ်နှင့် ပစ္စုပ္ပန်ကို ယှဉ်တွဲဆက်စပ်ရသူများဖြစ်၍ ထိုနှစ်ခေတ်၏ ယဉ်ကျေးမှုများကိုလည်း ရောနှောဖလှယ်မိသူများဖြစ်၍ ရိုးရာယဉ်ကျေးမှုကို တာဝန်၊ ဂုဏ်သိက္ခာနှင့် ထိန်းသိမ်းသွားရမည်ဟု တိုက်တွန်းလိုက်ပါသည်။
         
ကိုးကားချက်-  လူငယ်ပျိုးထောင်နည်း(သုခမိန်)
ဆာ;မူးပေး(စန္တားခမ်း)
Powered by Blogger.