Monday, January 30, 2017

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဖြားခွန်စံလွင်က ပင်လောင်းမြို့နယ်မှ ကျေးရွာအုပ်စု အသီးသီးရှိ မိဘပြည်သူများကို သွားရောက် တွေ့ဆုံပွဲများ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၃၀) ရက်












ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဖြားခွန်စံလွင်နှင့်အဖွဲ့သည် မိဘပြည်သူများ၏ လိုအပ်ချက်များ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ရန်၊ မိဘပြည်သူများနှင့်ပိုမိုရင်းနှီးမှု ရရှိစေရန်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ပတ်သက်၍ ၂၀၁၇ခုနှစ်၊ ဇန်န၀ါရီလ(၂၄)ရက်နေ့မှ(၂၉)ရက်အထိ ပင်လောင်းမြို့နယ်မှ ကျေးရွာအုပ်စု အသီးသီးရှိ မိဘပြည်သူများကို သွားရောက်တွေ့ဆုံပွဲများ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ မိဘပြည်သူများနှင့် တွေ့ဆုံပွဲများကို ပင်လောင်းမြို့နယ်ရှိ  (၂၄-၁-၂၀၁၇)တွင် ပင်ခင်ကျေးရွာအုပ်စု၊ လွယ်အယ်ဘုန်းတော်ကြီးကျောင်းနှင့် တီကျစ်ကျေးရွာအုပ်စု၊ တောင်ပို့ကြီး ဘုန်းတော်ကြီးကျောင်း၌ သော်လည်းကောင်း၊ (၂၅-၁-၂၀၁၇)တွင် နမ်းပုလင်းကျေးရွာအုပ်စု၊ နမ်းပုလင်းဘုန်းတော်ကြီးကျောင်းနှင့် နောင်ပီးကျေးရွာအုပ်စု၊ နောင်ပီးဘုန်းတော်ကြီးကျောင်းတွင် သော်လည်းကောင်း၊ (၂၇-၁-၂၀၁၇)တွင် စင်းတောင်းကျေးရွာအုပ်စု၊ တင်းထက်ဘုန်းတော်ကြီးကျောင်းတွင် သော်လည်းကောင်း၊ ဘန့်ဘာကျေးရွာအုပ်စု၊ ပင်ခွန်ဘုန်းတော်ကြီးကျောင်းနှင့် လုံးနဂါးပတ်ဘုန်းတော်ကြီးကျောင်းတွင် သော်လည်းကောင်း၊ (၂၈-၁-၂၀၁၇)၌  လုံးပျဉ်ကျေးရွာအုပ်စု၊ နောက်ဝိုးဘုန်းတော်ကြီးကျောင်းနှင့် လုံးပျဉ်ကျေးရွာအုပ်စု၊ လုံးပျဉ်ဘုန်းတော်ကြီးကျောင်းတွင် သော်လည်းကောင်း၊ (၂၉-၁-၂၀၁၇)၌ မင်းဘူးကျေးရွာအုပ်စု၊ မင်းဘူးဘုန်ုးတော်ကြီးကျောင်းတွင် သော်လည်းကောင်း အသီးသီးပြုလုပ်ကျင်းပလျက်နေကြောင်း သိရှိရပါသည်။

ထိုသို့ သွားရောက်တွေ့ဆုံ၍ ဒေသဦးစီးဥက္ကဌက အမှာစကားပြောကြားရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နေထိုင်လျက်ရှိသော ပအိုဝ်းတိုင်းရင်းသားများနှင့် အခြားညီနောင်တိုင်းရင်းသားများအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အတူတကွ လက်တွဲဆောင်ရွက်စေလိုကြောင်း၊ ထို့ပြင် ဒေသခံများအနေဖြင့် နယ်စပ်တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ နိုင်ငံတကာအဖွဲ့အစည်း(NGO)နှင့် ပူးပေါင်းဆောင်ရွက် စေလိုကြောင်း၊ ဖွံ့ဖြိုးရေးနှင့် လူနေမှုဘ၀မြှင့်တင်ရန်အတွက် ဖွံ့ဖြိုးရေးအခြေခံဖြစ်သော လမ်း၊ တံတား၊ ရေ၊ မီး၊ စာသင်ကျောင်း၊ ကျေးလက်ကျန်းမာရေး၊ ဆေးပေးခန်းများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးသင်တန်းကျောင်းများ၊ အရင်းအနှီးများ၊ ကုန်ဈေးနှုန်းဈေးကွက် ရရှိအောင် ဆောင်ရွက်ပေးနိုင်သမျှ ကြိုးစားဆောင်ရွက်ပေးနေပါကြောင်း၊ ခေတ်နှင့်လျှော်ညီစွာ ဘွဲ့ရပညာတတ်အသိပညာရှင်များ မွေးထုတ်ပေးရန် လိုအပ်ကြောင်း၊ အစိုးရ၀န်ထမ်းများအဖြစ် နိုင်ငံ့တာဝန် ထမ်းဆောင်စေလိုကြောင်း၊ ပညာရေးကို အနှောက်အယှက်ပေးစေသော မူးယစ်ဆေးဝါးများ ပပျောက်ရန်အတွက် ဘ၀အသစ်ပြန်လည်ထူထောင်ရေးနှင့် ဘိန်းဖြတ်စခန်းကို နိုင်ငံတော်အစိုးရနှင့် ပူးပေါင်း၍ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်စံပြကျေးရွာ၊ ပအိုဝ်းအမျိုးသားတပ်မတော်အောင်ဆုဗွေစခန်း၌ ဆောင်ရွက်ထားရှိနေပါကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဒေသဦးစီးဥက္ကဌသည် မိဘပြည်သူများအပြင် ပင်လောင်းမြို့နယ်ရှိ ဌာနဆိုင်ရာ တာဝန်ခံများကိုလည်း တွေ့ဆုံခဲ့ပါကြောင်း၊ ပင်လောင်းမြို့နယ်၊ ရင်းမှီးရပ်ကွက်တွင် ပြုလုပ်ကျင်းသော မြသိန်းတန် ပရိယတ္တိ စာသင်တိုက်၊ သမဂ္ဂသုခကျောင်းတော်ကြီး ရေစက်ချအလှူတော်မင်္ဂလာပွဲကိုလည်း တက်ရောက် ကုသိုလ် ယူခဲ့ပါကြောင်း၊ ထို့ပြင် ဆောင်းပြောင်း-ကောင်မဲသင်းသို့ (၄)မိုင်အကွာအဝေးရှိ ကတ်ထရာလမ်း ဆောင်ရွက်နေမှုကိုလည်း သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

ခွန်ထင်;လေအောင်;
Powered by Blogger.