ယခုနှစ်နွေရာသီသည် ယခင့်(ယခင်)နှစ်မှနွေရာသီနှင့် ယှဉ်လျှင်သိသိသာသာပို၍ပူပြင်းလာသည်ကို သတိပြုမိမည်ထင်ပါသည်။ အကြောင်းမူကား ယနေ့ခေတ်ကဲ့သို နည်းပညာခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့် အညီ လက်မှုလုပ်ငန်းများနည်းပါးလာပြီး စက်မှုလုပ်ငန်းများတစ်နေ့ထက်တစ်နေ့ ပိုပြီးပေါများလာခြင်းပင်ဖြစ် သည်။ ဤကဲ့သို့သော စက်မှုလုပ်ငန်းများပေါများလာခြင်းသည် နိုင်ငံနှင့်ပြည်သူလူထုအတွက် ကောင်းမွန်သည့် အရာတစ်ခုဖြစ်သော်ငြားလည်း အကောင်း၏နောက်တွင် အဆိုးသည်လည်း ဒွန်တွဲ ပါလာစမြဲဖြစ်သည်။
ဥပမာအားဖြင့်- အကောင်းဘက်တွင် ယခင်က တစ်ရက်တာသွားရသည့်ခရီးကို ယနေ့တွင် မော်တော်ဆိုင်ကယ်၊ မော်တော်ကားများဖြင့် နာရီပိုင်းကြာချိန်ဖြင့်သာရောက်နိုင်ခြင်း၊ ယခင်ကခက်ခဲသည့် ဆက်သွယ်ရေး စနစ်သည် ယနေ့တွင်လူတိုင်းကိုယ်စီဖုန်းများကိုင်ဆောင်လာနိုင်ပြီး မိမိလိုအပ်သည့်အချိန်တွင် အချိန်မရွေး ဆက်သွယ်၊ ပြောဆိုလာနိုင်ခြင်း၊ ထို့အပြင် မိမိသိလိုသည့်အကြောင်းအရာများကို အင်တာနက်ဝက်ဆိုဒ်၊ ဖေ့စ်ဘုတ်မှတစ်ဆင့် အလွယ်တကူရှာဖွေ၊ ဖတ်ရှု၊ ဖမ်းယူ၊ ကြည့်ရှုလာနိုင်ခြင်း၊ လိုင်းပေါင်းစုံသော ရုပ်မြင်သံကြားများပေါ်ထွန်းလာခြင်းစသည့်နည်းပညာများ ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ လူနေမှု အဆင့်အတန်းသည်လည်း တစ်နေ့ပြီးတစ်နေ့၊ တစ်ခေတ်ပြီးတစ်ခေတ် တိုးတက်မြင့်မားလာပြီဖြစ်သည်။ ဆိုးကျိုးများအနေဖြင့် မော်တော်ဆိုင်ကယ်များ၊ မော်တော်ကားများနှင့် စက်ရုံများမှထွက်သည့် အခိုးအငွေ့ များကြောင့် ကမ္ဘာ့လေထု၊ ရေထု၊ မြေထုများညစ်ညမ်းပြီး လူသားများ၊ တိရိစ္ဆာန်များနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည်။ ထို့ကြောင့် သက်ရှိသတ္တ၀ါများ အားလုံး သက်ရှည်ကျန်းမာပြီး ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ရန်၊ ကျွန်တော်တို့မှီခိုနေထိုင်ရာ ကမ္ဘာမြေကြီးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေပြီး အစဉ်ထာဝရလှပဖို့ဆိုလျှင် သစ်ပင်၊ ၀ါးပင်များကို များများစိုက်ပျိုးကြပြီး သစ်တောသစ်ပင်များကို “ထိန်းသိမ်းကြပါစို့” ဟုတိုက်တွန်းအပ်ပေသည်။
အလာတူးပင် ဆက်သွယ်ရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ အနောက်တိုင်းရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများသည်လည်း မြန်မာနိုင်ငံအတွင်းရှိ လူငယ်မောင်မယ်များအကြား ကျယ်ပြန့်စွာ စိမ့်ဝင်လာလျက်ရှိသည်။ မကြာမီကာလတွင် မြန်မာနိုင်ငံ၏ဓလေ့ထုံးတမ်း အစဉ်အလာအရ နှစ်သစ်ကို ကြိုဆိုမည့် အတာသင်္ကြန်ပွဲတော်သည်လည်း ရောက်ရှိလာတော့မည်ဖြစ်သည်။ အတာသင်္ကြန်ပွဲတော်သည် နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောပြီး နှစ်သစ်ကိုကြိုဆိုသော ပွဲတော်ဖြစ်သည်နှင့်အညီ မြန်မာတို့၏ ထုံးတမ်းအစဉ်အလာယဉ်ကျေးမှုအရ ရဟန်းသံဃာ၊ လူကြီးသူမ၊ မိဘ၊ ဆရာသမားများကို လူငယ်မောင်မယ်များမှ ကန်တော့၍ ကုသိုလ်ကောင်းမှုပြုလုပ်သည့် ကာလလည်းဖြစ်သည်။ ထို့ကြောင့်အနာဂါတ် မျိုးဆက်သစ် ခေတ်လူငယ်မောင်မယ်များအနေဖြင့် ဤကဲ့သို့သော ကုသိုလ်ကောင်းမှုများပြုလုပ်သည့်ကာလတွင် အရက် သေစာမူးယစ်ဆေးဝါးများ၊ အလောင်းအစားများနှင့် မြန်မာလူမျိုးတို့၏ဘာသာနှင့်ယဉ်ကျေးမှုဂုဏ်အင်္ဂါရပ်ကို ထိပါးစေမည့် အပြုအမူများ၊ ဝတ်စားဆင်ယင်မှုများကို မပြုလုပ်ရန်နှင့် ရှောင်ကြဉ်ရန် အထူးလိုအပ်ပေသည်။ သမိုင်းကြောင်းအစဉ်အလာအရ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားခဲ့သော ပအိုဝ်းလူမျိုးတို့သည် ယနေ့ဖွံ့ဖြိုး တိုးတက်ပြောင်းလဲလာသည့်ခေတ်နှင့်အညီ ဘိုးဘွားစဉ်ဆက် အဆက်ဆက်မှ အမြတ်တနိုးတန်ဖိုးထားခဲ့သည့် ယဉ်ကျေးမှုသည်လည်း တဖြည်းဖြည်းပျောက်ကွယ်သွားမည်ကိုပင် စိုးရိမ်နေမိသည်။ ထို့အပြင် ကမ္ဘာပေါ်တွင် ထင်ပေါ်ကျော်ကြားသည့်ပွဲတော်များအနက် အတာသင်္ကြန်ပွဲတော်သည်လည်း အပါအဝင်ဖြစ်သည်နှင့်အညီ မိမိတို့၏ယဉ်ကျေးမှုကို ကမ္ဘာကသိအောင် ထုတ်ဖော်ပြသခွင့်ရသည့် အခါသမယလည်း ဖြစ်သည်။
ထို့ကြောင့် ဘိုးဘွားစဉ်ဆက် အဆက်ဆက်က အမြတ်တနိုးတန်ဖိုးထားကာ ထိန်းသိမ်းလာခဲ့သည့် ယဉ်ကျေးမှုများကို အနာဂါတ်မျိုးဆက်သစ်လူငယ်မောင်မယ်များအားလုံးအနေဖြင့် မိမိတို့လက်ထက်တွင် မပျောက်ကွယ်ရအောင်နှင့် သားစဉ်မြေးဆက် အဆက်ဆက်အထိ အစဉ်ထာဝရခိုင်မြဲရန်အတွက် အားလုံး အတူတကွလက်တွဲလို့ ဝိုင်းဝန်း “ထိန်းသိမ်းကြပါစို့”ဟု တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါသည်။
နှစ်သစ်မှာ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ--------
ခွန်ကျော;ခေါင်; (ထီရီးဟော်ထို)
Like On Facebook
Follow On Twitter
Subscribe On RSS