Wednesday, May 3, 2017

(၃၃)ကြိမ်မြောက်ပအိုဝ်းဘာသာစာပေဖြင့်ကျင်းပသော အခြေခံဗုဒ္ဓယဉ်ကျေးမှုသင်တန်းဆင်းပွဲ အောင်ပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မေလ (၄)ရက်




အထူးဒေသ(၆) တောင်ကြီးမြို့နယ် ကျောက်တစ်လုံးကြီးမြို့တွင် ၂၀၁၇-ခုနှစ်၊ ဧပြီလ(၂၈)ရက်နေ့မှ မေလ(၂)ရက်နေ့အထိ (၃၃)ကြိမ်မြောက်ပအိုဝ်းဘာသာစာပေဖြင့်ကျင်းပသော အခြေခံဗုဒ္ဓယဉ်ကျေးမှု သင်တန်းကို ဖွင့်လှစ်သင်ကြား ရေးဖြေခဲ့ကြပြီးမေလ(၄)ရက်နေ့တွင် သင်တန်းဆင်းပွဲ အောင်ပွဲ ဆုပေးပွဲအဖြစ် ပြုလုပ်ကျင်းပလျက်ရှိကြောင်း သိရှိရပါသည်။

ယခုနှစ် အခြေခံယဉ်ကျေးမှုသင်တန်းတွင် စာရင်းသွင်းသူဦးရေ စုစုပေါင်း(၂၁၃၄)ဦး၊ ဖြေဆိုသူ(၂၀၁၅)ဦး၊ အောင်မြင်သူ(၁၈၇၉)ဦး၊ ကျရှုံးသူ(၁၃၃)ဦးနှင့် ပျက်ကွက်သူ(၁၂၂)ဦးရှိသည် ဂုဏ်ပြုလက်မှတ်ပေးအပ်ရာတွင် သံဃာတော်အဆင့်၊ ကျောင်းသားအဆင့်၊ ကျောင်းသူအဆင့်ဆိုပြီး (၃)မျိုးသုံးစားခွဲခြားပြီး ပေးအပ်သွားမည်ဖြစ်သည်။ သံဃာတော်များအနေဖြင့် ပထမဆုကို ဦးကောဝိဒ ဇ၀နာရာမစာသင်တိုက် ဆီဆိုင်မြို့မှလည်းကောင်း၊ ကျောင်းသားများအနေဖြင့် ခွန်တတန်းလွယ်ဆဲင်ရွာ ပင်လုံမှလည်းကောင်း၊ ကျောင်းသူများအနေဖြင့် ပဒုမ္မာစာရီသီလရှင်စာသင်တိုက် မသုဓမ္မစာရီလင်္ကာရ တောင်ကြီးတို့မှ အသီးသီး ရရှိအောင်မြင်ခဲ့ကြကြောင်းသိရှိရပါသည်။

အဆိုပါ မေလ(၃)ရက်နေ့တွင် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ၀ဏ္ဏကျော်ထင် ဖြားတန်ဦးအောင်ခမ်းထီ၏ (၈၁)နေ့ပြည့်မွေးနေ့ ကျရောက်သဖြင့် ဆရာတော် သံဃာတော်အရှင်သူမြတ်များ သင်တန်းသူ/သား(၂၀၀၀)ကျော်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအား လိုလေသေးမရှိအောင် ဆက်ကပ်လှူဒါန်းကျွေးမွေး ဧည့်ခံပေးခဲ့ပါသည်။

အမျိုးသားခေါင်းဆောင်ကြီး ဖြားတန်ဦးအောင်ခမ်းထီ၏ (၈၁)နေ့ပြည့် မွေးနေ့ဆွမ်းကပ်ပွဲသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဖြားတန်ခွန်စံလွင်နှင့် ဒေသဦးစီးအဖွဲ့ဝင်များ၊ ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်အောင်ကျော်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားတန်ခွန်သိန်းဖေနှင့် အခြားဖိတ်ကြားထားသော အထူးဧည့်သည်တော်များတို့က ကြွရောက်အားပေးချီးမြှောက်ပေးခဲ့ကြကြောင်း သိရှိရသည်။

ထို့နောက် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်ဦးအောင်ခမ်းထီနှင့် (၃၃)ကြိမ်မြောက် ပအိုဝ်းဘာသာစာပေဖြင့်ကျင်းပသော အခြေခံဗုဒ္ဓယဉ်ကျေးမှုသင်တန်းကို တက်ရောက်လာကြသောနယ်စုံမှ ပအိုဝ်းလူငယ်မောင်မယ်များတို့က အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတနိုင်ငံတော် ဗဟိုသံဃာဝန်ဆောင် ဘဒ္ဒန္တ ကောဝိဒါဘိဝံသအထံမှ (၈)ပါးသီလကို ခံယူပြီး သြ၀ါဒစကားလည်း နာယူခဲ့ကြပါသည်။ ဆက်လက်ပြီး အမျိုးသားခေါင်းဆောင်ကြီးက အမျိုးသားစာပေနှင့်ယဉ်ကျေးဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များကို နေ့လယ်ပိုင်း(၃း၀၀)နာရီ မှစ၍ ညနေခင်း(၅း၀၀)နာရီအထိ အကျယ်တ၀င့် ဟောပြောပေးခဲ့ကြောင်း သိရှိရသည်။ ယခုနှစ်ထိုသင်တန်းဆင်းပွဲ အောင်ပွဲတွင် ပအိုဝ်းယိုးယာအကပဒေသာများဖြင့် မေလ(၃)ရက်နေ့ညမှ မေလ(၄)ရက်နေ့ညအထိ ဖျော်ဖြေတင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခွန်အောင်ထွိုက်ဗွေ
Powered by Blogger.