Friday, October 13, 2017

လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက မိုင်းပျဉ်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး တောင်ကြီး မြို့နယ်မြောက်ပိုင်းနှင့် ဟိုပုံမြို့နယ်မြောက်ပိုင်းရှိ လမ်းတည်ဆောက်နေမှုအခြေအနေများ ကွင်းဆင်းကြည့်ရှု

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်









ဒေသဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက လွှတ်တော်ကိုယ်စားလှယ်နှင့် ဟိုပုံးမြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီကနေ့(၁၃-၁၀-၂၀၁၇)ခုနှစ် နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ မိဘပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။

ထိုတွေ့ဆုံပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်မောင်ဖြူ၊ ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် ဟိုပုံးမြို့နုယ်ရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး မိမိတို့ဆောင်ရွက်နေသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို အသီးသီး ရှင်းလင်းတင်ပြကြကာ ထို့နောက် တက်ရောက်လာကြသော မိဘပြည်သူများကလည်း မိမိတို့ဒေသအတွင်းရှိ လိုအပ်နေသော ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ဆည်မြောင်တမံများ၊ ဆက်သွယ်ရေးလိုင်းများ၊ တရားဥပဒေစိုးမိုးရေး အစရှိသည်များကို ပြန်လည်တင်ပြကြကာ ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် မွန်းလွဲ(၁း၀၀)နာရီတွင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အတူ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များက ဟိုပုံးမြို့နယ်မြောက်ပိုင်းရှိ ဆောက်လုပ်နေသော နောင်ယွေးမှ ထီတခုသို့ (၂၂)မိုင်ရှိသော လမ်းအခြေအနေများကိုသော်လည်းကောင်း၊ ဆက်လက်၍   Royal Golden Power Co.Ltdမှ ဆောက်လုပ်ပေးနေသော ၄မိုင် ၃ဖာလုံရှိသည့် လွယ်အွန့်-စခွီ-ထီကတူး-ထီဗွာ-ပန်းတင်(HPE-1) လမ်း အခြေအနေကိုသော်လည်းကောင်း၊ ဆက်လက် ဓနုမင်းသား ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပေးနေသော ၃မိုင်ရှိသော အုံအာ-ထီတခွီ-ထီရော့-ထီထန်းပေါက် မြေသားလမ်းများကို သော်လည်းကောင်း လေ့လာကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရသည်။

နဂ့ါခွန်
Powered by Blogger.