တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက်
အထူးဒေသ(၆)၊ ကျောက်တလုံးကြီးမြို့နယ်၊ အ.ထ.ကဟမ်းဆီးကျောင်းတွင် နှစ်ဖက်သောမိဘများအား အမှူးထား၍ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့နေ ဒေါက်တာဝင်းလှိုင် + ဒေါက်တာမြစန္ဒာဝင်း၊ သား- ဒေါက်တာဝင်းဖြိုးလှိုင်၊ သမီး- မရတနာဝင်းလှိုင် (တော်ဝင်စိန်မိသားစု)တို့မှ လှူဒါန်းသည့် အလျား(၄၀)ပေ၊ အနံ (၃၀)ပေ၊ အမြင့်(၁၅)ပေရှိ တော်ဝင်ကျောင်းစာကြည့်တိုက် အဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ၂၀၁၇-ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်၌ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ဟမ်းဆီး အ.ထ.ကမှ ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုပြီးနောက် ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ အဖွင့်အမှာစကား၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုး၊ စာကြည့်တိုက်အလှူရှင် ဒေါက်တာဝင်းလှိုင်တို့မှ အမှာစကားများ အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ ဒု-ဥက္ကဋ္ဌ- ဖြားခွန်မောင်ဘော်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်လှလွင်တို့က ကျေးဇူးတင်စကားပြောကြားကာ ကျောင်းအုပ်ဆရာမကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အ.ထ.ကဟမ်းဆီးမှ ကျောင်းသား/သူများက စံပြကျောင်းသီချင်းဖြင့် ဖျော်ဖြေပြီး ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ အလှူရှင် ဒေါက်တာဝင်းလှိုင်၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့မှ ဖြားခွန်မောင်ဘော်၊ ရှမ်းပြည်နယ် ပညာရေးညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်လှလွင်တို့က စာကြည့်တိုက်အဆောင်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
စာကြည့်တိုက်ကျောင်းဆောင်၊ ဗီဒို၊ စားပွဲခုံ၊ စာအုပ်များနှင့် ဟမ်းဆီးကျေးလက်ကျန်းမာရေးဌာန အတွက် အလှူငွေ(၃)သိန်းကျပ်ကိုလည်း လှူဒါန်းထားကြောင်း သိရသည်။
ခွန်ဓဇ
Like On Facebook
Follow On Twitter
Subscribe On RSS