Monday, November 27, 2017

ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာကော်မတီဝင်များနှင့် ဟိုပုံး၊ ဆီဆိုင်မြို့နယ်များမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်






၂၀၁၇၊ နိုဝင်ဘာ(၂၇)ရက်နေ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးခန်းမကြီးတွင် ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီဝင် များနှင့် ဟိုပုံး၊ ဆီဆိုင်မြို့နယ်များရှိ ဒေသခံပြည်သူတို့ တွေ့ဆုံပွဲအခမ်းအနားကို ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဖြားခွန်စံလွင်က အဖွင့်အမှာ စကားပြောကြားပြီးနောက် ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာကော်မတီဥက္ကဋ္ဌ ဖြားခွန်မောင်သောင်းက ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ၏ လုပ်ဆောင်မှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တက်ရောက်လာသော ဒေသခံတိုင်းရင်းသားပြည်သူများမှ ဆွေးနွေးတင်ပြခြင်းများ၊ ထိုအချက်များအပေါ် ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာကော်မတီမှ ပြန်လည်ဆွေးနွေးခြင်းများ ပြုလုပ်ခြင်း၊ ထို့နောက် ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာကော်မတီဥက္ကဋ္ဌ ဖြားခွန်မောင်သောင်းက နိဂုံးချုပ်အမှာစကား ပြောကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားဒေသခံပြည်သူများမှာ- တိုင်းရင်းသားဒေသတွင် ဘတ်ဂျက်များကို ပိုမိုချထားပေးရန်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာ အဆောက်အဦးကိစ္စရပ်များ၊ အထောက်အပံ့ကိစ္စရပ်များ၊ တိုင်းရင်းသားစာပေ ရေရှည်တည်တံ့ရေးအတွက် အစီအမံများ ဆောင်ရွက်ပေးရန်၊ လူငယ်များ အတွက် စီးပွားရေးအမြင်များ ပိုမိုကျယ်ပြန့်စေရန် အစိုးရအနေဖြင့် စွမ်းရည်မြှင့်သင်တန်းများ ပေးနိုင်ရန်နှင့် တိုင်းရင်းသားစာပေ သင်ကြားရေးပိုင်း ဆရာ/ဆရာမ အလုံအလောက် လုပ်ဆောင်ပေးနိုင်စေရန်၊ ဆရာ/ဆရာမများ၏ အထောက်အပံ့ ရရှိနိုင်ရန် စသည့် အချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထိုတွေ့ဆုံပွဲသို့ ဟိုပုံးမြို့နယ်နှင့်ဆီဆိုင်မြို့နယ်များမှ ဒေသခံ ပြည်သူ(၄၀၀)ခန့်တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ခွန်ဓဇ

Powered by Blogger.