Tuesday, November 21, 2017

ဒေသဦးစီးဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပေါင်းလောင်းမြို့ရှိ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများအား သွားရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်










ဒေသဖွံ့ဖြိုးတိုးတက်ရန်နှင့် ဒေသလိုအပ်ချက်များကို သိရှိနိုင်ရန် ရည်ရွယ်၍ ဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်နှင့် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့သည် ဒီကနေ့ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ(၂၁)ရက်၊ အင်္ဂါနေ့၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖ မိဘ ပြည်သူလူထုများအား သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဌာနဆိုင်ရာများနှင့် ပြည်သူလူထု သွားရောက်တွေ့ဆုံမှုတွင်  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်နှင့်အဖွဲ့များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြားခွန်မောင်သောင်း၊ ပင်လောင်းမြို့နယ် မဲဆန္ဒနယ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်လှဆန်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ တာဝန်ရှိသူများလည်း လိုက်ပါတက်ရောက်ခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဒေသဦးစီးဥက္ကဋ္ဌက ယခုလက်ရှိ ဒီမိုကရေစီအစိုးရလက်ထက်တွင် နိုင်ငံတော်အနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အဓိကထား လုပ်ဆောင်ပေးနေကြောင်း၊ ငြိမ်းချမ်းရးလုပ်ငန်းစဉ် လုပ်ဆောင်ရာတွင် အစိုးရ၊ လက်နက်ကိုင်အဖွဲ့များ ညီညွတ်ရမည့်အပြင် ပြည်သူများပါ စည်းလုံးညီညွတ်မှုရှိရမည် ဖြစ်ကြောင်း၊ သို့မှသာလျှင် ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်နိုင်မည် ဖြစ်ကြောင်း၊ ယခုခေတ်တွင် တစ်ဦးကောင်းတစ်ယောက်ကောင်း လုပ်ဆောင်၍မရသောကြောင့် အများနှင့်ပူးပေါင်းလုပ်ဆောင်တတ်သော အလေ့အထများ လုပ်ဆောင်စေလိုကြောင်း၊ ထို့ကြောင့် ဒေသတွင် အသင်းအဖွဲ့များ ဖွဲ့စည်းလုပ်ဆောင်စေလိုကြောင်း၊ ပေါင်းလောင်းတွင် ၀ဥ၊ မျှစ်များ ပေါသောကြောင့် ထိုအရာများကို ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ လိုက်လျော်ညီထွေစွာ လုပ်ဆောင်တတ်ရန် လိုအပ်ကြောင်း၊ ပေါင်းလောင်းသည် မြို့ပြဖြစ်လာပြီ ဖြစ်သောကြောင့် သဘာဝအရင်းအမြစ်များကို မှီခိုအားထားမှုမပြုဘဲ အခြားသော ၀န်ဆောင်မှုလုပ်ငန်းများ၊ မွေးမြူရေးများ လုပ်ဆောင်စေလိုကြောင်း၊ မိမိတို့ဒေသတွင်း လုပ်ကိုင်လိုသောလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်မေးမြန်း လုပ်ကိုင်နိုင် ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်မောင်သောင်းတို့က ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အားပေးအမှာစကားပြောကြားပြီး ပေါင်းလောင်းမြို့ရှိ ဌာနဆိုင်ရာများမှ မိမိတို့ဆောင်ရွက်နေသော လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကာ တက်ရောက်လာကြသော မိဘပြည်သူရပ်မိရပ်ဖ များကို မိမိတို့ဒေသရှိ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပါသည်။  ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ မိမိတို့ဆောင်ရွက်နေသော လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်က နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

 ထို့နောက် ဒေသဦးစီးဥက္ကဌနှင့်အဖွဲ့သည် ပေါင်းလောင်း(အ.ထ.က)ကျောင်းရှိ ကျောင်းသား/သူများကို သော်လည်းကောင်း၊ ပေါင်းလောင်းတိုက်နယ်ဆေးရုံရို လူနာများကို သော်လည်းကောင်း သွားရောက်အား ပေးစကား ပြောကြားကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း၊ ထို့ပြင် ပေါင်းလောင်းမြို့ အရှေ့မြောက် ဘက်တွင် ဧည့်သည်များ တည်ခိုနိုင်အောင် တည်ဆောက်မည့် ဘန်ဂလိုနှင့် မီးသတ်ရုံး မြေနေရာများကိုလည်း လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

ခွန်ထင်းထို
Powered by Blogger.