Tuesday, November 27, 2018

ပြိုင်ပွဲကစားနည်းသီအိုရီများ (Game Theories)

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်


လောကရှိ သတ္တဝါတို့သည်  အချင်းချင်း ယှဉ်ပြိုင်တတ်လေ့ရှိ၏။ ထိုသတ္တဝါထဲမှ အထူးသဖြင့် လူသားတို့သည် မိမိတို့၏အကျိုးစီးပွားအတွက် တစ်ဦးနှင့်တစ်ဦး၊ တစ်အိမ်နှင့်တစ်အိမ်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ရွာနှင့်တစ်ရွာ၊ တစ်နယ်နှင့်တစ်နယ်၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ စသဖြင့် ယှဉ်ပြိုင်တတ်ကြပါသည်။ ထိုသို့ ကစားပွဲတွင် ပြိုင်ဆိုင်ကြရန် ယှဉ်ပြိုင်သူတို့သည် အောင်မြင်မှုရရန်အတွက် ကစားနည်းအမျိုးမျိုးကို သုံးကြသည်။ ကစားနည်းသီအိုရီများ(Game Theories) အမျိုးမျိုးရှိရာ အကျဉ်းချုပ်လျှင် ပေါင်းလဒ်သုညကစားနည်းသီအိုရီ(Zero-Sum Game Theory)နှင့် ပေါင်းလဒ်သုညမဟုတ်သောကစားနည်းသီအိုရီ(Non-Zero-Sum Game Theory)ဟူ၍ နှစ်မျိုးရှိသည်။

ပေါင်းလဒ်သုညကစားနည်းသီအိုရီသည် တစ်ဦးနိုင်တစ်ဦးရှုံးကစားနည်း (Win-Lose Game)ပင် ဖြစ်သည်။ ဥပမာအားဖြင့် မောင်ကနှင့် မောင်ခဟူသော ကလေးနှစ်ဦးသည် လူကြီးတစ်ဦးဦးထံမှ သူတို့နှစ်ဦးအတွက် ပေးထားသော ပန်းသီးတစ်လုံးကို လက်ခံရရှိလိုက်သည်ဆိုပါစို့။ သူတို့နှစ်ဦးသည် ထိုရရှိထားသော ပန်းသီးကို ငါသာ ပိုင်သင့်သည်၊ သူသာ ပိုင်သင့်သည် အငြင်းပွားကြရာ နောက်ဆုံး၌ ကစားပွဲတစ်ခုခုကို စီရင်၍ ကစားပွဲအနိုင်ရသူသည် ထိုပန်းသီးကို အပိုင်ယူစေမည်။ ဤကစားနည်းတွင် တစ်ဦးက ပန်းသီးတစ်လုံးရလျှင် ကျန်တစ်ဦးက ပန်းသီးတစ်လုံးဆုံးရှုံးရမည် ဖြစ်မည်။ ကစားပွဲနိုင်သူ၏ပန်းသီးအနိုင်ရရှိမှု(+၁)နှင့် ကျန်ကစားပွဲရှုံးသူ၏ပန်းသီးတစ်လုံးဆုံးရှုံးရမှု(-၁)တို့၏ပေါင်းလဒ်မှာ သုညဖြစ်နေခြင်းကြောင့် တစ်ဦးနိုင်လျှင် တစ်ဦးရှုံးရသည့် ဤကစားနည်းကို ပေါင်းလဒ်သုညကစားနည်းဟု ခေါ်ကြခြင်းဖြစ်ပါသည်။ ဤကစားနည်းတွင် တစ်ဦးက နိုင်လျှင် တစ်ဦးက ရှုံးရသဖြင့် နိုင်သူမှာ ပျော်မည်ဖြစ်သော်လည်း ရှုံးသူအဖို့ ခံရခက်ပြီး မျက်နှာလှမည်မဟုတ်ပေ။ တစ်ခါတစ်ရံ ရှုံးသူက ရလဒ်ကို လက်မခံနိုင်လျှင် နိုင်သူအဖို့ ရန်များတတ်ပါသေးသည်။ မလွှဲမရှောင်သာ အနိုင်ကစားရမည့် အားကစားပြိုင်ပွဲ၊ ရွေးကောက်ပွဲ အစရှိသည်တို့တွင်လည်း ပြိုင်ဖက်ကို ရန်ဖက်ဟု မရှုမြင်ရန် လွန်စွာ အရေးကြီးပါသည်။ ပြိုင်ဖက်ကို ပြိုင်ဖက်ဟု ရှုမြင်မည်ဆိုပါက ပြိုင်ဖက်၏အကျိုးစီးပွားကို ဖျက်ဆီးရန် မရည်ရွယ်ဘဲ မိမိ၏စွမ်းဆောင်နိုင်ရည်ကို ပြိုင်ဖက်ထက် သာလွန်အောင် လုပ်ဆောင်ရန်သာ ဖြစ်သည်။ အကယ်၍ ပြိုင်ဖက်ကို ရန်ဖက်ဟု မြင်လိုက်မိပါက မိမိ၏စွမ်းဆောင်နိုင်ရည်ကို ပြိုင်ဖက်ထက် သာလွန်အောင် လုပ်ဆောင်ရန်ထက် ပြိုင်ဖက်၏အကျိုးစီးပွားကို ဖျက်ဆီးရန် ပိုမိုလုပ်ဆောင်မိပါလိမ့်မည်။ ပြိုင်ဖက်၏အကျိုးစီးပွားကို ဖျက်ဆီးရန်မဟုတ်ဘဲ မိမိ၏စွမ်းဆောင်နိုင်ရည်ကို ပြိုင်ဖက်ထက် သာလွန်အောင် တရားနည်းလမ်းမှန်မှန် လုပ်ဆောင်ပြီး ယှဉ်ပြိုင်ကစားမှသာလျှင် အနိုင်ရရှိသည့်အခါ ရန်နည်းမည်ဖြစ်သည်။

အခြားသီအိုရီတစ်မျိုးမှာ ပေါင်းလဒ်သုညမဟုတ်သောကစားနည်းသီအိုရီ (Non-Zero-Sum Game Theory)ပင်ဖြစ်သည်။ ဤကစားနည်းတွင် သူရှုံးကိုယ်ရှုံးကစားနည်း (Lose-Lose Game)လည်း ဖြစ်နိုင်သလို၊  သူနိုင်ကိုယ်နိုင်ကစားနည်း(Win-Win Game)လည်း ဖြစ်နိုင်ပါသည်။ အကယ်၍ ထိုကလေးနှစ်ဦးသည် ပန်းသီးကို ငါသာပိုင်သင့်သည်၊ သူသာပိုင်သင့်သည်ဟု ဆိုကာ အချင်းချင်း ခိုက်ရန်ဖြစ်ပွားကြရင်း ပန်းသီးပျက်စီးသွားရသည့်အခါတွင်ဖြစ်စေ၊ ထိုပန်းသီးကို သူတို့နှစ်ဦးမဟုတ်သည့် အခြားသူတစ်ဦးဦးက ဝင်ရောက်ရယူလိုက်သည့်အခါတွင်ဖြစ်စေ သူတို့နှစ်ဦးအနက် တစ်ဦးမှ အနိုင်မရသည့်အတွက် ထိုကစားနည်းသည် သူရှုံးကိုယ်ရှုံးကစားနည်း(lose-Lose Game)သာ ဖြစ်ရပါတော့သည်။

အခြားပေါင်းလဒ်သုညမဟုတ်သောကစားနည်းသီအိုရီ (Non-Zero-Sum Game Theory)တစ်မျိုးမှာ သူနိုင်ကိုယ်နိုင်ကစားနည်း(Win-Win Game)ဖြစ်သည်။ ဤကစားနည်းကို စုပေါင်းလုပ်ဆောင်မှုကစားနည်းသီအိုရီ (Cooperative Game Theory)ဟုလည်း ခေါ်ဆိုကြပြီး အားလုံးအကျိုးရှိစေသော ကစားနည်းပင် ဖြစ်သည်။ အကယ်၍ အဆိုပါကလေးနှစ်ဦးသည် ထိုပန်းသီးကို ငါသာပိုင်သင့်သည်၊ သူသာပိုင်သင့်သည်ဟု အတ္တကို ရှေ့တန်းမတင်ကြဘဲ ပန်းသီးကို ငါတို့အတူပိုင်ဆိုင်ကြသည်ဖြစ်သောကြောင့် အတူမျှဝေကြမည်ဆိုသည့် အလယ်အလတ်စိတ်သဘောထား ရှိကြသည်ဆိုပါစို့။ ထိုကလေးနှစ်ဦးသည် ပန်းသီးကို အညီအမျှ ပိုင်းကာ တစ်ဦးတစ်ခြမ်း ခွဲဝေစားသုံးကြမည်ဆိုလျှင် နှစ်ဦးသား ပျော်ရွှင်ရမည်သာ ဖြစ်သည်။ နှစ်ဦးသား၏ ပန်းသီးတစ်ဦးတစ်ခြမ်းအနိုင်ရမှုပေါင်းလဒ် (+၀.၅+၀.၅=+၁)သည် သုညမဟုတ်သောကြောင့် ဤသူနိုင်ကိုယ်နိုင်ကစားနည်း(Win-Win Game)သည်လည်း ပေါင်းလဒ်သုညမဟုတ်သောကစားနည်း သီအိုရီ(Non-Zero-Sum Game Theory)တွင် ပါဝင်ရခြင်းဖြစ်သည်။ အထက်ဆိုခဲ့ပါ ကစားနည်း(၃)မျိုးတို့တွင် သူနိုင်ကိုယ်နိုင်ကစားနည်း(Win-Win Game)သည်သာ အကောင်းဆုံးကစားနည်းဖြစ်သည်ဟု အားလုံး ထောက်ခံကြပေလိမ့်မည်မှာ  မလွှဲပါပေ။ အဘယ်ကြောင့်ဆိုသော် သူနိုင်ကိုယ်နိုင်ကစားနည်း(Win-Win Game)သည် အရှုံးသမားတစ်ဦးမှ မရှိစေသော တစ်ခုတည်းသော ကစားနည်းဖြစ်ခြင်းကြောင့်ဖြစ်သည်။ မကျေနပ်သူ အရှုံးသမားမရှိတော့သဖြင့် ရန်ကင်းရှင်းမည်။ သူနိုင်ကိုယ်နိုင်ကစားနည်း(Win-Win Game)သည် တစ်ဦးပေါ်တစ်ဦးလွှမ်းမိုးလိုမှု (Domination)၊ အတ္တကြီးသည့်အပြုအမူ (Egoistic behavior)၊ တစ်ဦးတစ်ယောက်တည်းသာ အနိုင်ရလိုမှု (Personal Gain)တို့ကို ရှောင်ရှားပြီး ပူးပေါင်းလုပ်ဆောင်မှု (Cooperation)၊ ပျော်ရွှင်မှု (Fun)၊ မျှဝေမှု (Sharing)၊ တစ်ဦးပေါ်တစ်ဦး ဂရုစိုက်မှု (Caring)၊ အားလုံးပါဝင်နေမှု(All-inclusive)နှင့် စိတ်ပါလက်ပါဖြစ်စေမှု (Psychologically Working)တို့ကို အားပေးခိုင်မာစေပါသည်။ “ငါ’’ဟူသော အတ္တကြီးမှုအခြေခံစိတ်ဓာတ်နှင့် အထီးကျန်ဆန်ခြင်းတို့မှ ကင်းဝေးစေကာ “ကျွန်ုပ်တို့”ဟူသော စည်းလုံးညီညွတ်မှုစိတ်ဓာတ်ကိုလည်း ဖြစ်ထွန်းစေမည်ဖြစ်သည်။

ဤကမ္ဘာကြီးသည် အမှန်တကယ် ယှဉ်ပြိုင်မှု ပြင်းထန်နေသော သက်ရှိလောကဟုဆိုလျှင် ငြင်းကြမည် မထင်ပါ။ အကျိုးစီးပွားအရ ယှဉ်ပြိုင်မှုများလည်း ရှိသလို ဝါဒရေးရာအရလည်း ယှဉ်ပြိုင်နေတတ်ကြသည်။ နိုင်ငံရေးအရ ယှဉ်ပြိုင်တတ်ကြသလို လူမျိုးရေးအရ ပြိုင်ဆိုင်ကြမှုကိုလည်း တွေ့ကြရပါမည်။ အချုပ်အားဖြင့် မည်သည့်ကဏ္ဍတွင် မည်မျှ ပြိုင်ဆိုင်ကြသည်ဖြစ်ပါစေ သူလည်းဝမ်းသာ ကိုယ်လည်းဝမ်းသာဖြစ်စေမည့် သူနိုင်ကိုယ်နိုင်ကစားနည်း(Win-Win Game)ကိုသာ သတိတရ ကျင့်သုံးသွားရန် လွန်စွာ အရေးကြီးပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါသည်။

ခွန်မျတ်ရဲုင်း

Powered by Blogger.