Wednesday, April 10, 2019

မြန်မာနှစ်သစ်ကူးတာသင်္ကြန်ပွဲ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၀)ရက်


မြန်မာဆယ့်နှစ်လရာသီတွင် တန်ခူးလသည်အဦးဆုံးလ၊ အထူးဆုံးလဟုဆိုနိုင်ပါသည်။ ထိုလတွင် နှစ်ဟောင်းမှ အညစ်အကြေးဆေးကြောသော လ ဖြစ်သည်။ ထိုလတွင် နှစ်ဟောင်းမှ နှစ်သစ်ကူးသို့ ကူးပြောင်းလေ့ရှိရာဘယ်နိုင်ငံ၊ ဘယ်လူမျိုးမှမတွေ့နိုင်သောအချင်းချင်းရေလောင်း၍ ရေသဘင်ပွဲဆင်နွဲခြင်းကြောင့် အထူးဆုံးလဟုခေါ်ဆိုရခြင်းဖြစ်သည်။

သင်္ကြန်ဟူသည် ကူးပြောင်းခြင်းဟုအဓိပ္ပာယ်ရသည်။ နှစ်ဟောင်းမှ နှစ်သစ်ကူးပြောင်းခြင်းကိုသင်္ကြန်ဟုခေါ်ဆိုပါသည်။ တစ်ဦးကိုတစ်ဦးမေတ္တာရှေ့ထား၍ ရေလောင်းပက်ကာ နှစ်သစ်သို့ကူးပြောင်း ခြင်းဖြစ်သည်။ ထူးခြားသောအနက်အဓိပ္ပာယ်များပါဝင်နေသည်။ အေးမြစေခြင်း၊ ရွင်လန်းစေခြင်း၊ အားတက်စေခြင်း၊ ပျော်ရွှင်စေခြင်းစသည့်အနက်အဓိပ္ပာယ်များစွာသည် မိမိသွန်းလောင်းလိုက်သောရေတစ် ခွက်နှင့်အတူမျောပါစီးဆင်းသွားခဲ့သည်။ ရေပက်ခံရသူသည်လည်းရေပက်ရေလောင်းသူအပေါ်တွင် စိတ်မဆိုး၊ အမျက်မထွက်ဘဲအေးမြပျော်ရွှင်မှုကိုရစေလိုသောမေတ္တာစိတ်ရှိသည်။ ထို့ကြောင့် မြန်မာရိုးရာအတာသဘင်ပွဲသည် အချင်းချင်းအပြန်အလှန်မေတ္တာတုံ့ပြန်သော မုဒိတာပွဲဟုခေါ်ဆိုရပေမည်။

မြန်မာရိုးရာအတာသဘင်ပွဲ၏ အနှစ်သာရကိုကျေးလက်တောရွာများတွင် အထင်အရှားတွေ့နိုင်ပါသည်။ ရပ်ကွက်အလိုက်မဏ္ဍပ်များထိုးပြီး ရေပက်ကြသည်။ ရပ်ကွက်ရှိ အဘိုးအို အဘွားအိုများကို လက်သည်းညှပ်ပေးခြင်း၊ ခေါင်းလျှော်ပေးခြင်း၊ အမွှေးနံ့သာများဖြင့် ရေချိုးပေးခြင်း၊ သနပ်ခါး လိမ်းပေးခြင်းဖြင့် နှစ်ဟောင်းမှအညစ်အကြေးများကို နှစ်သစ်တွင် မပါအောင် ဆောင်ရွက်ပေးကြသည်။

ရပ်ကွက်အတွင်းအလှူငွေကို လိုက်လံကောက်ခံပြီး နေ့စဉ်စတုဒီသာ ကျွေးသည်။ သင်္ကြန်မုန့်ဟု တင်စားကြသောမုန့်လုံးရေပေါ်၊ မုန့်ကြာစိ၊ သာကူကျို၊ ရွှေရင်အေး၊ မုန့်လက်ဆောင်း စသည့်မုန့်များ ကျွေးလေ့ရှိသည်။ မိမိတတ်နိုင်သလောက် ငွေကြေးစုဆောင်းပြီး ဘေးမဲ့နွား တစ်ကောင်သို့မဟုတ် အခြားတိရစ္ဆာန် တစ်ကောင်ကို ၀ယ်ယူင်္ပြီး ထိုသတ္တ၀ါကို ရေချိုးပေးခြင်း၊ အမွှေးနံ့သာများ လိမ်းပေးခြင်းပြု ကာ ဘေးမဲ့လွှတ်လေ့ရှိသည်။ သူတစ်ပါးအသက်ကိုကယ်ပြီး ဘေးမဲ့လွှတ်လျှင် မိမိသည်လည်း ဘေးဒုက္ခ၀ဋ္ဋ်ဆင်းရဲအပေါင်းမှ လွှတ်မြောက်နိုင်သည်ဟု မြန်မာတို့က ယုံကြည်ကြသည်။ တူသောအကျိုး ပေးသည်ဟု မြန်မာတို့ကယုံကြည်ကြသည်။ ထို့ကြောင့် ဆရာဇော်ဂျီက “ ၀ဋ္ဋ်မကင်းသူကိုဖြင့် လွှတ်ခြင်းမှာ၊ ၀ါသနာပါတဲ့ ရွှေမြန်မာသည်လူမျိုးမှာလအကျိုးရှိသည်ကိုကူလိုက်ပါ ရွှေမဉ္ဇူနှုတ်ခွန်းချိုငယ်နဲ့ သွန်းလိုက်ပါဘိ” ဟူ၍ နွားဘေးမဲ့လွှတ်ခြင်းသဘောကိုစာဖွဲ့ထားခဲ့ပါသည်။

မြန်မာ့သင်္ကြန်သည် အပျော်သက်သက်ဆင်နွှဲသောပွဲတော်မဟုတ်ပေ။ အလှူဒါနလက်နှင့်မကွာ လှူဒါန်းတတ်သောဓလေ့လည်းပါပုံကို- “ နှစ်သစ်ကူးတဲ့၊ တန်ခူးခါမှာ ဒါနကတဝေေ၀၊ ရေတွေကတရွှဲရွှဲ ပျော်ပွဲကတ၀င့်ဝင့်၊ ကဲ့သို့သာဆင့်ရော့ အရွယ်သင့် အရွယ်ငယ်ငယ် မြန်မာတွေ ထယ်လိုက်ကြ” ဟူ၍ ဆရာဇော်ဂျီကဖွဲ့ဆိုခဲ့သည်။ တောရွာသင်္ကြန်များသည်ကား မြန်မာယဉ်ကျေးမှုဓလေ့ဘာသာထုံးမွှမ်းနေသော ပြယုဂ်များပင်ဖြစ်သည်။ မြို့ကြီးများရှိသင်္ကြန်ပွဲများကား ပျော်စရာအတိဖြစ်သည်။ ရေပက်မဏ္ဍပ်ကြီးများဆောက်ပြီးရေပက်ခံလာကြသောကားများ၊ လူများကိုရေခွက်၊ ရေပိုက်ကိုယ်စီဖြင့် ရေပက်လေ့ရှိသည်။ မဏ္ဍပ်တိုင်းတွင် ဖျော်ဖြေ ရေးအစီအစဉ်များပါဝင်ပြီးပျော်ရွှင်စွာကခုန်လေ့ရှိသည်။

အချုပ်အားဖြင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်သည် နှစ်ဟောင်းမှအညစ်အကြေးများကိုသင်္ကြန်ရေဖြင့် ဆေးကြောပြီးနှစ်သစ်တွင် လူသစ်ဖြင့် ဘ၀လောကသစ် အလှကိုဖန်တီးနိုင်ရန် ကျင်းပသော ယဉ်ကျေးမှုအနှစ်သာရ ပြည့်ဝသည့် သင်္ကြန်ပွဲတော်ဖြစ်ကြောင်းလေ့ လာတွေ့ရှိသမျှကိုရေးသားတင်ပြလိုက်ရပါသည်။

ခွန်သ.ဗွာမျင်:မိုရ်ခမ်း
Powered by Blogger.