Saturday, November 2, 2019

မိမိကုန်ကြမ်းများကို ကုန်ချောအဆင့် ထုတ်လုပ်နိုင်အောင် စုပေါင်းလုပ်ဆောင်ကာ ကြိုးစားဆောင်ရွက်ဖို့ လိုအပ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်





ပအိုဝ်းအမျိုးသားများအနေဖြင့် မိမိဒေသထွက်ရှိသည့် ကုန်ကြမ်းများကို ကုန်ချောအဖြစ် ထုတ်လုပ်နိုင်အောင် ကြိုးစားဆောင်ရွက်ဖို့ လိုအပ်ကြောင်း ယနေ့နံနက် (၁၀)နာရီအချိန် အောင်ပန်းမြို့ရှိ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုရုံးတွင် ပြုလုပ်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ (ဗဟို)၊ မြို့နယ်နှင့် လူငယ်များ တွေ့ဆုံပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီဥက္ကဋ္ဌ ဖြားခွန်စံလွင်က ပြောကြားခဲ့ကြောင်း သိရသည်။

မိမိရိုးရာဝတ်စုံများကို ကိုယ်ကိုယ်တိုင် ထုတ်လုပ်နိုင်ဖို့ ကြိုးစားဖို့ လိုအပ်သလို မိမိဒေသထွက် အာလူးများ၊ သနပ်ဖက်များကို ကုန်ချောအဖြစ် ထုတ်လုပ်နိုင်ဖို့ လိုအပ်ကြောင်း၊ သို့မှသာ ရသင့်ရထိုက်သည့် တန်ဖိုးများ ရရှိလာမည်ဖြစ်ကြောင်း၊ အများစုပေါင်း လုပ်ဆောင်ပြီး အအေးခံစက်ရုံ၊ အခြောက်ခံစက်ရုံများ ထားရှိနိုင်ဖို့ လိုအပ်ကြောင်း၊ ပအိုဝ်းလူငယ် စီးပွားရေးလုပ်ငန်းရှင်များ များများပေါ်ထွက်လာစေရန် လူကြီးများအနေဖြင့် ပံ့ပိုးမြေတောင်မြောက်ပေးဖို့ လိုအပ်ကြောင်း၊ ပအိုဝ်းအခွင့်အရေးများ ရရှိလာရန်မှာ ပအိုဝ်းကိုယ်တိုင် ကြိုးစားလုပ်ဆောင်မှသာ ရရှိမည်ဖြစ်ကြောင်း၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စာပေနှင့်ယဉ်ကျေးမှု စသည့် ကဏ္ဍအသီးသီးရှိ အဖွဲ့အစည်းအားလုံး လုပ်ဆောင်မှသာ မိမိဖြစ်ချင်သည့် အောင်မြင်မှုမျိုး ရရှိလာမည် ဖြစ်ကြောင်း၊ လမ်းကြောင်းများ ရှိလာသည့်အခါ ပအိုဝ်းလူငယ်များအနေဖြင့် တိုးဝင်တတ်ဖို့ လိုအပ်ကြောင်း၊ တရားသူကြီး၊ ဆရာဝန်၊ ရဲ၊ တပ်မတော်စသည့် ကဏ္ဍအသီးသီးတွင် တတ်သိပအိုဝ်း လူငယ်များ၊ ပအိုဝ်းပညာရှင်များ ပါဝင်ထမ်းဆောင်ပေးဖို့ လိုအပ်ကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကလောမြို့နယ်၊ ဒေသခံပြည်သူများအနေဖြင့် ကျေကျေလည်လည် စုပေါင်းညှိနှိုင်းအဖြေရှာဖို့ လိုအပ်ကြောင်း စသည့် အမှာစကားများကိုလည်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီဥက္ကဋ္ဌ ဖြားခွန်စံလွင်က ပြောကြားသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေမှ ပအိုဝ်းလူမျိုးအနေဖြင့် အမြဲတမ်းညီညွတ်နေဖို့ လိုအပ်ကြောင်း၊ ပအိုဝ်းတို့၏ အန္တရာယ်သည် အချင်းချင်းညီညွတ်မှု ပျက်ပြားခြင်းဖြစ် ကြောင်း၊ စိတ်ဝမ်းကွဲစေသည့် စကားများကို နားမယောင်ဖို့ လိုအပ်သလို ညီညွတ်မှုကို ထိန်းသိမ်းဖို့ လိုအပ်ကြောင်း၊ ပအိုဝ်းခေါင်းဆောင်များ၏ လမ်းစဉ်အတိုင်း ပအိုဝ်းဒေသအုပ်ချုပ်ရေးကို ခမ်း၊ နယ်ႏ၊ အွိုင်း များထားရှိပြီး အရင်ခေတ် ပညာမတတ်သူအများစုက တာဝန်ထမ်းဆောင်ခြင်းဖြစ်ပြီး ထိုနေရာများတွင် ပညာတတ်လူငယ်များ ပါဝင်ထမ်းဆောင်ဖို့ လိုအပ်ကြောင်း၊ ကလောမြို့နယ်ရှိ ပအိုဝ်းပြည်သူများအနေဖြင့် ကျေးရွာအုပ်စု၊ ကျေးရွာများ စုပေါင်းပြီး မိမိဒေသ ဖြစ်စေချင် လုပ်စေချင်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို စုပေါင်းရေးဆွဲဖို့လိုအပ်ကြောင်း၊ ဦးစားပေးအဆင့်၊ ပုံမှန်အဆင့်၊ အလျှင်မလိုအဆင့် စသည့် အဆင့်ဆင့်သတ်မှတ်ချက်များ ရေးဆွဲကာ တာဝန်ရှိသူများထံ တင်ပြဖို့ လိုအပ်ကြောင်း စသည့် အမှာစကားများကို ပြောကြားသည်။

ပအိုဝ်းလူငယ်ကွန်ယက်(PYN)ဥက္ကဋ္ဌ ခွန်အောင်ကျော်(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)လည်း လွှတ်တော် တွင် ၎င်းပါဝင်လုပ်ဆောင်နေသည့် ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ လုပ်ငန်းများ၊ အခွန်ဆိုင်ရာ ဥပဒေအကြောင်းအရာများ၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN) အကြောင်းများကိုလည်း ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။  တက်ရောက်လာသည့်သူများမှ နိုင်ငံရေး၊ ဖွံ့ဖြိုးရေး၊ စီးပွားရေး၊ လူမှုရေးအကြောင်းအရာများကို ပါဝင်ဆွေးနွေး မေးမြန်းခဲ့ကြကြောင်း သိရသည်။

ခွန်ရုဲင်းယံ

Powered by Blogger.