Monday, July 31, 2017

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လုပ်ငန်းခွင်အကြို ဆရာအတတ်သင်ဒီပလိုမာအထူးသင်တန်းကျောင်းတွင် မြန်မာ့သိုင်းသင်ကြား

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁) ရက်



၂၀၁၇၊ ဇူလိုင်(၂၉)ရက်နေ့မှစ၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လုပ်ငန်းခွင်အကြို ဆရာအတတ်သင်ဒီပလိုမာအထူးသင်တန်းကျောင်းရှိ ကျောင်းသား/သူ (၁၁၀)ဦးအား  ရှမ်းပြည်နယ် အား/ကာဦးစီးဌာနအစီအစဉ်ဖြင့် မြန်မာ့ရိုးရာ ကိုယ်ခံပညာ မြန်မာ့သိုင်းများကို သင်ကြားပေးနေကြောင်း သိရသည်။

ထိုသင်တန်းတွင် part -1, part -2 အဆင့်များကို သင်ကြားသွားမည်ဟု သိရပြီး part -1 အောင်မှသာ part -2 အဆင့်သို့ သင်ကြားခွင့်ရမည်ဖြစ်သည်။ part – 3 အဆင့်ကိုမူ part -1, part -2 အဆင့် အောင်မြင်ပြီးသူများ part -3 အဆင့်ကို ဆက်လက်သင်ကြားသည့်သူများရှိပါက မြန်မာနိုင်ငံ မြန်မာ့သိုင်းအဖွဲ့ချုပ် (ဗဟို)တွင်သာသင်ယူရမည်ဟု သိရပါသည်။

ယခုသင်တန်းမှာ (၁၅)ရက်သင်တန်းဖြစ်ပြီး သြဂုတ်(၁၃)ရက်နေ့တွင် သင်တန်းဆင်းပွဲပြုလုပ်မည်ဟု သိရသည်။

ရှေးနှစ်ပေါင်းပဝေသဏီကပင် တည်ရှိလာသည့် မြန်မာ့ရိုးရာ ကိုယ်ခံပညာ မပျောက်ပျက်အောင်၊ မြန်မာတိုင်း မြန်မာ့သိုင်းတတ်ရမည် ဦးတည်ချက်များဖြင့် သင်ပေးကြောင်း ရှမ်းပြည်နယ် မြန်မာ့သိုင်းအဖွဲ့ ဒု-ဥက္ကဋ္ဌ ဖြစ်သည့် ဆရာဦးစိုင်းမော်(ပင်မဦးစီး ဆရာကြီးအဆင့်)က ပြောကြားခဲ့ပါသည်။

ခွန်ရာဇာဓိပတိ

(၂၀၁၈)ခုနှစ် ပြက္ခဒိန်ထုတ်ဝေနိုင်ရေးနှင့် နေပြည်တော်အမျိုးသားအထိမ်းအမှတ်ဥယျဉ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရိုးရာယဉ်ကျေးမှုဝတ်စုံနှင့်အသုံးအဆောင်ပစ္စည်းများ ပံ့ပိုးပေးရန် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို) အစည်းအဝေးကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁) ရက်


တောင်ကြီးမြို့ရှိ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းတွင် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို)မှ (၂၀၁၈)ခုနှစ် ပြက္ခဒိန်ထုတ်ဝေနိုင်ရေးနှင့် နေပြည်တော်အမျိုးသားအထိမ်းအမှတ်ဥယျဉ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရိုးရာယဉ်ကျေးမှု ၀တ်စုံနှင့်အသုံးအဆောင်ပစ္စည်းများ ပံ့ပိုးပေးရန်ကိစ္စများနှင့်ပတ်သက်၍ ၂၀၁၇၊ ဇူလိုင်(၃၁)ရက်၌ အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဖြားခွန်ဝင်းကိုမှ အဖွင့်အမှာစကား ပြောကြားပြီး ထုတ်ဝေပြီးစီးခဲ့သည့် (၂၀၁၇)ခုနှစ် ပြက္ခဒိန်နှင့်ပတ်သက်၍ ရ/သုံးငွေစာရင်းများကိုပြက္ခဒိန် ထုတ်ဝေရေးကော်မတီမှ  ခွန်မောင်မောင်ထွန်းက ရှင်းလင်းပြောကြားကာ လာမည့် (၂၀၁၈)ခုနှစ် ပြက္ခဒိန် အတွက် ပြက္ခဒိန်ထုတ်ဝေရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပါသည်။

နေပြည်တော်အမျိုးသားအထိမ်းအမှတ်ဥယျဉ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ဗဟို)မှ ပို့ဆောင်မည့် ပအိုဝ်းရိုးရာယဉ်ကျေးမှုဝတ်စုံနှင့်အသုံးအဆောင်ပစ္စည်းများကို တင်ပြဆွေးနွေးခြင်းများ ပြုလုပ်ပြီးနောက် အထွေထွေကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ခွန်ဓဇ

နာနတ်သီးစိုက်တောင်သူများ ယခုနှစ်တွင် ဈေးကောင်းမရ၍ အရှုံးပေါ်ဟုဆို

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်




ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ထွက်ရှိသော ဆိုက်ခေါင် ပျားနာနတ်သီးများသည် ယခုနှစ်တွင် ဈေးကောင်းမရကြဘဲ အရှုံးပေါ်နေလျက်ရှိကြောင်း နာနတ်သီးစိုက်တောင်သူများထံမှ (၃၁-၇-၂၀၁၇) ရက်နေ့တွင် သိရှိရပါသည်။

ခါတိုင်းနှစ်တွေမှာ ဒီအချိန်ဆို အောက်မြန်ပြည်က ကုန်သည်များ လာရောက်ဝယ်ယူကြတယ် အော်ဒါမှာတာများတော့ မှည့်တောင်မမှည့်သေးဘူး ကုန်သလောက်ဖြစ်နေပြီ နာနတ်သီးတွေဟာ (၇)လပိုင်းလောက်ဆို အတော်ကိုမှည့်နေပြီ အရင်နှစ်ဆိုလျင် ပျားသီးတစ်လုံးကို ငါးရာ၊ ခြောက်ရာလောက်သွင်းပြီးတော့ ဒီနှစ်မှာ တစ်လုံးကို သုံးရာလေးရာလောက်ပဲ အ၀ယ်ဒိုင်တွေကို ပေးသွင်းနေရတယ် ဒါတောင်မှ ပုံမှန်ဝယ်ယူသူမရှိဘူး ဈေးပတ်တွေမှာ ကိုယ်တိုင်ရတဲ့ ဈေးနှုန်းနဲ့ပဲလိုက်ရောင်းနေရတယ် အထက်လူကြီးကနေပြီး ကျွန်တော်တို့ကို ကုန်ချောလုပ်ကိုင်ပေးနိုင်သည့် နည်းပညာများ ပို့ချပေးမယ်ဆိုလျင် သိပ်ကောင်းမှာပဲဟု နာနတ်သီးစိုက်ပျိုးသူ ဦးစင်ဖါလွန်း လွယ်တော်ရွာက သူ၏ခံစားချက်ကို ပြောပြသည်။

ဆက်လက်ပြီး နာနတ်သီး စိုက်ပျိုးရောင်းဝယ်သူ နန်းရွှေရီ ကျောင်းချယ်က- ယခုနှစ်တွင် နမ့်စန်၊ သီပေါဘက်က အသီးတွေဝင်လာတော့ ဆီဆိုင်ဘက်ကအသီးတွေ အရောင်းအ၀ယ်နည်းနည်းအေးနေတယ် ကျွန်မတို့ကတော့ ပုဂံညောင်ဦး၊ နေပြည်တော်နှင့် ရန်ကုန်ကို အဓိကတင်ပို့ပေးနေတယ် ဒီနှစ်မှာတော့ ဈေးကောင်းမရဘူး နာနတ်သီးမှာ ရိုးရိုးအသီးနှင့် ပျားသီးဆိုပြီးနှစ်မျိုးရှိတယ် ရိုးရိုးသီးတစ်လုံးကို နှစ်ရာကျပ် ပျားသီးတစ်လုံးကို လေးရာကျပ်လောက်ပဲရောင်းရတယ် နမ့်စန်သီးက ခါတိုင်းနှစ်ဆို ပြည်ပကိုတင်ပို့ပြီးတော့ ဒီနှစ်ကြတော့ ပြည်တွင်းကိုဝင်လာလို့ ဆီဆိုင်ဘက်ကအသီးတွေ ဈေးကျတယ် အရှုံးပေါ်မယ်လို့ ကျွန်မထင်တယ်ဟု ပြောကြားသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ရွာတော်တော်များများက စိုက်ပျိုးလျက်ရှိပြီး ကျောင်းချယ်ကျေးရွာ၊ လွယ်တော်ကျေးရွာ၊ လွယ်ဆံဆစ်ကျေးရွာနှင့် ဘန်းကလန်ကျေးရွာက နာနတ်သီးကို အဓိကထားစိုက်ပျိုးကာ လုပ်ငန်းရှင်တစ်ဦးလျင် အနည်းဆုံးအပင်ပေါင်း နှစ်သောင်းကျော်စိုက်ပျိုးလျက်ရှိသည်။ နာနတ်ခြံတစ်ခြံကို ပိုင်ဆိုင်ဖို့ရန် အရင်ဆုံး သုံးနှစ်လောက်ရင်းရပြီး ငါးနှစ်လောက်ပြန်လည်ပြီး ရောင်းရကြောင်း သတင်းရရှိသည်။


ခွန်အောင်ထွိုက်ဗွေ 

Saturday, July 29, 2017

ရှမ်း/တောင်တွင် H1N1 တုပ်ကွေးရောဂါလက္ခဏာရှိသည့် လူနာမရှိသေးဟုဆို

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်



၂၀၁၇၊ ဇူလိုင်(၂၈)ရက်နေ့၊ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျင်းပသည့် H1N1 ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန် ညှိနှိုင်းဆွေးနွေးပွဲတွင် ရှမ်း/တောင်တွင် H1N1 ရောဂါလက္ခဏာနှင့်ပတ်သက်၍ သံသယ ရှိသည့်လူနာ ယခုထိ မရှိသေးပါကြောင်း ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူက ပြောကြားခဲ့ပါသည်။

H1N1 နှင့်ပတ်သက်၍ အကောင်းဆုံးကာကွယ်မှုမှာ မိမိကိုယ်ကိုယ် ကိုယ်ခံအားကောင်းအောင် လုပ်ဆောင်ဖို့ လိုပါကြောင်း၊ ရာသီတုပ်ကွေးဖြစ်သည့် မိုးတွင်းနှင့် မိုးကုန် ဆောင်းအကုန်အချိန်များတွင် ဖြစ်လေ့ရှိပါကြောင်း၊ လေ့ကျင့်ခန်းများကို လုပ်ဆောင်ဖို့လိုသလို ကိုယ်ခံအားကောင်းအောင် နေထိုင်ဖို့နှင့် အာဟာရပြည့်အစာ အာဟာရများကို စားသုံးပေးဖို့ လိုပါကြောင်း၊ အကယ်၍ H1N1 ရောဂါလက္ခဏာများရှိနေပြီဆိုပါက ကျန်းမာရေးဆေးရုံ ဆေးခန်းများသို့ စောလျင်စွာ ကုသဖို့လိုပါကြောင်း၊ နှာစေး ချောင်းဆိုးသူများအနေဖြင့် mask များကို တပ်ဆင်ဖို့လိုပါကြောင်း၊ ပြည်သူများအနေဖြင့် နေ့စဉ်သတင်းစာများနှင့် လူမှုအကျိုးပြု ၀က်ဆိုက်များမှ သတင်းများကို နေ့စဉ်ကြည့်ရှုဖတ်ပေးဖို့ လိုပါကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။

ထိုအစည်းအဝေးတွင် တောင်ကြီးမြို့ပေါ်ရှိ ဆေးရုံ ဆေးခန်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တပ်မတော်မှ ဆရာဝန်များ၊ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။

ခွန်ရာဇာဓိပတိ

အင်းလေးဒေသရှိ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ကျင့်သုံးရေး ဟောပြောပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်


အင်းလေးဒေသရှိ ခရမ်းချဉ်စိုက်တောင်သူများ သီးနှံအထွက်နှုန်းကောင်းရန်နှင့် ဈေးကွက် ပိုမိုရရှိစေရန်အတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ကျင့်သုံးရေးသိကောင်းစရာ ဟောပြောပွဲအခမ်းအနားကို ဇူလိုင်လ(၂၉)ရက်နေ့၊ နံနက်(၉)နာရီ ညောင်ရွှေမြို့နယ် ဟူပင်ခေါင် တိုင်ဟိုတယ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က အဖွင့်အမှာစကားပြောကြားရာ အင်လေးဒေသမှာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ပြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် UNA ကုမ္ပဏီတို့ ပူးပေါင်းတဲ့ အင်းလေးဒေသဖွံ့ဖြိုးရေးအတွက် GAP ခရမ်းချဉ်စံပြ စိုက်ခင်းကို ကျေးရွာအုပ်စု (၄) အုပ်စု၊ ကျေးရွာ (၅) ရွာမှ တောင်သူ (၅၄) ဦး၊ ဧက (၅၀) ဖြင့် ပထမခြေလမ်းဖြင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ရှမ်းပြည်နယ်သည် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP အသိအမှတ်ပြုလက်မှတ်ကို ခရမ်းချဉ်စံပြ စိုက်ပျိုးခဲ့ပြီး တောင်သူ (၅၄) ဦးအတွက် ပေးအပ်နိုင်ခဲ့ကြောင်း၊ အင်းလေးဒေသ ကျွန်းမြောင်းခရမ်းချဉ် GAP စနစ်ဖြင့် စိုက်ပျိုးခြင်းသည် ဓာတုပစ္စည်း စိုက်ပျိုးခြင်းထက် (၁၄၀) တင်းနှုန်း လျော့နည်းထွက်ရှိသော်လည်း GAP စနစ်ဖြင့် စိုက်ပျိုးထာသော ခရမ်းချဉ်သီးနှံအား ပုံမှန်ပေါက်ဈေးထက် (၁) တင်းလျှင် (၂၀၀၀) ကျပ်နှုန်း ပိုပေးသဖြင့် အကျိုးအမြတ် ပိုမိုရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) မြန်မာနိုင်ငံဆိုင်ရာအရာရှိ ဒေါ်ခင်သီတာမော်က ကမ္ဘာ့ဘဏ်အုပ်စုအကြောင်းနှင့် မျိုးစေ့၊ ဓါတုပစ္စည်းများ သင့်တော်အောင် အသုံးပြုနိုင် ရန် စသည့်အကြောင်းအရာများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး အလှူရှင်နိုင်ငံများကိုယ်စား Robbie Barkell၊ DFID ကိုယ်စားလှယ်က စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

မျင်မိုရ်းခွန်

Friday, July 28, 2017

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံး၊ တာဝန်ရှိသူများနှင့် ကယန်းအမျိုးသမီးအဖွဲ့(KYWO) ငြိမ်းချမ်းရေး ဆိုင်ရာအကြောင်း တွေ့ဆုံဆွေးနွေး

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်




၂၀၁၇-ခုနှစ်၊ ဇူလိုင်လ(၂၂)ရက်နေ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တောင်ထီဗွာကျေးရွာ အုပ်စု၊ စင်ဆင်းကျေးရွာတွင် ကယန်းအမျိုးသမီးအဖွဲ့(KYWO)မှ ဦးဆောင်ပြုလုပ်သည့် အမျိုးသမီးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲတွင် တက်ရောက်ဆွေးနွေးပေးပါရန် ဖိတ်ကြားချက်အရ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံးမှ လွှတ်တော်ရေးရာဌာန၊ လေ့ကျင့်ပညာပေးရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရုံး တာဝန်ခံနှင့် ပင်လောင်းမြို့နယ် ပအိုဝ်းလူငယ်ကွန်ယက် (PYN)တို့မှ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် အစီအစဉ်အရ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) တာဝန်ရှိသူများမှ ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သော အကြောင်းအရာများကို စတင်ဆွေးနွေးရာတွင် လက်ရှိမိမိတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ပြည်တွင်းစစ်အခြေအနေ၊ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ငြိမ်းချမ်းရေး ဆောင်ရွက်မှုအခြေအနေ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစု ပင်လုံအခြေအနေများ၊ လက်ရှိ မိမိတို့ဒေသ၏ ငြိမ်းချမ်းရေးဖြစ်စဉ် အခြေအနေ များနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ လုပ်ငန်းစဉ်ဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးခဲ့ပါသည်။

ပြည်တွင်းစစ်အခြေအနေနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် မိမိတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးနောက်ပိုင်း လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည့် ပြည်တွင်းစစ်ကြီးသည် ယနေ့တိုင် နှစ်ပေါင်း (၇၀)နီးပါး ကြာမြင့်နေပြီဖြစ်ပါကြောင်း၊ လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်ကြီး ပါလာရခြင်းမှာ ၁၉၄၇ - ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ပါ ကတိက၀တ်များ အပြည့်အ၀ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိခြင်းကြောင်း လည်းကောင်း၊ နိုင်ငံတော် အစိုးရ ခေတ်အဆက်ဆက်တွင်လည်း ဖော်ဆောင်မှုမရှိခဲ့ခြင်းကြောင့်လည်းကောင်း ယနေ့တိုင် ပြည်တွင်းစစ်ချုပ်ငြိမ်း နိုင်ခြင်း မရှိရခြင်းဖြစ်သည်ဟု ခွန်အောင်နိုင်မှ ဆွေးနွေးခဲ့ပါသည်။ ပြည်တွင်းစစ် ဖြစ်ပွားရခြင်းမှာ ပင်လုံစာချုပ် တစ်ခုတည်း မဟုတ်ဘဲ အမျိုးသားအချင်းချင်း မသင့်မြတ်ခြင်း၊ ရန်လိုခြင်း၊ နယ်မြေလုခြင်း၊  စသည့်အကြောင်းအမျိုးမျိုး ကြောင့် ဖြစ်ရသည်ဟု နားလည်ပါကြောင်း ထပ်လောင်းဆွေးနွေးခဲ့ပါသည်။

ပြည်တွင်းစစ် ချုပ်ငြိမ်းနိုင်ခြင်း မရှိသေးသည့်အတွက် ငြိမ်းချမ်းမှုလည်း ရရှိဦးမည်မဟုတ်ပါကြောင်း ထို့ကြောင့် ယနေ့ ဒီမိုကရေစီအစိုးရလက်ထက်တွင် ပြည်တွင်းစစ်ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရရှိနိုင်ရေးနှင့် စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေးပြဿနာများကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး အစိုးရခေါင်းဆောင်များနှင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ အချင်းချင်း နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လာသည်ကို အားလုံးသိရှိပြီးဖြစ်သည်ဟု မှတ်ယူပါကြောင်း၊ ၂၀၁၁-ခုနှစ်မှ စတင်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့်အစိုးရမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဖိတ်ခေါ်ကာ နိုင်ငံရေးဆွေးနွေးပွဲ ကြိမ်ဖန်များစွာပြုလုပ်ပြီး ၂၀၁၅-ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်နေ့ တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(၈)ဖွဲ့နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ (NCA)အရ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ခေါ်ယူကျင်းပနိုင်ခဲ့ပါကြောင်း၊ ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရဦးဆောင်ပြီး နောက်ပိုင်း ယနေ့ထိ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစု ပင်လုံကို ပထမအစည်းအဝေးနှင့် ဒုတိယ အစည်းအဝေးဟူ၍ (၂)ကြိမ် ခေါ်ယူကျင်းပနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး (၆)လတစ်ကြိမ် ထပ်မံကျင်းပသွား မည်ဟု သိရှိရပါကြောင်း ငြိမ်းချမ်းရေးဆိုင်ရာ အကြောင်းအရာများကို အကျယ်တ၀င့် ဆွေးနွေးခဲ့ပြီး တက်ရောက် လာသူများမှ သိလိုသည်များ မရှင်းသည်များ ပြန်လည်မေးမြန်းဖြေကြားမှုများ ပြုလုပ်ခဲ့ပါသည်။

ဆက်လက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာန ခွန်ရဲအောင်နှင့် မြို့နယ်ရုံးတာဝန်ခံ ခွန်တီးမောင်တို့မှ မိမိတို့ တာဝန်ယူဆောင်ရွက်နေသည့် ရုံးလုပ်ငန်းများကို အကျဉ်းချုပ် ဆွေးနွေးပြီး တက်ရောက်သူများမှ သိလိုသည်များ ပြန်လည်မေးမြန်းဖြေကြားမှုများ ပြုလုပ်ပြီး နောက်နောင်တွင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)၊ ကယန်းအမျိုးသမီးအဖွဲ့(KYWO)နှင့် ဆွေးနွေးပွဲတက်ရောက်လာသူများမှ လိုအပ်သည့် သင်တန်း၊ ဆွေးနွေးပွဲ၊ (Work Shop)များကို မိမိတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သို့ အကူအညီတောင်းခံနိုင်ပါကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။

ဆက်လက်ပြီး ခွန်အောင်နိုင်မှ လက်ရှိမိမိတို့၏ ဒေသငြိမ်းချမ်းရေးဖြစ်စဉ် အခြေအနေအား ဆွေးနွေးရာတွင် မိမိတို့ဒေသ (တနည်း)ပအိုဝ်းဒေသသည် ၁၉၉၁ - ခုနှစ်မှစ၍ ငြိမ်းချမ်းရေးရယူပြီး နောက်ပိုင်း ယနေ့အချိန်ထိ အခြား ဒေသများနှင့်နှိုင်းယှဉ်ပါက ငြိမ်းချမ်းရေးပိုမိုရရှိပါကြောင်း၊ ထိုသို့ပြောဆိုရခြင်းမှာ မိမိတို့ အဖွဲ့ကိုအထင်ကြီးစေလို၍ ပြောဆိုခြင်း မဟုတ်ပါကြောင်း၊ အမှန်ကို အမှန်တိုင်းပြောဆိုခြင်းသာဖြစ်ပါကြောင်း မိမိတို့ ပအိုဝ်းဒေသငြိမ်းချမ်းရေး မရခင်နှင့် ငြိမ်းချမ်းရေးရယူပြီး အခြေအနေ များစွာကွာပါကြောင်း၊ ငြိမ်းချမ်းရေးရယူပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ခေါင်းဆောင်များနှင့် နိုင်ငံတော်အစိုးရပူးပေါင်းပြီး ပအိုဝ်းဒေသတွင် ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေးကဏ္ဍများကို ဦးစားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ အခြားသော ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း နိုင်ငံတော် အစိုးရမှ ရေတို၊ ရေလတ်၊ ရေရှည်နည်းများဖြင့် ၁၉၉၁ မှ ၂၀၁၀ ခုနှစ်ထိ အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ပါကြောင်း ဆွေးနွေးခဲ့ပါသည်။ သို့သော် မိမိတို့ ဒေသတစ်ခုတည်းသာ ငြိမ်းချမ်းရေးရရှိရုံ၊ လုံခြုံရုံနှင့် တစ်တိုင်းပြည်လုံး ပြည်သူ တစ်ရပ်လုံး ငြိမ်းချမ်းလုံခြုံနေခြင်း မဟုတ်သေးပါကြောင်း၊ ငြိမ်းချမ်းလုံခြုံမှုရရှိအောင် သက်ဆိုင်သည့် တိုင်းရင်းသား လူမျိုးများအားလုံးတွင် ကိုယ်စီတာဝန်ရှိကြပါကြောင်း ပြည်သူတစ်ရပ်လုံး ငြိမ်းချမ်းစွာ လုပ်ကိုင်စားသောက်နိုင်ရေး အတွက် အတုယူသင့်သည်များရှိပါက အတုယူသင့်ပါကြောင်း ဆွေးနွေးသွားခဲ့ပါသည်။

၂၀၁၀ - ခုနှစ်မှ ယနေ့ထိ နိုင်ငံရေးအကူးအပြောင်းကာလတွင် မိမိတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အနေဖြင့် ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရကိုယ်စားလှယ်များမှ မိမိတို့ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆောင်ရွက်ရာတွင်လည်း လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု စသဖြင့် ခွဲခြားဆက်ဆံခြင်း မရှိပါကြောင်း၊ မိမိတို့ ပအိုဝ်းဒေသအတွင်း အတူနေ အခြားညီအစ်ကိုတိုင်းရင်းသားများအားလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း နောက်နောင်တွင်လည်း လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးရန် လွှတ်တော်အတွေ့အကြုံများ ပြန်လည်မျှဝေနိုင်ရန် လိုအပ်ပါက မိမိတို့နှင့် ဆက်သွယ်နိုင်ပါကြောင်း ဆွေးနွေးခဲ့ပြီး ကယန်းအမျိုးသမီးအဖွဲ့(KYWO)နှင့် ဆွေးနွေးပွဲတက်ရောက်သူများမှ သိလိုသည်များ အကြံပြုလိုသည်များ အပြန်အလှန်ဖလှယ်ကြပြီး ဆွေးနွေးပွဲကို မွန်းလွဲ(၁၂း၃၀)ချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိ ပါသည်။


ခွန်နောင်နောင်

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ခိုလမ်) နှင့် PNA တို့ ပူးပေါင်၍ နမ့်စန်တွင် မိုးရာသီသစ်ပင်စိုက်ပွဲတော် ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်





အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ခိုလမ်) နှင့် PNA - အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) တို့ ပူးပေါင်း၍ ယနေ့ ၂၀၁၇ ခုနှစ်၊ ဇူလိုင် (၂၈) ရက်နေ့တွင်  မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို နမ့်စန်မြို့နယ်၊ လွယ်ယဲကျေးရွာအုပ်စု၊ တိုင်းကောဝ်ရွာတွင် ပြုလုပ်ကျင်းပကြောင်းသိရသည်။

အဆိုပါသစ်ပင်စိုက်ပွဲတော်သို့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သန်းလှိုင် ၊ နမ့်စန် လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်ချုပ်ကျော်မိုးသက် ၊ PNA - အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) မှ နာယကအဖွဲ့ဝင် ဖြားဆရာယဲုင်း နှင့် အဖွဲ့ဝင်များ ၊ တပ်မတော်မှ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူလူထုများ တက်ရောက်ခဲ့ကြောင်းသိရသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်နှင့် တောတောင်ရေမြေစိမ်းလန်းစိုပြေစေရန် ရည်ရွယ်၍ အဆိုပါမိုးရာသီသစ်ပင်စိုက်ပွဲတွင် ကျွန်းပင် (၂၀၀)၊ မဟော်ဂနီ (၂၀၀)၊ ကျိုင်းတုံပင်စိမ်း (၂၀၀)၊ ၀က်သစ်ချ (၂၀၀)၊ စိန်ပန်းပြာ (၂၀၀)၊ စိန်ပန်းနီ (၂၀၀)၊ မယ်ဇလီ (၂၀၀) စုစုပေါင်းအပင်ပေါင်း (၁၄၀၀) ကျော်စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။

ခွန်လွန်းကျော်

Thursday, July 27, 2017

ပအိုဝ်;လို,မျို,ကပင်,ပူ;ဇော;သဲင်,ဗာ; ဗုဒ္ဓသရီရဓာတ်တော;သမဲင်,အအဲဉ်;

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်

ပအိုဝ်;လို,မျို,ကပင်,ပူ;ဇော;သဲင်,ဗာ; ဗုဒ္ဓသရီရဓာတ်တော;သမဲင်,အအဲဉ်;..................


ခွန်ချွန်း (မဲုင်းကောင်)

Wednesday, July 26, 2017

အထူးဒေသ(၆)၊ PNA- အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)၊ နေပြည်တော်ရုံးခွဲတွင် ဘုရားအနေကဇာတင်ခြင်း၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၇)ရက်


 



၂၀၁၇-ခုနှစ်၊ ဇူလှိုင်လ(၂၇)ရက်နေ့၊ အထူးဒေသ(၆)၊ PNA-အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)၊ နေပြည်တော်ရုံးခွဲတွင် ဘုရားအနေကဇာတင်ခြင်း၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဝါဆိုသင်္ကန်းကပ်လှူပွဲတွင် ပင့်ကျောင်း(၅)ကျောင်းမှ ရဟန်းသံဃာတော်များ ဘုရားအနေကဇာတင်ခြင်း၊ ရဟန်းသံဃာတော်များထံမှ (၅)ပါးသီလခံယူခြင်း၊ ပရိတ်တရားတော်များနာယူခြင်း၊ လှူဘွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီးနောက် အနုမောဒနာတရားနာယူပြီး ရေစက်ချ အမျှပေးဝေခဲ့ပါသည်။

ဝါဆိုသင်္ကန်းကပ်လှူပွဲသို့ အထူးဒေသ(၆)၊ PNA- အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)ဗဟိုနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ခမ်းထီ

ဟိုပုံးမြို့၊ ဂရုဏာရှင်ကုသိုလ်ဖြစ်ဆေးခန်းတွင် လူနာ (၃၄၇) ဦးလာရောက်ကုသ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်





ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ဂရုဏာရှင်ဆေးခန်းတွင် ၂၀၁၇ ခုနှစ်၊ ဇွန်လကုန်အထိ လူနာစုစုပေါင်း(၃၄၇) ဦးလာရောက်ကုသပြီး တစ်လလျှင်ပျမ်းမျှလူနာ (၅၇) ဦးလာရောက်ကုသခဲ့ပါသည်။ လူနာအများစုသည် သွေးတိုး၊ ဆီးချိုရောဂါများကို အများဆုံးဖြစ်ကြောင်းသိရပါသည်။

ယခုလိုကုသိုလ်ဖြစ်ဆေးခန်းဖွင့်ရခြင်းဖြင့် ကျန်းမားရေး စောင့်ရှောက်မှုကို ပိုမိုပြုလုပ်ပေးနိုင်ပြီး ကျန်းမာရေးသည် လူတိုင်းအတွက် အဓိကကျသောကိစ္စတစ်ခုဖြစ်သည်။ အဆိုပါအဖွဲ့များသည် ဟိုပုံးဈေးလွန်(၁)ရက်နေ့၊ (၂)ရက်နေ့နှင့် ဈေးအဖိတ်နေ့တွင် မိဘပြည်သူများအတွက် ချောင်းဆိုး၊ မူးမော၊ အစားပျက်နှင့် အားနည်းရောဂါ စသည့်ရောဂါများကို ကုသပေးပြီး လိုအပ်ရင် ဟိုပုံးပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးသည်ဟု ဟိုပုံးမြို့ ကရုဏာရှင်အဖွဲ့ အတွင်းရေးမှူး ဦးအောင်ဆန်းလွင်၏ ပြောပြချက်အရသိရှိရပါသည်။

ထို့ပြင် ရန်ကုန်သမားတော် အထွေအထွေအထူးကု ဆရာဦးသက်ဝင်းက တစ်လတစ်ကြိမ်လာရောက်ကုသပေးပြီး ဇူလိုင်လ(၂၆)ရက်နေ့တွင် ရောဂါလာပြသည့်လူနာ(၄၀)ဦးရှိကာ ဆီးချိုနှင့် သွေးတိုးရောဂါအများဆုံးဖြစ်ကြောင်းသိရသည်။ မန္တလေးနှလုံးအထူးကု ဆရာခွန်စိုးမိုးကျော်ကလည်း နှစ်လ(၁)ကြိမ် လာရောက်ကုသပေးရာ ပြီးခဲ့သည့်လက နှလုံးရောဂါရှိလူနာ (၈) ဦးလာရောက်ကုသခဲ့ပါသည်။ ဂရုဏာရှင်ဆေးခန်းသည် ၂၀၁၃ခုနှစ်၊ မတ်လတွင် စတင်ဖွင့်လှစ်ပြီး ငွေကြေးအဆင်မပြေသည့်သူနှင့် လူနာများအခက်အခဲမရှိစေရန်၊ လူနာတွေစိတ်ချမ်းသာစေရန် ကုသပေးပြီး ဆေးရုံနှင့် ချိတ်ဆက်ပို့ဆောင်ပေးခြင်း ဆောင်ရွက်ပေးခဲ့ပါသည်။ ကျေးလက်ဒေသပွဲများရှိနေသော်လည်း အကူအညီတောင်းလာခဲ့ခြင်းဖြင့် ဘယ်အရပ်ဒေသကိုမဆို ကုသိုလ်ဖြစ်ဆေးခန်း သွားရောက်ဖွင့်ပေးမည် ဖြစ်ကြောင်း၊ ဆက်သွယ်အကူအညီတောင်းနိုင်သော ဖုန်းနံပါတ်များသည် ဟိုပုံးမြို့ ကရုဏာရှင်အဖွဲ့ ဥက္ကဌ ဦးကျော်ရှိန် ဖုန်း-၀၉၄၂၈၃၄၁၄၃၅၊ အတွင်းရေးမှူး ဦးအောင်ဆန်းလွင် ၀၉၄၂၈၃၃၁၇၀၄နှင့် ရုံးဖုန်း-၀၈၁၄၆၄၆၁ ထံသို့ ဆက်သွယ်အကူအညီတောင်းနိုင်ကြောင်း သတင်းရရှိပါသည်။

မျင်းမိုရ်ခွန်

Tuesday, July 25, 2017

ကျားမရေးရာနှင့် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဒိုင်ယာလော့ခ်ဆွေးနွေးပွဲရလဒ်နှင့် ပတ်သက်၍ MIGS အဖွဲ့မှ PNO တာဝန်ရှိသူများကို လာရောက်တွေ့ဆုံဆွေးနွေး

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်




Myanmar Instutute of Gender Studies အဖွဲ့မှ Executive Director ဒေါ်ခင်မမမျိုးသည် ကျားမရေးရာနှင့် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဒိုင်ယာလော့ခ်ဆွေးနွေးပွဲရလဒ်နှင့် ပတ်သက်၍  ဒီကနေ့ ၂၀၁၇ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးရှိ တာဝန်ရှိသူများ ဖြစ်သော ရုံးအဖွဲ့မှူးစောခွန်ကျော်ဝင်းနှင့် ဌာနဆိုင်ရာလူငယ်များကို လာရောက်တွေ့ဆုံခဲ့ပါသည်။ 

ထိုသို့ တွေ့ဆုံရာတွင် ဇူလိုင်လ(၂၄)ရက်နေ့၊ တောင်ကြီးတွင် (မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အရေးပါသော လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးဆိုင်ရာ သဘောတရားနှင့် အမြင်များကို ဖလှယ်ခြင်း၊ ကဏ္ဍစုံပါဝင်ပတ်သက်သူများအနေဖြင့် တစ်ဖက်တစ်လှမ်းမှ ဗဟုသုတဖြန့်ဖြူးမှူများရှိလာစေခြင်း၊ ကျား/မရေးရာနှင့် လုံခြုံရေးကဏ္ဍဆိုင်ရာ အမျိုးသမီးတို့၏အသံများကို မြှင့်တင်ခြင်းနှင့် ဦးစားပေးလုပ်ဆောင်သင့်သော လုပ်ငန်းစဉ်များကို သဘောတူညီချမှတ်နိုင်စေရန် ဆောင်ရွက်ခြင်းစသည့် ရည်ရွယ်ချက်များဖြင့်) ပြုလုပ်သော ကျားမရေးရာနှင့် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဒိုင်ယာလော့ခ်ဆွေးနွေးပွဲရလဒ်တွင် ပါဝင်သော အမျိုးသားများနှင့် အမျိုးသမီးတွင် မတူညီသော လုံခြုံရေးလိုအပ်ချက်များ၊ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရာတွင် အမျိုးသမီးပါဝင်မှုနှင့် အမျိုးသမီးကိုယ်စားပြုမှုများ၊ အမျိုးသားနှင့်အမျိုးသမီး အတူတကွ ပူးပေါင်းလုပ်ဆောင်လိုမှုများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ 

ထို့ပြင် MIGSအဖွဲ့မှ ထပ်မံသိရှိလိုသော PNO၏ သမိုင်းကြောင်းများ၊ ဖွဲ့စည်းပုံများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ချက်များကို ရုံးအဖွဲ့မှူးစောခွန်ကျော်ဝင်းမှ ရှင်းလင်းပြောကြားကာ အဆိုပါ ဆွေးနွေးမှုတွင် PNO ဗဟိုဌာနရုံးမှ စီမံရေးရာဌာန ခွန်ကျော်အေး၊ စည်းရုံးရေးဌာနမှ နန်းခမ်းဗွာ ၊ လွှတ်တော်ရေးရာဌာနမှ နန်းအေးနု၊ နိုင်ငံတကာဆက်ဆံရေးဌာနမှ နန်းတင်ရွှေဦးတို့ပါရှိကြောင်း သိရှိရသည်။ 

နဂါ့ခွန်

(၂၁) ကြိမ်မြောက်စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်



၂၀၁၇ ခုနှစ်၊ ဇူလိုင် (၂၅)ရက်၊ နံနက်(၉း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ကုတင်(၅၀၀) ဆံ့၊ စဝ်စံထွန်းဆေးရုံကြီးတွင် (၂၁) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို မြန်မာဘရူဝါရီလီမီတက် ဂရုဏာရှေးရှု မြန်မာမှု ပရဟိတအဖွဲ့မှ ကျင်းပကြောင်းသိရှိရပါသည်။

အဆိုပါသွေးလှူဒါန်းပွဲတွင် မြန်မာဘရူဝါရီလီမီတက် ဂရုဏာရှေးရှု မြန်မာမှု အစီအစဉ်မှကြီးမှူးကျင်းပပြီး လုပ်ဆောင်ခြင်းဖြစ်သည်။ " မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်(၂၀)ကျော်က စတင်တည်ထောင်းခဲ့ခြင်းဖြစ်ပါတယ်။ ပြည်သူလူထုပံ့ပိုးမှုနှင့် အားပေးမှုကြောင့်ရပ်တည်လာခဲ့ပါတယ်။ ပြည်သူလူထု အသိုင်းအဝိုင်းတွေ ဘာတွေလုပ်ပေးရမလဲဆိုပြီး ပရဟိတလုပ်ငန်းကို အဓိကထူထောင်တော့ ကျန်းမာရေးကို အဓိကလုပ်ဆောင်ခြင်းဖြစ်ပါတယ်။ တောင်ကြီးမှာဆိုရင် ဒါဟာတတိယအကြိမ်ဖြစ်တယ်။ အခြားတိုင်းနှင့် ပြည်နယ်များဟာလည်းလုပ်လေ့ရှိတယ်။ ၂၀၀၆ ကစပြီး တည်ထောင်ခဲ့တော့ တစ်နှစ်ကိုတစ်ကြိမ်ဘဲ ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၆ ကစပြီးတော့ ၄ လ တစ်ကြိမ် လူတိုင်းက သွေးလှူနိုင်တာ ဖြစ်တဲ့အတွက် (၄)လတစ်ကြိမ်တိုင်းသွေးလှူပွဲစီစဉ်ဖြစ်ပါတယ်။ အဓိကတော့ ရန်ကုန်နှင့် မန္တလေးမှာစီစဉ်ဖြစ်ပါတယ်။ နှစ်တိုင်း ဇွန်၊ ဇူလိုင်လမှာဆိုရင် နယ်လှည့်သွေးလှူဒါန်းပွဲတွေ စီစဉ်ဖြစ်ပါတယ်။ ရန်ကုန်နှင့် မန္တလေးအပြင် အခြားမြို့ကြီးမှာဆိုရင် ဧရာဝတီတိုင်း ပုသိမ်နှင့် ဟသာင်္တမှာပြုလုပ်ခဲ့ပါတယ်။ အလယ်ပိုင်းမှာဆိုရင် ပြည်၊ မကွေး၊ နေပြည်တော်နှင့် တောင်ငူမြို့တွေမှာလည်းပြုလုပ်ခဲ့ပြီးပါပြီ။ နောက်တစ်ပတ် သောကြာနေ့ မြိတ်မြို့တွင်ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ မြန်မာဘရူဝါရီလီမီတက် ဂရုဏာရှေးရှု မြန်မာမှုမှ အသက်(၁၈) နှစ်ပြည့်ပြီး (၅၅) နှစ်အောက်ရှိ ကျန်းမာရေးနှင့်ပြည့်စုံသူတိုင်း လူကြီး လူရွယ် ကျား/မ မရွေး အားလုံး သွေးလှူဒါန်းနိုင်ကြောင့် ပြောကြားလိုပါတယ်” ဟုမြန်မာ ဘရူဝါရီ လီမီတက် ဂရုဏာရှေးရှုး မြန်မာ ပရဟိတအဖွဲ့မှ ကိုမိုးဇော် (Corporate Communication Manager ) ကပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး စ၀်စံထွန်းဆေးရုံးကြီး၊ ဆေးရုံအုပ်ဒေါက်တာဦးဝင်းနိုင် ပြောကြားချက်အရ ’’ဆေးရုံမှာဆိုရင်လစဉ်သွေး ၄၀၀၊ ၅၀၀ လောက်လိုအပ်တယ်၊ ဒါပေမဲ့ လူမှုရေးနှင့် အခြားအဖွဲ့တွေလည်း သွေးလှူဒါန်းတာတွေလည်းရှိပါတယ်။ သွေးတစ်စက်က လူအသက်ကယ်နိုင်တဲ့အတွက်ကြောင့် သွေးလှူဒါန်းတဲ့သူများရှိတဲ့အတွက် သွေးအခက်အခဲတော့ သိပ်မရှိဘူး။ ဒီလို သွေးလှူဒါန်းမှုပြုလုပ်တာ ဂုဏ်ယူပါတယ်’’ ဟုပြောကြားကြောင်းသိရှိရပါသည်။ အဆိုပါသွေးလှူဒါန်းပွဲတွင် လာရောက်လှူဒါန်းသူ ဦးရေ(၇၂) ဦး လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

ခွန်ထွန်းလွင်

တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်းရုံးဖွင့်ပွဲ အခမ်းအနားပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်





တောင်ကြီးမြို့၊ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်း ဖွဲ့စည်းပုံအသစ် ပြန်လည်ဖွဲ့စည်းခြင်းနှင့် ရုံးဖွင့်ပွဲ အခမ်းအနားကို ၂၀၁၇ခုနှစ်၊ ဇူလိုင်လ (၂၅)ရက်၊ မနက် (၁၁း၀၀)နာရီ အချိန်တွင် တောင်ကြီးမြို့၊ ကန်ရှေ့ရပ်၊ အေးချမ်းရွှေပြည်တိုက်တန်း(B-1)တွင် ပြုလုပ်ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ နာယက ဖြားတန်ခွန်လာနှင့် တောင်ရိုးစာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာကြသည့်ဧည့်သည်တော်များအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးပေးခဲ့ပါသည်။

အဆိုပါ စာပေနှင့်ယဉ်ကျေးမှုအသင်းရုံးဖွင့်ပွဲနှင့် ပတ်သက်၍” မိမိတို့တိုင်းရင်းသားစာပေနှင့် ယဉ်ကျေမှုးများ ထင်ရှားလာစေရန်၊ မိမိတို့တောင်ရိုးလူမျိုးဖွံ့ဖြိုးရေးအတွက် ကိုယ်စားလှယ်လောင်းပေါ်ထွက်လာစေရန်၊ မျိုးဆက်သစ်လူငယ်မောင်မယ်များ အနေဖြင့် မိမိတို့ စာပေနှင့်ယဉ်ကျေးမှုများကို တန်ဖိုးထားထိန်းသိမ်းတတ်ရန် ရည်ရွယ်ပြီး တောင်ရိုးစာပေနှင့်ယဉ်ကျေးမှုအသင်း(ဗဟို)၏ ခွင့်ပြုချက်အရ တောင်ကြီးမြို့နယ်တွင် တောင်ရိုးစာပေနှင့်ယဉ်ကျေးမှုအသင်းရုံးကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း” စာပေနှင့်ယဉ်ကျေးမှုအသင်း (တောင်ကြီး)အတွင်းရေးမှူး ဒေါ်ခင်စန်းရီက ပြောကြားပေးခဲ့ပါသည်။

ထိုအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ တောင်ရိုးစာပေနှင့်ယဉ်ကျေးမှုအသင်း တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) နာယက ဖြားတန်ခွန်လာနှင့် ရုံးဝန်ထမ်းများ၊ ပအိုဝ်း ၊ ဓနု ၊ အင်းသား၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ  တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

နန်းတဆံထီ

Monday, July 24, 2017

စည်းလုံးကြစို့ ရွှေပအိုဝ်းတို့

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်


လောကတွင် မည်သည့်အဖွဲ့အစည်း မည်သည့်လူမျိုးမဆို မိမိတို့လိုလားတောင့်တသော ပန်းတိုင်သို့ရောက်ရှိနိုင်ရန်အတွက် စည်းလုံးမှုသည်အောင်မြင်မှုတိုင်း၏ သော့ချက်အခရာကျသည်ကို သိရှိပြီးဖြစ်ပါသည်။ သို့သော် စည်းလုံးရန် ဆောင်ရွက်ရာတွင် အပြောလွယ်သလောက် လက်တွေ့မူကား အလွန်ခက်ခဲ၏။

ယခု မိမိတင်ပြလိုသည်မှာ မိမိတို့ပအိုဝ်းလူမျိုးများ လိုအပ်သောပန်းတိုင်သို့ရောက်ရှိရန် လက်ရှိစည်းလုံးသည်ထက် ပို၍စည်းလုံးရန်ဖြစ်ပါသည်။ ပအိုဝ်းလူမျိုးတို့၏ စည်းလုံးမှုအားမည်မျှကောင်းသည်ကို - လွန်ခဲ့သော ၂၀၁၀-၂၀၁၅ - ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သုံးမြို့နယ်တွင် မိမိတို့ပအိုဝ်းလူမျိုး အမတ်များသာလျှင် မဲအပြတ်အသတ်အနိုင်ရရှိခြင်းကို ကြည့်ခြင်းအားဖြင့် မိမိပအိုဝ်းလူမျိုးများ၏ စည်းလုံးမှုအကျိုးရလာဒ်ပင်ဖြစ်ပါသည်။ အခြားသောမြို့နယ်များတွင် စည်းလုံးမှုအားကောင်းသော်လည်း အကြောင်းအရာတစ်ခုခုကြောင့်သာ ကပ်၍ရှုံးနိမ့်ခဲ့ပါသည်။

၎င်းတို့ကိုကြည့်ခြင်းအားဖြင့် မိမိတို့ပအိုဝ်းလူမျိုးများသည် စည်းလုံးမှုအားကောင်းသလောက် ပယောဂတစ်ခုခုကြောင့် စည်းလုံးမှုပျက်ပြားနိုင်သောအနေအထားတစ်ရပ်သို့ အချိန်မရွေး ရောက်ရှိသွားနိုင်ပါသည်။ သာဓကများကို ပြန်လှန်ကြည့်ရမည်ဆိုလျှင် ငြိမ်းချမ်းရေးမယူခင် တော်လှန်ရေးကာလ ခရစ်နှစ် ၁၉၇၃ ခုနှစ်တွင်ပြင်ပ၊ ပယောဂတစ်ခုကြောင့် ပအိုဝ်းဖြူ ၊ ပအိုဝ်းနီ ဟုနှစ်ဖွဲ့ကွဲသွားပါသည်။ ပြည်သူလူထုများလည်း အနည်းနှင့်အများကွဲသည်ကို တွေ့ရှိရသလို အယူဝါဒကြောင့်လည်း တစ်ရွာနှင့်တစ်ရွာစိတ်ဝမ်းကွဲပြီး ဘာသာရေး၊ လူမှုရေး စသည့်ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်၍ မရတော့ဘဲစည်းလုံးမှု ပြိုကွဲသည့်အနေအထားသို့ ရောက်ရှိခဲ့ရသည်ကိုလည်း တွေ့ရှိ/သိရှိခဲ့ပြီးဖြစ်ပါသည်။

ရှင်တော်ဗုဒ္ဓဟောကြားတော်မူသော ဇာတ်တော်တစ်ခုတွင် “ဖျံနှစ်ကောင်သည် ရရှိလာသောငါးကြီးတစ်ကောင်ကို ညီညွတ်စွာဖြင့် အဝေအခွဲမတည့်၍ မြေခွေးအားဝေခွဲခိုင်းရာ အခွင့်အရေးကိုစောင့်ဆိုင်းနေသော မြေခွေးသည်လည်း ဖျံနှစ်ကောင်အား ငါး၏အခေါင်းပိုင်းနှင့် အမြီးပိုင်းတို့ကိုသာပေးပြီး ငါး၏အနှစ်သာရဖြစ်သော အသားအမျှင်တို့ကို အပိုင်သိမ်း သွားလေတော့သည်။” မိမိတို့လူမျိုးသည်လည်း သူတစ်မျိုး၊ ငါတစ်မျိုးဖြင့် စည်းလုံးမှုမရှိလျှင် မိမိတို့ရမည့်အခွင့်အရေးများကို လက်လွတ်ဆုံးရုံးရမည်မှာ အသေအချာပင်ဖြစ်သည်။ ထို့ကြောင့် မိမိတို့ပအိုဝ်းလူမျိုးသည်လည်း ဤဇာတ်တော်၏သင်ခန်းစာတို့ကို အတုယူသင့်ပါသည်။ အိုင်တီနည်းပညာထွန်းကားသော ယနေ့ခေတ်တွင် ရရှိလာသောသတင်းအချက်အလက်များကို ကြောင်းကျိုးဆီလျှော်စွာ စူးစမ်းလေ့လာပြီးမှသာ ယုံသင့်ပါသည်။ ထိုသို့မဟုတ်ဘဲ တွေ့သမျှသတင်းစကားများကို ယုံကြည်လျှင် တစ်ဦးနှင့်တစ်ဦးအထင်အမြင်လွဲမှားပြီး စည်းလုံးမှုပြိုကွဲနိုင်ပါသည်။ “နွားကွဲလျှင် ကျားဆွဲမည်” ဟူသော စကားကိုလည်း အစဉ်သတိပြုရန်လိုအပ်ပါသည်။ ပုထုဇဉ်လူသားမှန်သမျှသည် မည်သူမှအမှားနှင့်မကင်းနိုင်ပါ။ လုပ်ငန်းလုပ်ဆောင်နေသော လူပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ်) အဖွဲ့အစည်းကိုဦးဆောင်နေသော ပုဂ္ဂိုလ်တို့၏ မှားကွက်၊ဟာကွက်တို့ကို စာဖြင့်ဝေဖန် အကြံပြုသည်ဖြစ်စေ၊ အင်တာနက် Facebook ပေါ်၌ဖြစ်စေ၊ ဝေဖန်အကြံပြုတော့မည်ဆိုလျှင် ကိုယ်ရေးကိုယ်တာနှင့်ဆိုင်aသာကိစ္စရပ်များ၊ တစ်ဦးနှင့်တစ်ဦး အထင်အမြင်လွဲစေသောစာသားများ၊ စည်းလုံးညီညွတ်မှုကိုပြိုကွဲစေသောစာသားများ စသည့်အချက်တို့ကို ရှောင်ရှားရန်လိုအပ်ပါသည်။

ထိုသို့လုပ်ဆောင်မှသာလျှင် မိမိ၏ဝေဖန်အကြံပြုချက်များသည် နှစ်ဦးနှစ်ဖက် အကျိုးရှိမည်ဖြစ်ပါသည်။ ယနေ့ အင်တာနက် Facebook စာမျက်နှာပေါ်၌ အချို့လူများသည် သေချာလေ့လာမှုမရှိဘဲ တစ်စုံတစ်ဦး(သို့) အဖွဲ့အစည်းတစ်ခုခုအပေါ် မိမိ၏မကျေနပ်ချက်များကို ဝါးလုံးရှည်နှင့်ရမ်း၍ Post တင်နေကြသည်ကိုလည်း စိတ်ပျက်ဖွယ်ရာတွေ့ရှိရပါသည်။ ၄င်းအပြုအမှုများသည် မိမိတို့လူမျိုးအတွက် အပေါင်းလက္ခဏာမဆောင်ဘဲ အနုတ်လက္ခဏာဆောင်နေသည်ကိုလည်း အထူးသတိပြုသင့်ပါသည်။

ထို့ကြောင့် ယနေ့ချိန်မှစ၍ မိမိရွှေပအိုဝ်းတို့ရောက်လိုသောပန်းတိုင်(သို့) ကိုယ်ကြမ္မာကိုဖန်တီးပိုင်ခွင့်များကို ဆွတ်ခူးရရှိနိုင်ရန်အတွက် စည်းလုံးညီညွတ်မှုသည် အခြေခံအုတ်မြစ်ပင်ဖြစ်ပါသည်။ စည်းလုံးညီညွတ်မှုမရှိလျှင် မည်သည့် အောင်မြင်မှုမှ ရရှိမည်မဟုတ်ပါ။ ထို့ကြောင့် အခွင့်အရေးများကို စည်းလုံးညီညွတ်မှုအားဖြင့် ရယူကြပါစို့ဟု တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါသည်။

မေတ္တာဖြင့် ခွန်ဗေခြောင် လေမော်ဟေ့

အသွင်ပြောင်းဌာနေပြည်သူ့စစ် (PNA) မှ ၀ါဆိုသင်္ကန်းကပ်လှူ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်






အသွင်ပြောင်းဌာနေပြည်သူ့စစ် (PNA)၊ ဗဟိုဌာနချုပ်ရုံးတွင် အသွင်ပြောင်းဌာနေပြည်သူ့စစ်(PNA)အဖွဲ့က ၀ါဆိုသင်္ကန်းကပ်လှူပွဲကို ၂၀၁၇ - ခုနှစ်၊ ဇူလိုင်(၂၄)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပင့်ကျောင်း (၁၁)ကျောင်းမှ ဆရာတော်များအား ၀ါဆိုသင်္ကန်းနှင့်ဆန်၊ ဆီ၊ ဆေးများ၊ န၀ကမ္မ၀တ္ထုများအား ကပ်လှူပြီးနောက် မင်းကွန်းဥတ္တရာရုံကျောင်းဆရာတော်(ရှမ်းပြည်နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ)ထံ ငါးပါးသီလခံယူပြီး သံဃာတော်များက ပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ပေးခဲ့ပါသည်။ ထို့နောက် မင်းကွန်းဥတ္တရာရုံဆရာတော်ထံမှ တရားတော်နာယူပြီး ရေစက်ချ အမျှပေးဝေခဲ့ကြောင်း သိရှိရပါသည်။

ထိုအလှူပွဲသို့ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော လူမှုအဖွဲ့အစည်းများ တက်ရောက်ကြည်ညိုခဲ့ကြကြောင်း သိရှိရပါသည်။

ခွန်ဓဇ

" ငေါဝ်းငို,ကွိုင်;" အမဲုင် (၁၀)

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်

" ငေါဝ်းငို,ကွိုင်;" အမဲုင် (၁၁)..................................................


ခွန်ချွန်း(မဲုင်းကောင်)

Sunday, July 23, 2017

Sea Net အဖွဲ့မှ Personal Development Use Training ဆွေးနွေးပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်




၂၀၁၇ခုနှစ်၊ ဇူလှိုင်လ (၂၂)ရက်နေ့၊ နံနက် (၉း၀၀)နာရီအချိန် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ရုံး (PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် Sea Net အဖွဲ့မှ Personal Development Use Training သင်တန်း ပို့ချမှုနှင့် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

ထိုသင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍  “လူငယ်လူရွယ်တွေအတွက် နေရာတစ်ခုဖြစ်စေဖို့၊ သိသင့်သိထိုက်တဲ့ဟာတွေကိုသိစေဖို့ အဓိကမျှဝေပေးမဲ့ပထမဆုံး ရည်ရွယ်ချက်က ကျွန်တော်တို့လူငယ်တွေ ကိုယ်ပိုင်စွမ်းရည်မြင့်တင်ဖို့ကိစ္စ ကိုယ်ပိုင်စွမ်းရည်တွေ ဘယ်လိုမြှင့်တင်မယ်ဆိုတာကို အဓိကဆွေးနွေးပြီး၊ ဒုတိယအနေဖြင့် Use Leadership Submit (YLS 17) ဖြစ်တဲ့အတွက် အဲ့ဒီ Submit တစ်ခုကို ဘန်ကောက်မှာသွားတက်ရမှာဖြစ်ပြီး Assignment တစ်ခုကို ဒေါ်လာ (၂၅၀)နှုန်းဖြစ်ပြီး Submit Leader ခေါင်းဆောင်းကောင်းဖြစ်ဖို့ ဘယ်လိုလေ့ကျင့်ရမယ်၊ ဘယ်လိုလက်တွဲခေါ်ရမယ် ဆိုတဲ့အကြောင်းတွေကို ပို့ချပေးပါတယ်”ဟု သင်တန်ပို့ချသူ ခွန်ထွန်းရင်က ပြောပြထားပါသည်။

အဆိုပါဆွေးနွေးပွဲကို ဇူလိုင်လ(၂၂)ရက်မှ(၂၃)ရက်အထိ ပြုလုပ်ခဲ့ပြီး ဒေါ်နှင်းနုနုလွင်၊ ကိုအောင်ကျော်ဦးနှင့် ခွန်ထွန်းရင်တို့က ပို့ချပေးကာ ၎င်းဆွေးနွေးပွဲသို့ တက်ရောက်သူဦးရေ (၂၀) ကျော်ရှိကြောင်း သိရှိရပါသည်။

ခွန်ထွန်းလွင်

Saturday, July 22, 2017

ကျောက်တလုံးကြီးမြို့နယ်တွင် မော်တော်ဆိုင်ကယ်ယာဉ်မောင်းလိုင်စင် ကွင်းဆင်းဆောင်ရွက်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်




ရှမ်းပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)တို့ ပူးပေါင်းပြီး အထူးဒေသ (၆) ကျောက်တလုံးကြီးမြို့၊ ကောင်ဝိန်ဘုန်းတော်ကြီး ကျောင်းတွင် မော်တော်ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇူလိုင်လ (၂၂) ရက်နေ့တွင် ပြုလုပ်ကြောင်းသိရသည်။

အဆိုပါယာဉ်မောင်းလိုင်စင်ဆောင်ရွက်ရာတွင် မော်တော်ယဉ်မောင်းလိုင်စင်၊ ကားယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်း၊ ထော်လဂျီယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်း၊ ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်၊ ကားလိုင်စင်အုံနာဘုတ်သက်တမ်းတိုးခြင်းကို ဆောင်ရွက်ပေးခဲ့ပါသည်။ ထိုဆောင်ရွက်ချက်များကို ကွင်းဆင်း ဆောင်ရွက်ပေးခြင်းဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်လျှော့ကျစေရန်၊ အသက် (၁၈) နှစ်ပြည့်ပြီး ယာဉ်မောင်းသူများအားလုံး ယာဉ်မောင်းလိုင်စင်ရှိစေရန် စသည့်ရည်ရွယ်ချက်ဖြင့် ကွင်းဆင်းဆောင်ရွက် ပေးခြင်းဖြစ်သည်။

ယခုလိုကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြင့် ပြီးခဲ့သည့်လသည် တောင်ကြီးမြို့နယ်၊ နောင်ကားကျေးရွာတွင် ယာဉ်မောင်းလိုင်စင် (၃၂၀) ဦးကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ယနေ့တွင် ကျောက်တလုံးကြီးမြို့၊ ကောင်ဝိန် ဘုန်းတော်ကြီးကျောင်းတွင် (၁၆၀) ဦး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပါသည်။ တောင်ကြီးမြို့နယ်တွင် ဇလဲကျေးရွာနှင့် ငိုမွူးကျေးရွာတွင်လည်းကောင်း၊ ဟိုပုံးမြို့နယ်တွင် ကျောက်တန်းကျေးရွာနှင့် ကျေက္ကဆျား ကျေးရွာတွင်လည်းကောင်း၊ ဆီဆိုင်မြို့နယ်တွင် ဆိုက်ခေါင်စံပြကျေးရွာတွင်လည်းကောင်း ဆက်လက် ကွင်းဆင်းဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း သိရှိရပါသည်။

“ပအိုဝ်းဒေသများသာမက အခြားမြို့နယ်များဖြစ်သော ညောင်ရွှေမြို့နယ်သည် သြဂုတ်လတွင်လည်းကောင်း၊ စက်တင်ဘာလတွင် ဟိုပုံးမြို့နယ်တွင်လည်းကောင်း ကွင်းဆင်းဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း၊ ကျေးရွာမျာ၏ တောင်းဆိုချက်များရှိပါက ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားရေးမှုဦးစီးဌာနနှင့် မြန်မာ့အာမခံလုပ်ငန်းဌာန ဌာန (၂) ခုပူးပေါင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြာင်" တောင်ကြီးမြို့ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန္တာ က ပြောကြားခဲ့ပါသည်။ မော်တော်ယာဉ်ဆိုင်ကယ်လိုင်စင်များကို လုပ်ဆောင်ရာတွင် ယာဉ်မောင်းလိုင်စင် အာမခံကြေး နှင့် အထွေထွေစရိတ်စုစုပေါင်း (၉၀၀၀) ကျပ်ကုန်ကျသွားမည်ဖြစ်ပြီး ယာဉ်မောင်းလိုင်စင်သက်တမ်း (၅) နှစ်အတွက်သာဖြစ်ကြောင်း သိရှိရပါသည်။


နန်းအိနြေ္ဒခမ်း

နောင်ခမ်းစိုက်ပျိုးရိပ်သာ၏ လုပ်ငန်းသုံးသပ်ဆွေးနွေးပွဲ ပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်



၂၀၁၇ ခုနှစ်၊ ဇူလှိုင်လ(၂၂)ရက်၊ စနေနေ့ မွန်းလွဲပိုင်း(၂း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး၌ နောင်ခမ်းဖွံ့ဖြိုးရေးရိပ်သာ၏ လုပ်ငန်းသုံးသပ်ခြင်း ဆွေးနွေးပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါဆွေးနွေးပွဲသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရဒေသ ဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေ(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)၊ ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခွန်အောင်ကျော်၊ ရွှေကျွန်းမျှောဟိုတယ် (GIC Group)မန်နေဂျာ ဖြားခွန်မောင်ငွေ၊ ရုံးအဖွဲ့မှူး ဦးစောခွန်ကျော်ဝင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုအလုပ်မှုဆောင် ဖြားခွန်ချွန်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဗဟိုကော်မတီ ဖြားခွန်မော်ပေ၊ မေတ္တာဖောင်ဒေးရှင်း တောင်ကြီးရုံးခွဲတာဝန်ခံ ဒေါ်စန်းဝေနှင့် နောင်ခမ်းဖွံ့ဖြိုးရေးရိပ်သာမှ အဖွဲ့အစည်းဆိုင်ရာ ဆက်ဆံရေးတာဝန်ခံ ဦးခွန်မျိုးညွှန့်တို့ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

နောင်ခမ်းဖွံ့ဖြိုးရေးရိပ်သာ၏ ၂၀၀၃ခုနှစ်မှ ၂၀၁၇-ခုနှစ်အထိ (၁၄)နှစ်တာဆောင်ရွက်ခဲ့သည့် လုပ်ငန်းအတွေ့အကြုံအကျဉ်းကို နောင်ခမ်းဖွံ့ဖြိုးရေးရိပ်သာအဖွဲ့အစည်းဆိုင်ရာ ဆက်ဆံရေးတာဝန်ခံ ဦးခွန်မျိုးညွန့်မှ ရှင်းလင်းတင်ပြပြီး၊ လာမည့်အနာဂတ်ကာလများတွင် နောင်ခမ်းဖွံ့ဖြိုးရေးရိပ်သာကို အခြေပြု၍ ဆက်လက်လုပ်ဆောင် အကောင်အထည်ဖော်သွားမည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်း ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ နောင်ခမ်းဖွံ့ဖြိုးရေးရိပ်သာ၏ ရည်ရွယ်ချက်မှာ ကျေးလက်တောရွာနေပြည်သူတို့၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူနေမှု အဆင့်အတန်း မြှင့်တင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေအရင်းအမြစ်ထိန်းသိမ်းရေး၊ သစ်တောထိန်းသိမ်းရေးပညာပေးပြီး ရှမ်းပြည်နယ်တစ်ခုလုံး နည်းပညာပြန့်ပွားစေရန်ဖြစ်ပြီး မေတ္တာဖောင်ဒေးရှင်းနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)တို့ ပူးပေါင်းအကောင်အထည်ဆောင်ရွက်သည့် စီမံကိန်းဖြစ်ကြောင်းကိုလည်းသိရှိရပါသည်။

နန်းတဆံထီ

Friday, July 21, 2017

ရှမ်းပြည်အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူလူထုများ လာရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်






၂၁.၇.၂၀၁၇ခုနှစ် ရှမ်းပြည်နယ်အစိုးရ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဌာနဆိုင်ရာများနှင့် ဒေသခံရပ်မိရပ်ဖများတွေ့ဆုံခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပင်လောင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဦးခွန်စောအောင်မှလိုက်ပါခဲ့ကြောင်းနှင့် ဝန်ကြီးက ထိုတွေ့ဆုံပွဲတွင် အောက်ခြေလူထုနှင့်တွေ့ဆုံလိုကြောင်း၊ လူထုတက်ရောက်မူအားနည်းနေကြောင်း၊ လူထုမှတင်ပြလာသည့်အခက်အခဲများကို အမှန်တကယ်ကြားလိုကြောင်း ၊ ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲမှ ပြောင်းလဲချိန်တန်ပြီဆိုသည့်ဆောင်ပုဒ်နှင့်အညီ တောင်ပြိုကမ်းပြို လူထု၏ထောက်ခံမူဖြင့်လူထုအစိုးရဖြင့်လာကြောင်း၊ အမှန်တကယ်မပြောင်းလဲဘဲ ပြောင်းလဲနိုင်မူလမ်းမပေါ်ကိုသာစတင်နိုင်ခဲ့ကြောင်း၊ အပြောင်းအလဲကာလတွင် စီးပွါးရေးမတည်မငြိမ်မူများ ဈေးနူန်းမငြိမ်သက်မူများရှိနေကြောင်း၊ ယခုလိုဈေးနူန်းမငြိမ်သက်မူ၏ မူလအကြောင်းရင်းမှာ ပြည်တွင်းစစ်ကြောင့်ဖြစ်ကြောင်း၊ ပြည်တွင်းတည်ငြိမ်အေးချမ်းမှ စီးပွါးရေးတည်ငြိမ်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမူရှိမှသာ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုက်မည်ဖြစ်ပြီး ဖက်ဒရယ်ရှိပြီးဒီမိုကရေစီမရှိရင် ပြည်ထောင်စုကြီးပြိုကွဲနိုင်ကြောင်း၊ ဖက်ဒရယ်နှင့်ဒီမိုကရေစီရှိမှသာ တိုင်းရင်းသားအားလုံး၏ တန်းတူအခွင့်အရေးကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်နိုင်မှသာလျင် တိုင်းရင်းသားအားလုံး ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိမည်ဖြစ်ပြီး တိုင်းရင်းသားရင်ကြားစေ့ရေးကို ဦးတည်နိုင်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီအုတ်မြစ်ကို အခိုင်အမာတည်ဆောက်ရန်လိုအပ်ကြောင်း ပြောကြားပြီး လူထုလိုအပ်ချက်များကိုတင်ပြစေပြီး သက်ဆိုင်ရာနှင့်ညှိနှိုင်းကာ တွေ့ဆုံပွဲကိုရုပ်သိမ်းခဲ့ပါကြောင်း သိရှိရပါသည်။

ခွန်တီးမောင်း (ခမ်းလွယ်လုံ)

Powered by Blogger.