Wednesday, November 29, 2017

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ အတွင်းရေးမှူးချုပ် ဖြားတန်ခွန်သိန်းဖေမှ မဟာစူဠာမုနိ ငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရန်အတွက်အလှူငွေ (၂)သိန်းကျပ် ပေးအပ်လှူဒါန်း

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်


၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ(၃၀)ရက်၊ နေ့လည်(၁း၀၀)နာရီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် အတွင်းရေးမှူးချုပ် ဖြားတန်ခွန်သိန်းဖေနှင့် အတွင်းရေးမှူး(၃) ဖြားခွန်တင်ထွဋ်၊ ဘဏ္ဍာရေးမှူး ဖြားခွန်ကြာအောင်တို့မှ မိုင်းပွန်မြို့၊ ဆင်ခြေဘုန်းရပ်ကွက်၊ ပန်အွန်းကျေးရွာစခန်းတွင် မြို့ဦးကျောင်း (မိုင်းပွန်မြို့) ဆရာတော်မှ ဦးဆောင်ပြီး တည်ထားကိုးကွယ်မည့် မဟာစူဠာမုနိငြိမ်းချမ်းရေး စေတီတော်အတွက် အလှူငွေ (၂)သိန်း ကျပ်တိတိကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

အဆိုပါအလှူငွေကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) နာယက ဖြားတန်ခွန်ချစ်မောင်မှ လက်ခံပေးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ မဟာစူဠာမုနိငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်မည့် မြေနေရာအတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ နာယက ဖြားတန်ခွန်ချစ်မောင်မှ မြေ(၅)ဧကကို လှူဒါန်းပေးပါကြောင်း သတင်းရရှိသည်။

နန်းတဆံထီ



နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ပင်လောင်း နတလသင်တန်းကျောင်းရှိ တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှုစစ်ဆေး

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်






ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသလိုအပ်ချက်များ သိရှိနိုင်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် အဖွဲ့သည် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့အရှေ့မြောက်ဘက်ရှိ နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်ပေးထားသော နယ်စပ်ဒေသတိုင်းရင်းသားများ ဖွံ့ဖြိုးရေး သင်တန်းကျောင်းသို့ သွားရောက်ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံအားပေး အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် အဖွဲ့များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီင်္းဥက္ကဌ ဖြားခွန်စံလွင် တို့သည် ပင်လောင်းနတလကျောင်းတွင် တာဝန်ရှိသူနှင့် တွေ့ဆုံ၍ နယ်စပ်ရေးရာဝန်ကြီးက အမှာစကားပြောကြားပြီး ကျောင်းတွင်းရှိ  လိုအပ်သည်များကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျောင်းသား/သူ များကိုလည် အားပေးစကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ၎င်းနှင့် အဖွဲ့သည် ပင်လောင်းမြို့နယ်ရှိ ကျောက်ချောလမ်း ဘတ်ဂျတ်ဖြင့် ခင်းကျင်းနေသော လွယ်ဗျား-နမ့်ပါ-ထာမော့ ကတ္တရာလမ်း အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။ ထိုခရီးစဉ်တွင် ဖြားခွန်စံလွင်သည် ပင်လောင်မြို့နယ်အတွင်းရှိ လိုအပ်နေသေးသော လမ်းတံတားများကို တင်ပြခဲ့ကြောင်း သိရပါသည်။

ခွန်ထင်းထို

(PNO)ဗဟိုဌာနချုပ်ရုံး၊ ရုံးအဖွဲ့မှူးနှင့် နိုင်ငံတကာဆက်ဆံရေးဌာနမှူးတို့ နောင်တောင်းပရဟိတကျောင်းရှိ ကျောင်းသား/သူများအား သွားရောက်အားပေးအမှာစကား ပြောကြား

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်





 ကျောင်းသား/သူများ စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ နောင်တောင်းဆရာတော်၏ စီစဉ်ပေးမှုဖြင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံး၊ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းနှင့် နိုင်ငံတကာဆက်ဆံရေးဌာနမှူး ဆရာခွန်ကြည်တို့က (၂၈-၁၁-၂၀၁၇)ရက်၊ ညနေ(၇း၀၀)အချိန်တွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ နောင်တောင်းပရဟိတကျောင်းရှိ (၉/၁၀)တန်းကျောင်းသား/သူများကို သွားရောက်တွေ့ဆုံ အားပေးအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်တွေ့ဆုံမှုတွင် ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းက ယခုကဲ့သို့ မိမိတို့ကို နောင်တောင်းပရဟိတကျောင်းရှိ ကျောင်းသား/သူများနှင့် တွေ့ဆုံခွင့်ရရန် စီစဉ်ပေးပါသော နောင်တောင်းဆရာတော်အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုပညာသင်ကြားနေသော ကျောင်းသား/သူများသည် မိမိတို့ခေတ်ကဲသို့ ပညာကို ခက်ခက်ခဲခဲ သင်ယူရသည်မဟုတ်ဘဲ လွယ်လွယ်ကူကူနှင့် ဆည်းပူးသင်ယူနိုင်သောခေတ်ဖြစ်သည်အတွက် အလွန်ပင်ကံကောင်းလှပါကြောင်း၊ ထိုကြောင့် ယခုလက်ရှိပညာသင်ယူနေသော ကျောင်းသား/သူများအနေဖြင့် ပညာများကို ကြိုးကြိုးစားစားသင်ယူပြီး ဘွဲ့ရပညာတတ်များဖြစ်အောင်း ကြိုးပမ်းအားထုတ်စေလိုကြောင်း၊ ထို့ပြင် ကျောင်း/သူများအနေဖြင့် ဘွဲ့ရပြီးပါက အစိုးရဌာနဆိုင်ရာများတွင်လည်း တာဝန်ထမ်းဆောင်စေလိုကြောင်း၊ အလုပ်ခွင်တွင် တာဝန်ထမ်းဆောင်နိုင်ရန် ဗဟုသုတများကို ရှာဖွေလေ့လာသင့်ကြောင်း ပြောကြားခဲ့သည်။

 ဆက်လက်၍ PNO ဗဟိုဌာနရုံး၊ နိုင်ငံတကာဆက်ဆံရေးဌာနမှူး ဆရာခွန်ကြည်က ယခုလက်ရှိ မိမိတို့ကျောင်းသား/သူများအနေဖြင့် သင်ယူနေသော အတန်းပညာသည် ဘ၀၏ အဆုံးအဖြတ်ပေးသောအရာ မဟုတ်ကြောင်း၊ သို့သော်လည်း ကျယ်ပြန့်သာယာလှသော ဘ၀ခရီးလမ်းကို လျှောက်လှမ်းရာတွင် လှေကားထစ်တစ်ခု ဖြစ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် အချိန်ရှိခိုက် ကြိုးစားအားထုတ်စေလိုကြောင်း၊ မည်သည့်အလုပ်တွင်မဆို အခက်အခဲရှိစမြဲဖြစ်ပြီး အခက်အခဲကို ကျော်ဖြတ်နိုင်မှသာ အောင်မြင်မှု ရရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့လက်ထဲတွင် ကိုင်ထားနေသောစာအုပ်သည် စာအုပ်ထဲရှိ စာများက ဦးနှောက်ထဲမရောက်ခဲ့လျှင် ထိုစာအုပ်သည် အမှိုက်သာဖြစ်နေမည် ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် အကောင်းဆုံး တက္ကသိုလ်ဟုဆိုလျှင် စာကြည့်တိုက်ပင် ဖြစ်လိမ့်မည် ဖြစ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် ကျောင်းစာများသာမက ပြင်ပဗဟုသုတများကိုလည်း လေ့လာသင့်ကြောင်း စသဖြင့် အားပေးအမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား/သူများက ပညာရေးနှင့် ပတ်သက်၍ သော်လည်းကောင်း၊ ပြင်ပဗဟုသုတများကို သော်လည်းကောင်း မိမိတို့သိချင်သည်များကို မေးမြန်းခဲ့ပါကြောင်း၊ ယခုနှစ် အဆိုပါနောင်တောင်း ပရဟိတကျောင်းတွင် တက္ကသိုလ်ဝင်တန်းဖြေမည့်သူ (၁၇၂)ဦးရှိ န၀မတန်းဖြေဆိုမည့် ကျောင်းသား/သူ ဦးရေ(၂၉၀) ၀န်းကျင်ရှိကြောင်း သိရသည်။

နဂါ့ခွန်၊ စနေအောင်
















Tuesday, November 28, 2017

ဒေသဦးစီးဥက္ကဌနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေတို့က ပအိုဝ်းဒေသမြို့နယ်ပေါင်း (၁၂)မြို့နယ်ရှိ သံဃာတော်အပါးပေါင်း(၁၀၀)ကျော်ထံမှ သြ၀ါဒခံယူပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းတင်ပြ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်








ပအိုဝ်းဒေသအတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်ဖက်တစ်လှမ်းမှ ပူးပေါင်းလုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီး သင်ပညာရေးကျောင်း (၂၈-၁၁-၂၀၁၇) ညနေ(၇း၀၀)နာရီတွင် ပြုလုပ်သော ဖွံ့ဖြိုးရေးနှင့်စီမံချက် သဘောတရားသင်တန်းနောက်ဆုံးရက်ညတွင် ပအိုဝ်းဒေသမြို့နယ်(၁၂)မြို့နယ်ရှိ သံဃာတော် အပါးပေါင်း (၁၀၀)ကျော်ထံမှ ဒေသဦးစီးဥက္ကဌ ဖြားခွန်စံလွင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေတို့က သွားရောက်သြ၀ါဒခံယူပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတသ(၃)ကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ဖွင့်လှစ်ကာ ဆက်လက်၍ နောင်တောင်းပရဟိတကျောင်းထိုင်ဆရာတော် ရဇိန္ဒာသီရိ(ဓမ္မစရိယ)က အဖွင့်သြ၀ါဒစကား မြွတ်ကြားရာတွင် မိမိတို့ သံဃာတော်များသည် ခေတ်ရေစီးကြောင်းအရ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို တစ်ဖက်တစ်လှမ်းမှ ပူးပေါင်းလုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ ယခုဖွံ့ဖြိုးရေးနှင့်စီမံချက် သဘောတရားသင်တန်းကို ပြုလုပ်ခဲ့ကြောင်း၊ သံဃာတော်များအနေနှင့် မိမိတို့ဒေသ၏ လိုအပ်ချက်များကို ကျောင်းတကာများနှင့် လက်တွဲပြီး ဒေသအကျိုးကို ဆောင်ရွက်စေလိုကြောင်း၊ ယခုကဲ့သို့ ဒေသဦးစီးဥက္ကဌနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ရာတွင် ဆရာတကာ ချိတ်ဆက်ပူးပေါင်းလုပ်ဆောင်နိုင်ရန် မိမိတို့လုပ်ဆောင်နေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လာရောက် ရှင်းလင်းတင်ပြမှုအပေါ် အလွန်ပင်ဝမ်းသာ ကျေနပ်မိကြောင်း မြွတ်ကြားခဲ့သည်။

ထို့နောက် ဒေသဦးစီးဥက္ကဌ ဖြားခွန်စံလွင်က ယခုကဲ့သို့ ပအိုဝ်းဒေသရှိ အနယ်နယ်အရပ်ရပ်မှ သံဃာတော်များကို ကန်တော့ဖူးမျှော်ရသည့်အတွက် အလွန်ပင် ကြည်ညိုသဒ္ဓါပွားမိပါကြောင်း၊ သဃာတော်များ အနေဖြင့် ဗုဒ္ဓဘာသာပြန့်ပွားရေးနှင့် ပအိုဝ်းစာပေထွန်းကားရေးကို ဆောင်ရွက်နေသည် သာမက ယခုကဲ့သို့ ဒေသအကျိုးကိုပါ ကူညီဆောင်ရွက်သည်ကို မြင်တွေ့ရသောကြောင့် အလွန်ပင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အနေဖြင့်လည်း ဒေသဖွံ့ဖြိုး တိုးတက်ရန်အတွက် ဥာဏ်စွမ်း၊ ကိုယ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်နေပါကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် မိမိအနေဖြင့် နိုင်ငံတော်နှင့်ဌာနဆိုင်ရာများသာမက နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တိုင်းရင်းသားများအားလုံးအတွက် ကြိုးစားဆောင်ရွက်နေပါကြောင်း၊ ပညာရေးအပိုင်းနှင့် ပတ်သက်၍ တက္ကသိုလ်ဝင်တန်းအောင်ပြီး သူများကို အလုပ်အကိုင်ရရှိရန် အတတ်နိုင်ဆုံး ဆောင်ရွက်လျက်ရှိပြီး ယခုလက်ရှိတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လုပ်ငန်းခွင်အကြို ဆရာအတတ်သင် ဒီပလိုမာကောလိပ် ဖွင့်လှစ်ပေးနေပါကြောင်း၊ ထို့ပြင် ပင်လောင်းမြို့နယ်ရှိ ရှေ့ပြေးစီမံကိန်း (Pilot ProJect)ကျသော ကျေးရွာအုပ်စုများဖြစ်သည့် ပေါအင်၊ ပင်ခင်၊ လွယ်မော၊ မွေးပင် များကို ကြည့်ရှုစစ်ဆေးနေကြောင်း လျှောက်တင်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်တင်ပြခဲ့ပါသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖက မိမိတို့ပအိုဝ်းလူမျိုးယခုကဲ့သို့ ရပ်တည်နိုင်သည်မှာ သံဃာတော်များ၏ ကျေးဇူးတရားများပင် ဖြစ်ကြောင်း၊ မိမိတို့လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အတတ်နိုင်ဆုံးကူညီ ဆောင်ရွက်ပေးနေ သော်လည်း လိုအပ်ချက်ပေါင်းများစွာ ရှိနေသေးကြောင်း၊ ထိုလိုအပ်ချက်များကို မိမိတို့ဆရာတကာ လက်တွဲလုပ်ဆောင်ရဦးမည် ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့ပအိုဝ်းလူငယ်များကို အစိုးရဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်နိုင်ရန် အားလုံးဝိုင်းဝန်း တိုက်တွန်းသင့်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာ တွင် ဆရာတကာ အစဉ်အမြဲ စည်းလုံးနေသင့်ကြောင်း ပြောကြားပြီး မိမိကြုံတွေ့နေရသော လွှတ်တော်အကြောင်း အရာများကို လျှောက်တင် ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် သံဃာတော်များအနေဖြင့် ဒေသဦးစီးဥက္ကဌနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေတို့အား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ဆောင်ရာတွင် မိမိတို့ ပေးချင်သော အကြံဥာဏ်များ ပတ်သက်၍ သြ၀ါဒစကားပြောကြားပြီး မိမိတို့သိချင်သော မိမိတို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအကြောင်း ကိုလည်း မေးမြန်းခဲ့ကြောင်း သိရသည်။ အဆိုပါ ဖွံ့ဖြိုးရေးနှင့်စီမံချက် သဘောတရားသင်တန်းကို စွမ်းရည်ရှေ့ဆောင် လူမှုရေးအသင်းမှ ပံ့ပိုးကူညီခဲ့ပြီး ထိုသင်တန်းကို နိုဝင်ဘာလ(၂၆)ရက်နေ့မှ (၂၈)ရက်နေ့အထိ ပြုလုပ်ပြီး ပအိုဝ်းဒေသအတွင်းရှိ ပင်လောင်း၊ ဆီဆိုင်၊ တောင်ကြီး၊ ဟိုပုံး၊ နောင်တရား၊ ကျောက်တလုံး၊ ဟဲဟိုး၊ လွိုင်လင်၊ မိုင်းပွန်၊ နမ့်စန်၊ ရပ်စောက်၊ ညောင်ရွှေ၊ မောက်မယ်၊ ဖယ်ခုံ၊ လွိုင်ကော် စသည့် ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များ ကြွရောက်ခဲ့ကြောင်း သိရသည်။

နဂါ့ခွန်






















ပြည်သူလူထု၏ အခက်အခဲများအပေါ်လွှတ်တော်အမတ်များ၏၀န်ဆောင်မှု

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်

ဒီမိုကရေစီနိုင်ငံရေးဖြစ်စဉ်အတွင်းမှ အလွန်အရေးကြီးသော မဏ္ဍိုင်ဖြစ်သည့် ဥပဒေပြုရေး မဏ္ဍိုင် (လွှတ်တော်) နှင့် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါသည်။ ထိုကဲ့သို့ဆောင်ရွက်ရာ၌ ပြည်သူလူထုကိုယ်တိုင် ဥပဒေပြုရေးမဏ္ဍိုင်၏ အရေးပါပုံနှင့် လုပ်ကိုင်ဆောင်ရွက်နေပုံများကို သိရှိနား လည်အောင် ကြိုးစားရမည်ဖြစ်ပါသည်။ သို့မှသာ တာဝန်ယူမှုတာဝန်ခံမှုရှိသော ဥပဒေပြုမဏ္ဍိုင်များ ဖြစ်နေ စေရန်အတွက် ပြည်သူလူထုကိုယ်တိုင် အပြန်အလှန်စောင့်ကြည့် ချိန်ညှိပေးနိုင်မည်ဖြစ်ပါသည်။
အကျိုးဆက်အနေဖြင့် လွတ်လပ်၍တရားမျှတသော တန်းတူညီမျှမှုရှိသော ဥပဒေများထွက်ပေါ်လာပြီး ပြည်သူကိုယ်တိုင်ကလည်း ဒီမိုကရေစီအလေ့အထများကို ကျင့်သုံးနိုင်မည်ဖြစ်ပါသည်။ သို့မှသာ ပြည်သူ လူထုနှင့် ဥပဒေပြုရေး မဏ္ဍိုင်အကြားတွင် ပွင့်လင်းမြင်သာသည့်ဆက်ဆံရေးကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။ ထိုအချက်သည် ဒီမိုကရေစီစနစ်ရှင်သန်ထွန်းကားစေရန် အလွန်အရေးကြီးသော အချက်ဖြစ် ပါသည်။ ဒီမိုကရေစီစနစ်၏အသက်သည် ပြည်သူလူထုအပေါ်တွင်သာမူတည်နေ၍ ပြည်သူလူထုက သာလျှင် ဒီမိုကရေစီစနစ်ကို အသက်ဆက်ပေးနိုင်မည်ဖြစ်ပါသည်။ ထိုကြောင့်ပြည်သူလူထု ကိုယ်တိုင်က ဥပဒေပြုရေးတွင်ပါဝင်နိုင်ရန်အတွက် လိုအပ်သည့်နည်းလမ်းများကိုလည်း သိရှိထားဖို့ လိုအပ်ပါသည်။
မြန်မာနိုင်ငံတွင် ရှိနေသည့်လက်ရှိနိုင်ငံရေး အဖွဲ့အစည်းထဲများမှ အရေးကြီးဆုံးတစ်ခု ဥပဒေပြုရေးမဏ္ဍိုင် ၏ အရှိတရားကိုလေ့လာကြည့်မှသာ မိမိနိုင်ငံအတွက်ပိုမိုကောင်းမွန်တိုးတက်သည့် အကြံဥာဏ်ကောင်း များကို ပေးနိုင်မည်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၏ ဒုတိယမြောက်သမ္မတကြီး ဂျွန်အက်ဒမ်စ် (၁၇၃၅-၁၈၂၆)က ၁၇၇၆-ခုနှစ်တွင် ကျင်းပခဲ့သည့်လွတ်လပ်ရေးတိုက်ပွဲ ဒုတိယညီလာခံတွင် “ကျွန်တော် တို့  တရားဥပဒေတွေစိုးမိုးသည့် နိုင်ငံတော်ကြီးကို တည်ထောင်မှာဖြစ်တယ် လူတစ်ဦး တစ်ယောက် တစ်စုတစ်ဖွဲ့က စိုးမိုးထားသည့် နိုင်ငံတော်ကြီးကို တည်ထောင်မှာမဟုတ်ပါဘူး” ဆို၍ ပြောခဲ့သည်။ ထို့ကြောင့် ဒီမိုကရေစီနိုင်ငံရေးစနစ်နှင့် အစိုးရတစ်ရပ်ရေရှည်တွင် ခိုင်မာအားကောင်းရန်အတွက် ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုနှင့် တာဝန်ယူ/တာဝန်ခံမှုသည် အလွန်ပင်အရေးကြီးပါသည်။
လွှတ်တော်ကိုယ်စားလှယ်များ၏တာဝန်သည် မဖြစ်မနေဆောင်ရွက်ရမည့်(၃)ချက်ရှိသည်။ ၎င်းတို့မှ- ကိုယ်စားပြုခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်း၊ ဥပဒေပြုခြင်းဖြစ်သည်။ လွှတ်တော်အမတ်သည် မိမိ၏ ကိုယ်စားပြုမဲဆန္ဒနယ်မှ ပြည်သူများ၏ကိုယ်စား လွှတ်တော်ထဲတွင်ပြောပိုင်ခွင့်ရှိသည်။ လွှတ်တော် ကိုယ်စားလှယ်တိုင်းသည် အစိုးရကို စောင့်ကြည့်ရန်တာဝန်ရှိသည်။ အစိုးရ၏မူဝါဒများ၊ လုပ်ငန်းများ၊ ဥပဒေများကိုလည်း စောင့်ကြည့်စစ်ဆေးခြင်းလုပ်ဆောင်ပေးရသည်။ ဥပဒေပြုရာတွင် အစိုးရအဖွဲ့မှ လုပ်ဆောင်သည့်ဥပဒေများကို ၀င်ရောက်ဆွေးနွေခြင်း ယခင်ဥပဒေများကို စောင့်ကြည့်ပြင်ဆင်ပြီး ပိုမို ကောင်းမွန်အောင် လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ လွှတ်တော်ကိုယ်စားလှယ်များသည် ပြဌာန်းထား သောသက်ဆိုင်ရာဥပဒေများက သတ်မှတ်ပေးထားသည့်တာဝန်နှင့် လုပ်ပိုင်ခွင့်များအပြင် သက်ဆိုင်ရာ မဲဆန္ဒနယ် ၀န်ဆောင်မှုပေးခြင်းလုပ်ငန်းများကိုလည်း လုပ်ပေးရပါသည်။
“မဲဆန္ဒနယ်ဆိုင်ရာဝန်ဆောင်မှုပေးခြင်းလုပ်ငန်း” ဆိုသည်မှာ လွှတ်တော်ကိုယ်စားလှယ်များသည် သက် ဆိုင်ရာ မဲဆန္ဒနယ်များတွင် လွှတ်တော်ကိုယ်စားလှယ်ရုံးများဖွင့်လှစ်ထားပြီး မိမိသက်ဆိုင်ရာ မဲဆန္ဒနယ်မှ ပြည်သူများ၏ဒေသဆိုင်ရာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့်အခြေအနေမှန်များကို နားထောင် ပေးပြီးလိုအပ်ပါက အခက်အခဲများကိုဥပဒေနှင့်အညီ ဖြေရှင်းပေးရပါသည်။
ပြည်သူမှ ရွေးချယ်လိုက်သော အမတ်များသည် ပြည်သူ၏ကိုယ်စားပြုမှုဖြစ်သည်။ ပြည်သူ့အကျိုးကို သယ်ပိုးရန်ဖြစ်သည်။ ဥပဒေပြုခြင်းသည် အမတ်များလုပ်ရမည့်တာဝန်တစ်ခုဖြစ်သကဲ့သို့ ပြည်သူ့ဘ၀ အထွေထွေဒုက္ခကိုလည်း မျက်ခြေမပျက်စောင့်ကြည့်ပြီး ပြည်သူများ၏ကောင်းရာကောင်းကျိုး အတွက် လည်း လွှတ်တော်ထဲတွင် မေးခွန်းများမေးမြန်းခြင်း၊ အဆိုများတင်သွင်းခြင်းကိုလည်း လုပ်ဆောင်ရပါ သည်။ ဥပမာ- ပြည်သူများအနေဖြင့် မိမိတို့ဒေသအခက်အခဲများကို အမတ်များအားဆွေးနွေးတင်ပြပြီး လွှတ်တော်ထဲတွင် မေးခွန်းမေးမြန်း၍ဆွေးနွေးနိုင်ပါသည်။ မိမိတို့ဒေသတွင် လျှပ်စစ်မီးလင်းရေးကိစ္စ၊ လယ်ယာမြေသိမ်းဆည်းမှုများ စသည့်ကိစ္စသည် ပြည်သူ့အခက်အခဲများကိုလည်း ကူညီဖြေရှင်းပေးနိုင် ပါသည်။
သက်ဆိုင်ရာမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ရုံးများတွင် ရုံးအဖွဲ့ကိုဖွဲ့စည်းထားပြီး လွှတ်တော် ကိုယ်စားလှယ် လွှတ်တော်တက်နေသည့် အချိန်များတွင် ရုံးအဖွဲ့ကအမတ်ကိုယ်စား တိုင်ကြားစာ လက်ခံခြင်း အရေးကြီးပါက အမတ်ထံသတင်းပို့ပေးခြင်း စသည့်ကူညီဖြေရှင်းပေးခြင်းမှုမျိုးကိုလည်း လုပ်ဆောင်ပေးနိုင်သည်။ လွတ်တော်ရပ်နားနေသည့် အချိန်ကာလတွင် လွှတ်တော်ကိုယ်စား လှယ်သည် မိမိ၏မဲဆန္ဒနယ်မြေသို့ပြန်ပြီးနောက် ပြည်သူများနှင့်တွေ့ဆုံသော လူထုတွေ့ဆုံပွဲများ ကျင်းပပြီး လွှတ်တော်အတွင်းမှအကြောင်းအရာများကို လူထုသို့ ပြန်လည်ရှင်းပြပေးရသည်။
တစ်ချိန်တည်းမှာပင် ဒေသဆိုင်ရာမီဒီယာများနှင့် တွေ့ဆုံပြီး သတင်းစားရှင်းလင်းပွဲလည်း ပြုလုပ် နိုင်ပါ သည်။ သို့မှသာပြည်သူလူထုနှင့် ပြည်သူ့ကိုယ်စားလှယ်(လွှတ်တော်အမတ်)ကြားတွင် နွေးထွေးသော ပွင့်လင်းမြင်သာသော ဆက်ဆံရေးတစ်ရပ်ရှိပြီး စစ်မှန်သောပြည်သူ့အသံကိုလည်း နားထောင်နိုင်မည် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ကိုယ်စားပြုဒီမိုကရေစီနိုင်ငံရေးစနစ် အသက်ဝင်လာမည် ဖြစ်သည်။ ပြည်သူလူထု၏ တာဝန်သည် ရွေးကောက်ပွဲတွင် မဲပေးရုံနှင့်မပြီးသေးဘဲ ရွေးကောက်ပွဲပြီးနောက်ပိုင်း တွင်နိုင်ငံ၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်များ၏ လုပ်ကိုင်ဆောင်ရွက်ပုံများကို အမြဲ မပြတ်စောင့်ကြည့်ဖို့လည်း လိုအပ်ပါသည်။ သို့မှသာ ဒီမိုကရေစီနိုင်ငံရေးစနစ်နှင့် ဒီမိုကရေစီအစိုးရ တစ်ရပ်ရေရှည်ခိုင်မာအားကောင်းလာမည် ဖြစ်ပါသည်။
ထို့ကြောင့် ပြည်သူလူထုပါဝင်မှုသည် အလွန်အရေးကြီးကြောင်းနှင့် ပြည်သူလူထု၏အခက်အခဲ များအပေါ် လွှတ်တော်အမတ်များ၏ ၀န်ဆောင်မှုအကြောင်းကို တင်ပြရေးသားလိုက်ရပါသည်။

ခွန်ထွိုင်း(သီးသဲင်း)

Monday, November 27, 2017

ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာကော်မတီဝင်များနှင့် ဟိုပုံး၊ ဆီဆိုင်မြို့နယ်များမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်






၂၀၁၇၊ နိုဝင်ဘာ(၂၇)ရက်နေ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးခန်းမကြီးတွင် ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီဝင် များနှင့် ဟိုပုံး၊ ဆီဆိုင်မြို့နယ်များရှိ ဒေသခံပြည်သူတို့ တွေ့ဆုံပွဲအခမ်းအနားကို ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဖြားခွန်စံလွင်က အဖွင့်အမှာ စကားပြောကြားပြီးနောက် ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာကော်မတီဥက္ကဋ္ဌ ဖြားခွန်မောင်သောင်းက ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ၏ လုပ်ဆောင်မှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တက်ရောက်လာသော ဒေသခံတိုင်းရင်းသားပြည်သူများမှ ဆွေးနွေးတင်ပြခြင်းများ၊ ထိုအချက်များအပေါ် ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာကော်မတီမှ ပြန်လည်ဆွေးနွေးခြင်းများ ပြုလုပ်ခြင်း၊ ထို့နောက် ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာကော်မတီဥက္ကဋ္ဌ ဖြားခွန်မောင်သောင်းက နိဂုံးချုပ်အမှာစကား ပြောကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားဒေသခံပြည်သူများမှာ- တိုင်းရင်းသားဒေသတွင် ဘတ်ဂျက်များကို ပိုမိုချထားပေးရန်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာ အဆောက်အဦးကိစ္စရပ်များ၊ အထောက်အပံ့ကိစ္စရပ်များ၊ တိုင်းရင်းသားစာပေ ရေရှည်တည်တံ့ရေးအတွက် အစီအမံများ ဆောင်ရွက်ပေးရန်၊ လူငယ်များ အတွက် စီးပွားရေးအမြင်များ ပိုမိုကျယ်ပြန့်စေရန် အစိုးရအနေဖြင့် စွမ်းရည်မြှင့်သင်တန်းများ ပေးနိုင်ရန်နှင့် တိုင်းရင်းသားစာပေ သင်ကြားရေးပိုင်း ဆရာ/ဆရာမ အလုံအလောက် လုပ်ဆောင်ပေးနိုင်စေရန်၊ ဆရာ/ဆရာမများ၏ အထောက်အပံ့ ရရှိနိုင်ရန် စသည့် အချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထိုတွေ့ဆုံပွဲသို့ ဟိုပုံးမြို့နယ်နှင့်ဆီဆိုင်မြို့နယ်များမှ ဒေသခံ ပြည်သူ(၄၀၀)ခန့်တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ခွန်ဓဇ

Sunday, November 26, 2017

ရွေးကောက်ပွဲကျင်းပရန် (၃၆)လသာ ကျန်တော့သည်

တောင်ကြီး၊၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ( ၂၇) ရက်


၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပမည်ဟု နိုင်ငံတော်အစိုးရမှ ထုတ်ပြန်ကြေညာခဲ့ပြီး ရွေးကောက်ပွဲတွင် ပါတီပေါင်း (၃၇)ပါတီ ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည်။ ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတမှုရှိမရှိ စသည်များကို အားလုံးဖြတ်သန်းခဲ့ကြရပြီး ဖြစ်ကာ ပန်းဝင်သည့် အောင်နိုင်သူများလည်း ပန်းဝင်ခဲ့ပြီး ဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲအပေါ် မိမိ၏ ထင်မြင်သုံးသပ်ချက်အရ ပါတီများမှ ရွေးကောက်ပွဲအတွက် အဆင်သင့်အနေအထား မရှိခြင်း၊ ရွေးကောက် ခံကိုယ်စားလှယ်များသည်လည်း အဆင်သင့်အနေအထား မဖြစ်ခြင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲသည်  ပြည်သူလူထုများအတွက် နှစ်(၂၀)ကြာမှ ပြန်လာသော ရွေးကောက်ပွဲဖြစ်၍ ပြည်သူများလည်း အဆင်သင့် မရှိခဲ့ပါ။ ဤကဲ့သို့သော အဆင်သင့်မဖြစ်ရခြင်း၏ နောက်ကွယ်တွင် အကြောင်းချင်းရာ များစွာ ရှိသည်။

ဒုတိယအကြိမ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပြန်လည်ကျင်းပခဲ့ပြီး ပါတီပေါင်း (၉၀)ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ယှဉ်ပြိုင်မှု ပြင်းထန်ခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲသည် ယခင် ၂၀၁၀-၂၀၁၂ ရွေးကောက်ပွဲကဲ့သို့ မဟုတ်ဘဲ တမူထူးခြားခဲ့ပြီး ဆုံးရှုံးမှုများ၊ အကျိုးအမြတ်ဖြစ်ထွန်းမှုများ ထွက်ရှိခဲ့လေ၏။ ဆုံးရှုံးမှုပြင်းထန်ခဲ့သော ၂၀၁၅ ရွေးကောက်ပွဲ တွင် တိုင်းရင်းသားပါတီများအတွက် ထိချက်နာခဲ့ရသည်မှာ ပါတီကွဲခြင်းပြဿနာနှင့် တိုင်းရင်းသားပါတီများ မဲမရခြင်းပင်ဖြစ်ပြီး ပါတီကွဲခြင်းကြောင့် ကြားကားခရီးသည် များခဲ့သည်။ ကြားကားဆွဲသည့်ပြဿနာများ ကြောင့် လွှတ်တော်တွင် ကိုယ်စားပြုမှုများ မပါဝင်နိုင်တော့သည့် အခြေအနေသို့ပင် ဖြစ်သွားခဲ့ပါသည်။ တဖန် အစိုးရသစ်မှ ပြုလုပ်ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံတွင် အနိုင်ရပါတီများသာ တက်ရောက်ခွင့်ရရှိခဲ့သည့်အတွက်ကြောင့် ညီလာခံတွင်လည်း တိုင်းရင်းသားများ၏ ကိုယ်စားပြုမှုများ မပါဝင်နိုင်တော့သည့် အခြေအနေသို့ ဖြစ်ခဲ့ရပြန်ပါသည်။ တချို့တိုင်းရင်းသားတွင် ပါတီမကွဲသော်လည်း ကြိုတင်ပြင်ဆင်မှုအားနည်းခြင်း၊ စည်းရုံးလှုံ့ဆော်နိုင်မှုအားနည်းခြင်း စသည့် အချက်များကြောင့် ရွေးကောက်ပွဲတွင် ခွက်ခွက်လှန်အောင် ရှုံးပွဲနွဲခဲ့ရပါပြီး ကြိုတင်ပြင်ဆင်မှုရှိသော ပါတီအနည်းငယ်သာ ပြန်လည်ပန်းဝင်နိုင်ခဲ့သည်။
စာရေးသူ ကျွန်ုပ်၏ သုံးသပ်တွေ့ရှိချက်များအရ ယှဉ်ပြိုင်မှု ပြင်းထန်သော ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် အကျိုးအမြတ် ထွက်ပေါ်ခဲ့သည်မှာ ပြည်သူလူထုများနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု တိုးလာသည်။ နိုင်ငံရေးသို့ ပါဝင်လှုပ်ရှားမှုရေချိန် တဆင့်မြင့်လာသည်။ ရွေးကောက်ပွဲမတိုင်ခင် မဲစာရင်း ကြေညာချိန်ကာလ မဲစာရင်းတွင် မိမိအမည်ပါမပါ စိတ်ဝင်စားမှု မြင့်မားလာပြီး မဲပေးပုံပေးနည်းများ သင်တန်းအတွက် အချိန်ပေး၍ ပါဝင်လှုပ်ရှားဆောင်ရွက်မှုများ ရှိလာခဲ့သည်။ ပထဝီနယ်မြေ အခြေအနေ အရ ကော်မရှင်မှ မဲရုံဖွင့်လှစ်ထားရှိမှုများအပေါ် စောဒကတက် မေးခွန်းထုတ်တတ်လာသည်။ ရွေးကောက်ပွဲနေ့တွင်လည်း ရွေးကောက်ပွဲအနိုင်အရှုံး ရလဒ်အပေါ် နားစွင့်တတ်လာသည်။ ဤသည်ကား ၂၀၁၅ ရွေးကောက်ပွဲမှ ထွက်ရှိလာသော နိုင်ငံရေးနိုးကြားမှု အသိရေချိန်အကျိုးအမြတ် ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲကြီးသည် အတိတ်မှာပင် ပုံပြင်သဖွယ် ကျန်ရစ်ခဲ့ပြီး ဖြစ်သည်။

အချိန်သည် ကုန်မြန်သည်။ တိုင်းရင်းသားပါတီများ သတိမထားမိ၊ အမှုမဲ့အမှတ်မဲ့ ဖြတ်သန်းလာခဲ့သည်မှာ ၂၀၁၅ ရွေးကောက်ပွဲမှစ၍ ယနေ့အချိန်ထိ (၂၄)လသာသာ ကုန်လွန်ခဲ့ပြီးဖြစ်သည်။ အမှုမဲ့အမှတ်မဲ့ ဖြတ်သန်းကုန်လွန်ခဲ့ပြီဖြစ်သော (၂၄)လသာသာ အချိန်ကာလတွင် တိုင်းရင်းသားပါတီများအနေဖြင့် ပြည်သူ့အကျိုးအတွက် မည်သည့်အရာများကို စွမ်းဆောင်ပေးနိုင်ခဲ့ပြီလဲ၊ မိမိတို့၏ ပါတီပုံရိပ်ကောင်းအောင် ဘယ်အရာတွေက လုပ်ဆောင်ပေးနိုင်သလဲ၊ မိမိတို့၏ ၂၀၂၀ ရွေးကောက်ပွဲအတွက် မည်သည့်အရာကို ကြိုတင်ပြင်ဆင်နိုင်ခဲ့ပြီလဲ ဟူသောမေးခွန်းကို နေ့စဉ်ရက်ဆက် မိမိကိုယ်မိမိ ပြန်လည်မေးမြန်းဆန်းစစ်ရန် လိုအပ်ပြီ ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ရှုံးနှိမ့်၍ ပြာပုံဘဝ ရောက်ခဲ့ရသော်လည်း အတိတ်ကို လွမ်းဆွေးရန်မလိုဘဲ သင်ခန်းစာရယူပြီး ရှေ့သို့ ခရီးဆက်ရန်လိုအပ်ပြီ ဖြစ်သည်။ မိမိပါတီလှုပ်ရှားရာ နယ်မြေအတွင်းရှိ မိဘပြည်သူများအတွက်၊ မိမိလူမျိုးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို တစိုက်မတ်မတ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး မိမိပါတီအမှတ်       ရရှိစေရန်၊ မိမိတို့၏ ပါတီကို ပြည်သူလူထုများ စိတ်ဝင် စားမှု ရှိလာစေရန်၊ ပြည်သူလူထုများမှ မိမိတို့ပါတီကို အစဉ်မျက်မှန်း တမ်းမိစေရန်၊ မိမိတို့ပါတီသည် ပြည်သူလူထုနှင့် တသားတည်းရှိကြောင်းကို အစဉ်တဆက်ပြသနိုင်ရန် အထူးအရေးကြီးလှပြီ ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အောင်မြင်မှုမရရှိခဲ့သည့်  တိုင်းရင်းသားပါတီ များအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများကို အနိုင်ရပါတီများက ဆောင်ရွက်ပေးလိမ့်မည်ဟု ယူဆပါက အမှားကြီးမှားလိမ့်မည်ဖြစ်ပြီး မိမိတို့၏ ပါတီအနာဂတ်အခြေအနေများ ပြိုလဲရန်သာ ဦးတည်သွားလိမ့်မည် ဖြစ်သည်။

လက်ရှိအခြေအနေအရ စာရေးသူ၏ ထင်မြင်ယူဆချက်မှာ တိုင်းရင်းသားနိုင်ငံရေးပါများ(အားလုံးနီးပါး) သည် နိစ္စဓူဝ ပြည်သူလူထု၏အကျိုး၊ လိုအပ်ချက်များထက် လက်ရှိခေတ်စားလျက်ရှိနေသည့် ဖက်ဒရယ်၏ သွားရာလမ်းကိုပင် ပို၍ အာရုံရောက်နေကြပြီး ပို၍ပင် အားသွန်ခွန်စိုက် ဆွေးနွေးလျှောက်လှမ်းနေကြ သည်ကို တွေ့မြင်နေရပါသည်။ ပြည်သူများမှ နေ့စဉ်ခံစားနေရသော အခြေခံစားဝတ်နေရေးပြဿနာများ၊ တိုင်းရင်းသား ပြည်သူများအတွက် ပုံမှန်ဈေးကွက်ရှိသော စိုက်ပျိုးရေးထွတ်ကုန်များ စသည့် ပြည်သူများ၏ အခြေခံလိုအပ်ချက်များကို အားသွန်ခွန်စိုက် ကြိုးစားဆွေးနွေး ဖော်ဆောင်ပေးခဲ့သည်မှာ မရှိသလောက်ပင် ရှားပါသည်။ တိုင်းရင်းသားများအနေဖြင့် ဖက်ဒရယ်ကို လိုချင်သည်မှာမှန်သော်လည်း ဖက်ဒရယ်သည် လက်ရှိမြန်မာနိုင်ငံ၏ အဖြေမှန် ဟုတ်မဟုတ်နှင့် တိုင်းရင်းသားလူမျိုးငယ်များအတွက် မည်ကဲ့သို့ အကျိုး ဖြစ်ထွန်းစေမည်ကို မည်သည့်ပညာရှင်တစ်ဦးတစ်ယောက်မှ ဧကန်မုချ မပြောနိုင်သေးပေ။ တိုင်းရင်းသား ပါတီများသည် ဖက်ဒရယ်ကိစ္စရပ်နှင့်သာ အချိန်ကုန်လွန်လျက်ရှိနေပြီး မိမိပါတီအမှတ် ရရှိစေရန်၊ ၂၀၁၅ ကဲ့သို့ မဟုတ်ဘဲ လာမည့်ရွေးကောက်ပွဲတွင် မိမိတို့ပါတီအနေဖြင့် ပြည်သူထံမှ ထောက်ခံမှုများ ပြန်လည်ရရှိစေရန် စသည့် ဆောင်ရွက်ချက်များ စွမ်းဆောင်နိုင်ခြင်း မရှိသေးပေ။ တိုင်းရင်းသားပါတီများ အနေဖြင့် နေ့စဉ်နှလုံးသွင်း ထားရမည့်အချက်မှာ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ယခု မိမိတို့ အစဉ်အားစိုက်ဆွေးနွေးနေသည့် ဖက်ဒရယ်အကြောင်းအရာများသည် မိမိတို့ပါတီကို မဲထည့်ပေးမည် မဟုတ်ကြောင်းနှင့် ပြည်သူလူထုကသာ မိမိတို့ပါတီကို မဲထည့်ပေးနိုင်မည်ဖြစ်ကြောင်းကို အစဉ်သတိမူ ရမည် ဖြစ်သည်။ ပြည်သူလူထုအပေါ် မိမိတို့ပါတီ၏ ကိုယ်စားပြုမှုသည် ရွေးကောက်ပွဲအနိုင်အရှုံးနှင့် ဆုံးဖြတ်နိုင်သောကြောင့် ရွေးကောက်ပွဲအနိုင်ရရှိမှုမရှိပါက အဆိုပါပါတီသည် ပြည်သူလူထုကို ကိုယ်စားပြုမှုမရှိသည့်ပါတီဟု ကောက်ချက်ချနိုင်သည်။ လက်ရှိအစိုးရဖော်ဆောင်နေသည့် နိုင်ငံရေး လမ်းကြောင်းဒီဇိုင်းအရ ရွေးကောက်ပွဲအနိုင်ရ ပါတီသာလျှင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံသို့ ပါဝင်နိုင်မည်ဖြစ်သောကြောင့် မိမိတို့လူမျိုးကို ကိုယ်စားပြုနိုင်ရန်အတွက် ရွေးကောက်ပွဲအောင်မြင်ရန် အထူးလိုအပ်ပါသည်။ လက်ရှိ အခြေအနေရ တိုင်းရင်းသားပါတီများအနေဖြင့် ဖက်ဒရယ်ဟူသော စကားလုံးကြီးကြီးကိုသာ စွဲကိုင်လျက်ရှိနေပြီး ပြည်သူလူထုနှင့် ထိတွေ့မှုမရှိ အောက်ခြေလွတ်နေကြသည်ကို သတိထားမိဟန်မမူဟု စာရေးသူအနေဖြင့် သုံးသပ်မိပါသည်။ ယခုကဲ့သို့ ခရီးဆက်မည် ဆိုပါက ၂၀၁၅ ရွေးကောက်ပွဲကဲ့သို့ ပြည်သူလူထုထောက်ခံမှု မရရှိဘဲ ဒုံရင်းဒုံရင်းဘ၀နှင့်သာ ပြန်လည်ဖြတ်သန်းရမည့် အနေအထားပင် ဖြစ်သည်။

သို့ဖြစ်၍ ၂၀၂၀ ရွေးကောက်ပွဲကျင်းပရန် (၃၆)လသာ လိုတော့သည်။ တိုင်းရင်းသားပါတီများအနေဖြင့် သတိမမူ၊ အမှုမဲ့အမှတ်မဲ့  ဖြတ်သန်းခဲ့သည်မှာ (၂၄)လသာသာ ကုန်လွန်ခဲ့ပြီ ဖြစ်သည်။ ဖက်ဒရယ်သည် အရေးကြီးသည်မှန်သော်လည်း ဖက်ဒရယ်ဆွေးနွေးမှုကို အနည်းငယ်လျော့ချပြီး မိမိတို့ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြင့် မိမိတို့ ပါတီကို ပြည်သူလူထုမှ လက်ခံလာစေရန်၊ ထောက်ခံလာစေရန်၊ ပြည်သူနှင့် တသားတည်းရှိကြောင်း ပြသနိုင်စေရန်အတွက် ကြိုးစားပြင်ဆင်ရတော့မည် ဖြစ်သည်။

ဖက်ဒရယ်အကြောင်းအရာများကိုသာ ရှေ့တန်းတင်ဆောင်ရွက်ပြီး ပြည်သူလူထုများ၏ နိစ္စဓူဝအကျိုးစီးပွားကို လစ်လျူရှုပါက ၂၀၂၀ တွင် အောင်မြင်နိုင်ရန် ဖြစ်နိုင်စရာ မရှိပေ။ ပြည်သူများအနေဖြင့်လည်း လက်ရှိလွှတ်တော်တွင် မိမိတို့လူမျိုး ကိုယ်စားပြု ပါဝင်မှုအခြေအနေ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံတွင် မိမိတို့လူမျိုး ကိုယ်စားပြု ပါဝင်မှုအခြေအနေများကို သုံးသပ်၍ သင်ခန်းစာရယူနိုင်ရန်လည်း အထူးအရေးကြီးပါသည်။ မည်သို့ပင်ဆိုစေကာမူ ရွေးကောက်ပွဲကျင်းပရန် (၃၆)လသာ ကျန်ရှိတော့သည့် အနေအထားတွင် တိုင်းရင်းသားပါတီများအနေဖြင့် မိမိတို့ပါတီအောင်နိုင်ရေးအတွက် မည်ကဲ့သို့သော ကြိုတင်ပြင်ဆင်မှု များကို ဆောင်ရွက်ထားနိုင်ခဲ့ပြီလဲ၊ မိမိတို့ပါတီသည် ပြည်သူလူထု၏အကျိုးကို မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်ခဲ့ပြီလဲ၊ မိမိတို့ပါတီအနေဖြင့် ပြည်သူလူထုနှင့် တသားတည်းရှိကြောင်းကို ဘယ်လောက်ထိ ပြနိုင်ခဲ့ပြီလဲ ဟူသော မေးခွန်းများသည် တိုင်းရင်းသားပါတီများကို ကျီစယ်လျက် ရှိနေပြီး အဆိုပါမေးခွန်းများကို တိုင်းရင်းသားပါတီများအနေဖြင့် ရဲရဲဝံ့ဝံ့ ဖြေကြားနိုင်ရန် ကြိုးစားသင့်ပြီဖြစ်ကြောင်း တိုက်တွန်းရေးသားရပါသည်။

Kka Sp

Friday, November 24, 2017

မူးယစ်ဆေးဝါးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအကြောင်းသိကောင်းစရာ ဟောပြောပွဲကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်








၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလလ (၂၄) ရက်နေ့၊ ကျောက်တလုံးကြီးမြို့ ၊ အခြေခံပညာအထက်တန်းကျောင်းတွင် အနါဂတ်လူငယ်များလမ်းမှားမရောက်ရန်နှင့် ယာဉ်စည်းကမ်းလမ်းစည်းအကြောင်းကို နားလည်သဘောပေါက်လာစေရန်အတွက် ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန| နယ်မြေရဲစခန်းနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုဌာနချုပ်ရုံးတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးနှင့် ယာဉ်စည်းကမ်း လမ်းစည်းအကြောင်းကိုအကြောင်းသိကောင်းစရာ ဟောပြောပွဲတစ်ရပ်ကို ကျင်းပခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲကို နံနက် ၉း၀၀ အချိန်တွင်စတင်ကျင်းပခဲ့ပြီး ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးစောချမ်းမှ အဖွင့်အမှာစကားပြောကြားရာ
ယနေ့ကျင်းပပြုလုပ်တဲ့ ဟောပြောပွဲသည် အနာဂတ်ခေါင်းဆောင်ကောင်းများဖြစ်သည့် သားရတနာ သမီးရတနာများအတွက် လမ်းမှားမရောက်စေရန်နှင့် နိုင်ငံကြီးသားပီသစွာဖြင့် ယာဉ်စည်းကမ်းလမ်းစည်းအကြောင်းကို သိရှိနားလည်ပြီး ယာဉ်အန္တရာယ်များမဖြစ်ပွားစေရန်အတွက်ရည်ရွယ်၍ ပြုလုပ်ရခြင်းကြောင်း ပြောကြားသွားခဲ့ပါသည်။

ထို့နောက် ကျောက်တလုံးကြီးမြို့ နယ်မြေရဲစခန်းမှ စခန်းမှူးအောင်မျိုးလွင်မှ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာသည့်ဆိုးကျိုးများ ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း မော်တော်ယာဉ်များ မဆင်မခြင်မောင်းနှင်ခြင်းကြောင့် အသက်အန္တရာယ်ထိခိုက် ဆုံးရှုံးမှုများ ပြစ်မှုပြစ်ဒဏ်များကို အသေးစိပ်ဟောပြောပေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသားကျောင်းသူများလည်း စိတ်ပါဝင်စားစွာ တက်ရောက်နားထောင်ခဲ့ကြောင်း၊ အဆိုပါ ဟောပြောပွဲမျိုးကို အစိုးရဌာနဆိုင်ရာနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးတို့ပူးပေါင်းကာ ပင်တွန်ကျေးရွာအုပ်စုနှင့် နောင်ခဲကျေးရွာအုပ်စုတို့တွင် ကျင်းပပြီးစီးခဲ့ပြီးဖြစ်ကြောင်းနှင့် ကျောက်တလုံးကြီးမြို့နယ်အတွင်းရှိ အခြားကျေးရွာအုပ်စုများနှင့် အခြေခံပညာအထက်တန်းကျောင်းများတွင် ဆက်လက်ပြုလုပ်ရန်အစီအစဉ်ရှိပါကြောင်း သတင်းရရှိပါသည်။

ခွန်ယွေးယဲင် ခမ်းစန္တာ;ဟေ့,

Thursday, November 23, 2017

ဒေသဦးစီးဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များ နောင်တရားဒေသရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆက်လက် ကွင်းဆင်းကြည့်ရှု


တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၃)ရက်







ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်နှင့် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့သည် ဒေသဖွံ့ဖြိုးတိုးတက်ရန်နှင့် ဒေသလိုအပ်ချက်များတင်ပြနိုင်ရန် ရည်ရွယ်၍ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ(၂၀) ရက်နေ့မှ (၂၃)ရက်နေ့အထိ ပင်လောင်းမြို့နယ်တွင် ဌာနဆိုင်ရာတွေ့ဆုံပွဲများ ကျင်းပပြီး ဒေသတွင်း ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုရာမှ ဒီကနေ့တွင် နောင်တရားဒေသရှိ ဆောင်ရွက်နေသော လုပ်ငန်းများကို ဆက်လက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်နှင့် အဖွဲ့များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ ပင်လောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်မောင်သောင်း၊ ပင်လောင်းမြို့နယ် မဲဆန္ဒနယ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်စောအောင်၊ ဒေသဦးစီးရုံးနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ တာဝန်ရှိသူများ လိုက်ပါခဲ့ကြောင်း သိရသည်။ ဒီကနေ့ ဒေသဦးစီးဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့သည် နံနက်((၈း၀၀)နာရီအချိန်တွင် တီကျစ်မြို့၊ နဂါးဘိလပ်မြေစက်ရုံမှ (Pilot Project) ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသော လွယ်မောကျေးရွာအုပ်စု၊ ကောင်ခယ်ရွာသို့ သွားရောက်ပြီး (၈း၂၀)မိနစ်တွင် ကောင်ခယ်ရွာကို ရောက်ရှိခဲ့ပါသည်။ ထို့နောက် ဧဒင်စွမ်းအင်ကုမ္ပဏီ လီမီတက်မှ တာဝန်ယူဆောင်ရွက်နေသော ကောင်ခယ်-ခွန်ဒုံ-ထီလျော မြေသားလမ်း အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဆက်လက်၍ ဒေသဦးစီးဥက္ကဋ္ဌအဖွဲ့သည် ကောင်ခယ်ရွာ မူလတန်းကျောင်းသို့ သွားရောက်ပြီး ဆရာ/မများနှင့် ကျောင်းသား/သူများကို အားပေးအမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ကောင်ခယ်ရွာတွင် မိဘပြည်သူများ စုဝေးပြီး တွေ့ဆုံပွဲ ပြုလုပ်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မိမိတို့ ကွင်းဆင်းကြည့်ရှုရခြင်းအကြောင်းအရာများ၊ မိဘပြည်သူများလိုအပ် ချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီများကို သော်လည်းကောင်း၊ ဒေသခံမိဘပြည်သူများကိုသော်လည်းကောင်း လိုအပ်သည်များ မှာကြားပြီး အားပေးအမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ဒေသဦးစီးဥက္ကဋ္ဌနှင့်အဖွဲ့သည် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ (တီကျစ်)သို့ (၁၀း၄၀)မိနစ်တွင် ရောက်ရှိပြီး စက်ရုံရှိ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ စက်ရုံလည်ပတ်မှု အခြေအနေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုလုပ်ငန်းများ၊ စက်ရုံစွန့်ပစ္စည်းထိန်းသိမ်းမှုလုပ်ငန်းများ၊ ဓာတ်အားထုတ် လုပ်မှု အခြေအနေများကို တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထို့နောက် ဒေသဦးစီးဥက္ကဋ္ဌနှင့်အဖွဲ့သည် Wuxi Hua Guang (Myanmar) Co.,Ltd မှ တာဝန်ယူဆောင်ရွက်နေသည့် ဓာတ်အားပေးစက်ရုံကို သော်လည်းကောင်း၊ စက်ရုံစွန့်ပစ္စည်းများ စွန့်ပစ်မှုများကို သော်လည်းကောင်း၊ ဧဒင်စွမ်းအင်ကုမ္ပဏီပိုင် တီကျစ်ကျောက်မီးသွေး မိုင်းကို သော်လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ညနေ (၄း၀၀)အချိန်တွင် တောင်ကြီးသို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

နဂါ့ခွန်

ဒေသဦးစီးဥက္ကဌနှင့်လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့က ရွှေဘုန်းပွင့်ပညာဒါနကျောင်းရှိ ကျောင်းသား/သူများ တွေ့ဆုံ အားပေးစကားပြောကြား

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်








ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ ပင်လောင်းမြို့နယ်၌ ကွင်းဆင်းရောက်ရှိနေသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရဒေသဦးစီးဥက္ကဌ ဖြားခွန်စံလွင် နှင့် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့သည် ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ(၂၂)၊ ဗုဒ္ဓဟူးနေ့၊ (၈း၁၅)နာရီအချိန်တွင် ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ ဘုန်းတော်ကြီး ဦးဆောင်၍ ဖွင့်လှစ်ထားသော ရွှေဘုန်းပွင့်ပညာဒါန ကျောင်းရှိ ကျောင်းသား/သူများကို တွေ့ဆုံပြီး အားပေးအမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါ တွေ့ဆုံမှုတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌ ဖြားခွန်စံလွင်နှင့်အဖွဲ့များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ ပင်လောင်းမြို့နယ် မဲဆန္ဒနယ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်စောအောင်၊ ဒေသဦးစီးရုံးနှင့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)မှ တာဝန်ရှိသူများ လိုက်ပါခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံရာတွင် ဒေသဦးစီးဥက္ကဌ ဖြားခွန်စံလွင်က ယခုကဲ့သို့ ပင်လောင်းမြို့နယ်သို့ လာရောက်ရခြင်းမှာ ဒေသတွင်းရှိ ဆောင်ရွက်နေသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းလေ့လာခြင်း ဖြစ်ကြောင်း၊ ထို့ပြင် မိဘပြည်သူများ၏ လိုအပ်ချက်များကို သိရှိနိုင်ရန်နှင့် နောင်တရားဒေသရှိ (Pilot Project)ကြောင့် ဆောင်ရွက်နေသော ဘိန်းအစားထိုးလုပ်ငန်းများကို ကြည့်ရှုလေ့လာခြင်းဖြစ်ကြောင်း၊ ဘုန်းတော်ကြီးအနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်ပေးသည်မှာ အလွန်ပင် ၀မ်းမြှောက်မိပါကြောင်း၊ မိမိတို့အနေဖြင့် တတ်နိုင်သည့်ဘက်တွင် ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် ပညာများကို ကြိုးစားအားထုတ်စေလိုကြောင်း၊ ပညာတတ်ဘွဲ့ရပြီးပါက မိမိတို့ပအိုဝ်းဒေသအတွက်သာမက နိုင်ငံ့အကျိုးအတွက် အစိုးရ၀န်ထမ်းများ ထမ်းဆောင်စေလိုကြောင်း၊ ယခုနှစ်တွင် အောင်ချက်မြင့်မားအောင် အားလုံးကြိုးစားစေလိုကြောင်း အားပေးအမှာစကား ပြောကြားခဲ့သည်။

ထို့ပြင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံး၊ နိုင်ငံတကာဆက်ဆံရေးဌာနမှူး ဆရာ ခွန်ကြည်ကလည်း ယခုလက်ရှိ ကျောင်းသား/သူများအနေဖြင့် သင်ယူနေသော တက္ကသိုလ်ဝင်တန်း စာမေးပွဲသည် ဘ၀၏ အဆုံးအဖြတ်ပေးသောအရာ မဟုတ်ကြောင်း၊ သို့သော်လည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲသည် ကျယ်ပြန့်သာယာလှသော ဘ၀ခရီးလမ်းကို လျှောက်လှမ်းရာတွင် လှေကားထစ်တစ်ခုပင် ဖြစ်ကြောင်း၊ ထို့ကြောင့် ဆယ်တန်းစာမေးပွဲကို အောင်မြင်အောင် ကြိုးစားအားထုတ်စေလိုကြောင်း၊ ပညာတတ်မှ မြင်ကွင်းကျယ်မည်ဖြစ်ပြီး အခွင့်အရေးများကို မြင်နိုင်မည် ဖြစ်ကြောင်း၊ ပညာရေးသည်သာ လောကကြီးကို ပြောင်းလဲနိုင်သည့် လက်နက်တစ်ခုဖြစ်သည်ဟု ပညာရှိအဆိုများရှိခဲ့ကြောင်း၊ မိမိအနေဖြင့် English Speaking နှင့်ပတ်သက်၍ ကူညီနိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း အားပေးအမှာစကား ပြောကြားခဲ့သည်။ အဆိုပါ ရွှေဘုန်းပွင့်ပညာဒါနကျောင်းတွင် တက္ကသိုလ်ဝင်တန်းကျသော ကျောင်းသား/သူများက ယခုနှစ်တွင် (၃၁၂)ဦးရှိပြီး ယခုလက်ရှိတွင် ဆရာ/မ(၂၈)ဦးတို့က သင်ကြားနေကြောင်း၊ အရင်နှစ် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ကျောင်းသား/သူ(၂၁၃)ဦး ဖြေဆိုရာမှ (၁၁၉)ဦး အောင်မြင်ခဲ့ကြောင်း၊ အဆိုပါ ရွှေဘုန်းပွင့်ပညာဒါနကျောင်းကို အလှူရှင် စင်ဖါအောင်ရွှေ+ စင်မွိုးမသန်းတို့ မိသားစုက ဆောက်လုပ်လှူဒါန်း ထားကြောင်း သိရှိရသည်။

ခွန်ထင်;ထို

Wednesday, November 22, 2017

ဒေသဦးစီးဥက္ကဋ္ဌနှင့်လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့များ တီကျစ်တွင် သီတင်းသုံးစမ္ပယ်လျှက်ရှိသော ကျောက်စာတည် ဖောင်တော်ဦးဘုရားအား သွားရောက်ဖူးမျှော်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၃)ရက်





ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ ပင်လောင်းမြို့နယ် မဲဆန္ဒနယ်(၂)ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ခွန်စောအောင်၊ ဒေသဦးစီးရုံးနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ တာဝန်ရှိသူများ သည် (၂၂-၁၁-၂၀၁၇)ခုနှစ်၊ ဗုဒ္ဓဟူးနေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ တီကျစ်မြို့၊ တီကျစ်မြို့မကျောင်းတိုက်ရှိ သီတင်းသုံးစမ္ပယ်လျှက်ရှိသော “ကျောက်စာတည် ဖောင်တော်ဦး ဘုရား”အား သွားရောက် ဖူးမျှော်ခဲ့ကြောင်း သိရှိရသည်။

ဒေသဦးစီးဥက္ကဋ္ဌဖြားခွန်စံလွင်နှင့်အဖွဲ့သည် ညနေ (၄း၀၀)အချိန်တွင် တီကျစ်မြို့မ ကျောင်းတိုက်သို့ ရောက်ရှိခဲ့ပြီး အလှူငွေပေးအပ်လှူဒါန်းခြင်းနှင့် ဘုရားဖူးလာ မိဘပြည်သူများနှင့်တကွ ကျောင်းထိုင်ဆရာတော် ထံမှ ငါးပါးသီလခံယူခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ ကျောက်စာတည် ဖောင်တော်ဦးဘုရားကို ကလောမြို့နယ်၊ နန်းနိုင်ကျေးရွာအုပ်စု၊ မြင်းကကျေးရွာမှ နေထိုင်သူ ဖိုးရန်အောင်(ခ) ဖိုးထီးက အလောင်းပေါက်ရွာ၏ မြောက်ဘက်(၉)မိုင်ခန့် အကွာအဝေးတွင် တည်ရှိသော ဆင်တောင်ဘူတာသို့ သွားသော တောလမ်းတွင် တည်ရှိသည့် မိမိ၏ တောင်ယာတဲဘေးတွင် တူးဖော်တွေ့ရှိခဲ့ပြီး အင်းလေးဖော်တော်ဦး ရုပ်ပွားတော်မြတ်နှင့်သဏ္ဍာန်တူ သောကြောင့် “ကျောက်စာတည် ဖောင်တော်ဦးဘုရား”ဟု ခေါ်ဆိုပူဇော်ခဲ့ကြောင်း၊ ထိုသို့ တူးဖော်တွေ့ရှိသည့် ဘုရားရုပ်ပွားတော်ကို ယာယီတဲအသစ်ပြုလုပ်၍ နေ့စဉ် ဆွမ်းကပ်ခြင်း၊ တောတွင်းတွင် ပေါက်သည့်ပန်းများဖြင့် ဆက်ကပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ၊ တွေ့ရှိပြီး(၁၁)ရက်မြောက်နေ့တွင် ဖိတ်ကြားခြင်းမရှိဘဲ အနီးအနာရှိ မိဘပြည်သူများ လာရောက်ဖူးမျှော်ကြကာ ထို့နောက် မိဘနှင့် ဆရာတော်အား လျှောက်ထားအသိပေးပြီး သီတင်ကျွတ်လပြည့်(၅-၁၀-၂၀၁၇)ရက်နေ့တွင် တီကျစ်မြို့မကျောင်းသို့ ပင့်ဆောင်ခဲ့ကြောင်းသိရသည်။ ယခုအခါ ရပ်ဝေးမှ ဘုရားဖူးများလည်း လာရောက်ဖူးမျှော်နေကြောင်းသိရသည်။

အဆိုပါ ကျောက်စာတည် ဖောင်တော်ဦးဘုရားနှင့် ပတ်သက်၍ သတင်းဖြန့်ခြင်း၊ ယုံကြည်အောင် ပြောဆိုခြင်း၊ စည်းရုံးခြင်းများ မပြုလုပ်ခဲ့ပါကြောင်း၊ ဘုရားဖူးလာရောက်သူများနှင့် ယုံကြည် ကြည်ညိုသူများမှ လူမှုမီဒီယာမှတစ်ဆင့် အချင်းချင်း သတင်းဖလှယ်ခြင်းဖြင့် လူသိများကာ ကျော်ကြားလာခြင်းဖြစ်ကြောင်း၊ ရုပ်ပွားတော်တွေ့ရှိသည့်ဖြစ်စဉ်နှင့် ထူးခြားဖြစ်စဉ်များကို မှန်မှန်ကန်ကန် မှတ်တမ်းတင်၍ သက်ဆိုင်ရာများကို ရှင်းလင်းတင်ပြနိုင်ရန်အတွက် ဆရာတော်၊ ဂေါပကအဖွဲ့များနှင့် တာဝန်ရှိသူများ ဆောင်ရွက်နေပါကြောင်း ဘုရားဂေါပကအဖွဲ့က ထုတ်ပြန်ထားကြောင်း၊ ယခုအခါ အဆိုပါကျောက်စာတည် ဖောင်တော်ဦးဘုရားကို တီကျစ်မြို့မကျောင်းတိုက်တွင် ထားရှိပူဇော်ခြင်းနှင့် ပတ်သက်၍ အငြင်းပွားမှုအနည်ငယ်ရှိနေကြောင်း သိရသည်။

နဂါ့ခွန်

“လူဆိုးတွေ လူကောင်းကို မနိုင်အောင် လူကောင်းတွေများများ မွေးထုတ်ဖို့ လိုအပ်ကြောင်း” ဒေသဦးစီးဥက္ကဋ္ဌ ပြောကြား

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၃)ရက်





ဒေသဖွံ့ဖြိုးတိုးတက်ရန်နှင့် ဒေသလိုအပ်ချက်များကို သိရှိနိုင်ရန် ရည်ရွယ်၍ ပင်လောင်းမြို့နယ်သို့ ကွင်းဆင်းရောက်ရှိနေသော ဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်သည် ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ပင်လောင်းမြို့နယ်၊ ပေါအင်ကျေးရွာအုပ်စု၊ ထီရယ်ကျေးရွာတွင် ပြုလုပ်သော လူထုတွေ့ဆုံပွဲတွင် ဒေသဦးစီးဥက္ကဋ္ဌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုတွေ့ဆုံပွဲတွင် ဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်က မူးယစ်ဆေးဝါး အန္တရာယ်နှင့် ပတ်သက်၍ “ ကျွန်တော်တို့ မိဘပြည်သူများအနေနဲ့ မိဘ၀တ္တရားကျင့်ဝတ်များအတိုင်း ကိုယ့်ကလေးတွေကို နိုင်ငံအကျိုးထမ်းဆောင်နိုင်တဲ့သူ၊ ဒေသအကျိုးသယ်ပိုးနိုင်တဲ့သူဖြစ်အောင် သွန်သင်ဆုံးမဖို့ လိုအပ်ပါတယ်၊ ဒါမှသာ ရပ်ရွာအေးချမ်းတိုးတက်နိုင်မှာ ဖြစ်တယ်၊ အခုဆိုရင် မိမိတို့ဒေသမှာရော၊ မြန်မာနိုင်ငံအခြားဒေသမှာပါ မူးယစ်ဆေးဝါးကို လွယ်လွယ်နဲ့ ရနေတော့ လူကောင်းတွေက လူဆိုးတွေကို ကြောက်နေရတဲ့ အနေအထား ဖြစ်နေလိမ့်မယ်။ ဒါကြောင့် လူဆိုးတွေက လူကောင်းတွေကို မလွမ်းမိုးနိုင်အောင် ကျွန်တော်တို့ လူကောင်းမျိုးဆက်သစ်တွေကို များများမွေးထုတ်ဖို့ လိုအပ်ပါတယ်” ဟု ၄င်းက ဤသို့ ပြောကြားခဲ့သည်။

ထို့ပြင် ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်မောင်သောင်းကလည်း မူးယစ်ဆေးဝါးသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အဟန့်အတားဖြစ်သောအရာ ဖြစ်ကြောင်း၊ နောင်တရားဒေသသည် စီးပွားရေးအခြခံကောင်းသော နေရာတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ဖွံ့ဖြိုးမှုကို နှောက်ယှက်နေသော မူးယစ်ဆေးဝါးပပျောက်အောင် ၀ိုင်းဝန်းကာကွယ်ရမည် ဖြစ်ကြောင်း၊ ယခုလက်ရှိ မိမိတို့ လွှတ်တော်တွင် မူးယစ်ဆေးဝါး ဥပဒေကို ပြင်ဆင်လျက်ရှိပြီး အဆိုပါ ဥပဒေသည် ထောင်ဒဏ် သာမက လူမှုရေးပြစ်ဒဏ်ပါ ပါရှိကြောင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

ယခုလက်ရှိ နောင်တရားဒေသအတွင်းရှိ ဖွံ့ဖြိုးမှုနောက်ကျနေသော ကျေးရွာအုပ်စု (၄)အုပ်စုဖြစ်သည့် ပေါအင်း၊ ပင်ခင်၊ မွေးပင်၊ လွယ်မော ကျေးရွာအုပ်များတွင် (Pilot Project)ဖြင့် (၃)နှစ် စီမံကိန်း လုပ်ဆောင်နေပြီး ထိုစီမံကိန်းတွင် ဘိန်းအစားထိုး စီမံချက်များလည်း ပါရှိကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေကလည်း မိမိတို့ပအိုဝ်းလူမျိုးများအနေဖြင့် ပညာရေးကို ဦးစားပေးပြီး အစိုးရဌာနဆိုင်ရာများတွင် တာဝန်ထမ်း ဆောင်စေလိုကြောင်း၊ မိမိတို့ မြို့နယ်၊ မိမိတို့ကျေးရွာသည် မိမိတို့သာ အသိဆုံးဖြစ်သောကြောင်း အစိုးရဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်ခြင်းအားဖြင့် မိမိတို့ဒေသသည်လည်း တိုးတက်မှုမြန်ဆန်မည် ဖြစ်ကြောင်း၊ မိမိတို့ဒေသ တိုးတက်ရန်အတွက် အစဉ်အမြဲ စည်းလုံးညီညွတ်နေရမည် ဖြစ်ကြောင်း အားပေးအမှာစကား ပြောကြားခဲ့သည်။

အဆိုပါ ထီရယ်ကျေးရွာ ပြည်သူလူထု တွေ့ဆုံပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်နှင့်အဖွဲ့များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်မောင်သောင်း၊ ပင်လောင်းမြို့နယ် မဲဆန္ဒနယ်(၁)၊(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်လှဆန်း၊ ခွန်စောအောင် ဒေသဦးစီးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ တာဝန်ရှိသူများ လည်း လိုက်ပါတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ခွန်ထင်းလေအောင်း

ဒေသဦးစီးဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ နောင်တရားမြို့ရှိ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများအား ဆက်လက် တွေ့ဆုံပွဲ ပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၃)ရက်







ဒေသဖွံ့ဖြိုးတိုးတက်ရန်နှင့် ဒေသလိုအပ်ချက်များကို သိရှိနိုင်ရန် ရည်ရွယ်၍ ပင်လောင်းမြို့နယ်သို့ ကွင်းဆင်းရောက်ရှိနေသော ဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်နှင့် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့သည် ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ရှိ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖမိဘပြည်သူလူထုများအား တွေ့ဆုံပွဲ ဆက်လက် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဌာနဆိုင်ရာများနှင့် ပြည်သူလူထု သွားရောက်တွေ့ဆုံမှုတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်နှင့်အဖွဲ့များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြားခွန်မောင်သောင်း၊ ပင်လောင်းမြို့နယ် မဲဆန္ဒနယ်(၁)၊(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်လှဆန်း၊ ခွန်စောအောင် ဒေသဦးစီးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ တာဝန်ရှိသူများ လည်း လိုက်ပါတက်ရောက်ခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ယခုကဲ့သို့ နောင်တရားမြို့ရှိ ဌာနဆိုင်ရာများနှင့် မိဘပြည်သူများကို လာရောက်တွေ့ဆုံရခြင်းမှာ မိဘပြည်သူများ၏ လိုအပ်ချက်များကို သိရှိနိုင်ရန်နှင့် နောင်တရားဒေသရှိ (Pilot Project)ကြောင့် ဆောင်ရွက်နေသော ဘိန်းအစားထိုးလုပ်ငန်းများကို ကြည့်ရှုလေ့လာခြင်းဖြစ်ကြောင်း၊ ယခုလက်ရှိတွင် နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးကို အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိပြီး အခြားနိုင်ငံများနည်းတူ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေပါကြောင်း၊ ထို့အတူ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အနေဖြင့်လည်း ဒေသဖွံ့ဖြိုး တိုးတက်ရန်အတွက် ဥာဏ်စွမ်း၊ ကိုယ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်နေပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်မှသော်လည်းကောင်း၊ ဌာနဆိုင်ရာများနှင့်သော်လည်းကောင်း၊ နိုင်ငံတကာ၏အကူအညီများနှင့်သော်လည်းကောင်း ပူးပေါင်း၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တိုင်းရင်းသားများအားလုံးအတွက် ဖွံ့ဖြိုးတိုးတက်ရန် ကြိုးစားဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးကောင်းမှသာလျှင် လူနေမှုမြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် နောင်တရား ပညာရေး အောင်ချက်မြှင့်မားစေရန် ဆရာ/မများအနေဖြင့် ကြိုးစားအားထုတ်စေလိုကြောင်း၊ ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးများကို ကလေးငယ်တိုင်း ထိုးနိုင်ရန် ၀ိုင်းဝန်းတိုက်တွန်းစေ လိုကြောင်း အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေက နောင်တရားမြို့ ဖြစ်ပေါ်လာပုံကို သော်လည်းကောင်း၊ ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်မောင်သောင်းက မိမိတာဝန်ထမ်းဆောင်နေသော လွှတ်တော်အကြောင်း၊ ဒေသတွင်း မူးယစ်ဆေးဝါးနှင့် စီးပွားရေးအကြောင်းနှင့် လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြောင်းများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ဌာနဆိုင်ရာ အသီးသီးတို့မှ မိမိတို့ဆောင်ရွက်နေသော လုပ်ငန်းများကို ရှင်းလင်းတင်ပြကာ ရပ်မိရပ်မိဘပြည်သူများက မိမိတို့ကျေးရွာအတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များကို တင်ပြခဲ့ကြပါသည်။

ဆက်လက်၍ ဒေသဦးစီးနှင့် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့သည် ပေါအင်ကျေးရွာအုပ်၊ ထီရယ်ကျေးရွာ (အ.ထ.က)ခွဲ ကျောင်းသို့ သွားရောက်ပြီး ဆရာ/မများနှင့် ကျောင်းကော်မတီများအား တွေ့ဆုံပြီး ကျောင်းလိုအပ်ချက်များကို ဆွေးနွေးခဲ့ကြောင်း၊ ထို့နောက် ထီရယ်ကျေးရွာတွင် နေ့လယ်စာ သုံးဆောင်ပြီး ထီရယ်ရွာရှိ မန္တလေးနည်းပညာတက္ကသိုလ်တက်ရောက်မည့် ထီရယ်ရွာသူမလေး နင်းမြခင်အား ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

နဂါ့ခွန်

Powered by Blogger.