Thursday, July 30, 2015

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီက ၂၀၁၅ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်း

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဇူလှိုင်လ (၃၀) ရက်

ဝဲယာမှ - ဦးခွန်သိန်းဖေ၊ ဦးခွန်သန်းထူး
၂၀၁၅ ခုနှစ် နိုဘာလ (၈) ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကြေညာ ပေးထားသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံးမြို့နယ်အတွက် အမျိုးသားလွှတ်တော် အနေဖြင့်လည်းကောင်း၊ ပြည့်သူ့လွှတ်တော် အနေဖြင့်လည်းကောင်း၊ ပြည်နယ် လွှတ်တော်အနေဖြင့်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ရန် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက် မွန်းလွဲ (၁း၃၀) ၀န်းကျင်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊  မြို့နယ်အထွေအထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ မြို့နယ် ကော်မရှင်ရုံးသို့ သွားရောက်၍ ကိုယ်စားလှယ်လောင်း လျှောက်လွှာများကို တင်သွင်းခဲ့ကြပါသည်။


ဝဲယာမှ - ဦခွန်လှဆန်း၊ ဦးခွန်မောင်ပယ်၊ ဦးခွန်လှသိန်း
ရှေးဦးစွာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ ကိုယ်စားလှယ်လောင်းများသည်  ကိုယ်စား လှယ်လောင်းများ လျှောက်လွှာတင်သွင်းရန်နှင့် ပတ်သက်၍ ဟိုပုံးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ကိုယ်စားလှယ်လောင်းများအတွက် အမခံကြေး (၃) သိန်းစီ တင်သွင်းပြီး ဘဏ်မှ တင်သွင်းသည့် ချာလန်ကို ရယူကာ မြို့နယ် တရားရုံးသို့ သွားရောက်၍ ကိုယ်ရေးအချက်အလက်များ ဖြည့်စွက်ပြီး ထိုမှတဆင့် မြို့နယ်ကော်မရှင်ရုံးသို့ သွားရောက် လျှောက်လွှာတင်သွင်းခဲ့ကြပါသည်။

ဝဲယာမှ - ဦးခွန်မောင်သောင်း၊ ဦးခွန်အောင်ကျော်၊ ဦးခွန်စောအောင်
ထိုသို့ သွားရောက်လျှောက်လွှာတင်သွင်းရာတွင် ၂၀၁၅ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၃) မြို့နယ်အတွက် အမျိုးသားလွှတ်တော်အနေဖြင့် ဦးခွန်သိန်းဖေ၊ ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်အနေဖြင့် ဦးခွန်မောင်သောင်း၊ ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော် အဖြင့် ဦးခွန်အောင်ကျော်၊  ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော် အနေဖြင့် ဦးခွန်သန်းထူး၊ ဆီဆိုင်မြို့နယ်  မဲဆန္ဒနယ်(၁)တွင် ပြည်နယ်လွှတ်တော်အနေဖြင့် ဦးခွန်လှသိန်း၊ မဲဆန္ဒ(၂)တွင် ဦးခွန်မောင်ပယ်၊ ဟိုပုံးမြို့နယ် မဲဆန္ဒနယ်(၁)တွင် ပြည်နယ်လွှတ်တော် အနေဖြင့် ဦးခွန်မောင်ဖြူ၊ မဲဆန္ဒနယ်(၂)တွင် ဦးခွန်စံလွင်၊ ပင်လောင်းမြို့နယ် မဲဆန္ဒနယ်(၁)တွင် ပြည်နယ်လွှတ်တော်အနေဖြင့် ဦးခွန်လှဆန်း၊ မဲဆန္ဒနယ်(၂)တွင် ဦးခွန်စောအောင် တို့ ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ထို့အပြင် တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီမှ ဦးခွန်ဝင်းကိုက ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။ ပအိုဝ်းအမျိုးသားများ အများစုနေထိုင်ရာ အချို့ပြည်နယ်နှင့် တိုင်းများရှိ မြို့နယ်တချို့တွင်လည်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ရန်ရှိကြောင်းလည်း ထပ်မံသိရှိရပါသည်။

ဝဲယာမှ- ဦခွန်သန်းထူး၊ ဦးခွန်မောင်သောင်း၊ ဦးဖြူ၊ ဦးခွန်သိန်းဖေ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းနှင့် ပတ်သက်၍ ၂၀၁၅ ခုနှစ် ဇူလိုင်လ (၂၀) မှ သြဂုတ်လ (၈) အထိ ရက်သတ်မှတ်ပေးထားကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများ စိစစ်မည့်နေ့ကို သြဂုတ်လ(၁၂)ရက်မှ (၂၁)ရက်နေ့အထိ ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။


ခွန်ထင်းလေအောင်း


Tuesday, July 28, 2015

ဖက်ဒရယ်ယူနီယံပါတီတွင် မိခင်ပါတီအဖြစ် ပါဝင်ခဲ့ခြင်း မရှိကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီမှ ပြန်လည်အကြောင်းကြား

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်
၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့၊ တောင်ကြီးမြို့၊ ဖက်ဒရယ်ယူနီယံပါတီ ရုံးဖွင့်ပွဲမှ ဖြန့်ဝေသော ဖက်ဒရယ်ယူနီယံပါတီ၏ ပါဝင်သောမိခင်ပါတီများစာရင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီ ပါဝင်နေပါသည်။ သို့ဖြစ်ပါ၍ ဖက်ဒရယ်ယူနီယံပါတီတွင် မိခင်ပါတီအဖြစ် ပါဝင်ခဲ့ခြင်း မရှိကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီမှ အောက်ပါအတိုင်း  ပြန်လည်အကြောင်းကြားအပ်ပါသည်။







ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံးတွင် မြို့နယ်တာဝန်ခံများအား ရွေးကောက်ပွဲဆိုင်ရာ မဲအောင်နိုင်ရေး အစည်းအဝေပြုလုပ်

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်




ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံးတွင် မြို့နယ်တာဝန်ခံများအား ရွေးကောက်ပွဲဆိုင်ရာ မဲအောင်နိုင်ရေး အစည်းအဝေးပွဲတစ်ရပ်ကို ၂၀၁၅ ခုနှစ်၊ဇူလိုင်လ(၂၈) ရက်နေ့တွင် ကျင်းပခဲ့ပါသည်။
အစည်းအဝေးပွဲသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) နာယက၊ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးချုပ်၊ တွဲဘက်အတွင်းရေးမှူးများနှင့် နမ့်စန်၊ ပင်လုံ၊ လွိုင်လင်၊ တောင်ကြီး၊ ကလော၊ ရပ်စောက်၊ ကျောက်တလုံးကြီး၊ မောက်မယ်၊ ညောင်ရွှေ၊ မြို့နယ်အသီးသီးတို့မှ မြို့နယ်တာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။ ၎င်းအစည်းအဝေးပွဲတွင် မြို့နယ်တာဝန်ခံများအနေဖြင့် မိမိတို့မြို့နယ် ကျေးရွာအုပ်စု အတွင်းရှိ ပြည်သူလူထုများအား မဲပေးပုံပေးနည်းများ စည်းရုံးရေးနည်းလမ်းများ စနစ်တကျဖြစ်စေရန် စသည့်အကြောင်းအရာတို့ကို ဆွေးနွေးတိုင်ပင်ညှိ့နိုင်းခဲ့ကြောင်း သိရှိရပါသည်။

အောင်ထွိုက်ဗွေ
   

Monday, July 27, 2015

ပါလောပါကယ်ကျေးရွာအုပ်စု၊ နောင်အယ် ရွာသူရွာသားများ စုပေါင်းသစ်ပင်စိုက်ပျိုး

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်




၂၀၁၅ ခုနှစ်၊ ဇူလိုင်လ(၂၄)ရက်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ နောင်အယ်ရွာ အနီးတွင် ရွာသူရွာသားများ စုပေါင်း၍ သစ်ပင်များ စိုက်ပျိုးခဲ့ကြပါသည်။
ထိုသို့ စိုက်ပျိုးရာတွင် ကျွန်း(၅၀၀)၊ ယူကလစ်(၃၀၀)၊ ပင်းကဒိုး(၁၅၀)၊ ထင်းရှုး(၁၅)နှင့် အခြားသော အပင်များပါကြောင်း၊ သစ်ပင်ပေါင်း(၁၀၀၀)ကျော် စိုက်ပျိုးခဲ့ကြောင်းနှင့် ထိုမျိုးပွားပင်များကို သစ်တောဦးစီးဌာနက ပေးအပ်ကြောင်း သိရှိရပါသည်။
 
ခွန်ထွန်းလေး (ဆီဆိုင်)

Sunday, July 26, 2015

ပအိုဝ်းလူငယ်ကွန်ယက်(PYN)နှင့် ငြိမ်းဖောင်ဒေးရှင်အဖွဲ့တို့မှ ပူးပေါင်းကျင်းပသော၊ မဲဆန္ဒရှင်ပြည်သူများ မဲပညာရပ်ဆိုင်ရာ အသိပေးခြင်း

 တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်
ပအိုဝ်းလူငယ်ကွန်ယက်(PYN)နှင့် ငြိမ်းဖောင်ဒေးရှင်အဖွဲ့တို့မှ ပူးပေါင်းကျင်းပသော၊ မဲဆန္ဒရှင်ပြည်သူများ မဲပညာရပ်ဆိုင်ရာ အသိပေးခြင်းသင်တန်းကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်နေ့တွင် ပေါမူ၊ တောင်ကြီးမြို့နယ်၊ ဇူလိုင်လ (၂၉) ရက်နေ့တွင် ပင်လောင်းမြို့နယ်၊ ဇူလိုင်လ (၃၀) ရက်နေ့တွင် နောင်တရားမြို့နယ်၊ ဇူလိုင်လ (၃၁) ရက်နေ့တွင် ဟိုပုံးမြို့နယ် တို့တွင် ပို့ချသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ ပိုချမည့်အကြောင်းအရာများကို အောက်ပါတွင် အပြည့်အစုံဖော်ပြထားသည်။
မဲဆန္ဒရှင် (သို့) မဲပေးသူများ၏ အခန်းကဏ္ဍ
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ
အောက်ပါအရည်အချင်း နှင့်ပြည့်စုံသူများသည်
အမျိုးသား၊ အမျိုးသမီးမရွေး၊ ဘာသာမရွေးရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။ရွေးကောက်ပွဲကျင်းပသည့် နေ့တွင် အသက် (၁၈)နှစ်ပြည့်ပြီးဤဥပဒေပါပြဌာန်းချက်များ နှင့် မဆန့် ကျင်သော
နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူသက်ဆိုင်ရာမဲစာရင်းတွင်ပါဝင်သူ
ူအမျိုးသားလွှတ်တော်၊ ပြည်သူလွှတ်တော်၊ ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ-၆။(က)၊(ခ)]
ဆန္ဒမဲပေးပိုင်ခွင့်မရှိသူများ၊
အောက်ပါပုဂ္ဂိုလ်များသည် ရွေးကောက်ပွဲတွင်ဆန္ဒမဲပေးပိုင်ခွင့်မရှိစေရ-
    (က)သာသနာ့ဝန်ထမ်း
(ခ) ထောင်ဒဏ်ကျခံနေရသူ
(ဂ) စိတ်ပေါ့သွပ်နေသူ
(ဃ) လူမွဲအဖြစ်ကြေငြာခြင်းခံရသူ
(င) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာဥပဒေအရတားမြစ်ခြင်းခံရသူ
(စ) နိုင်ငံခြားသား (သို့) နိုင်ငံခြားသားအဖြစ်ခံယူထားသူ

မဲစာရင်းပြုစုခြင်းနှင့် မဲဆန္ဒရှင်များ၏အခန်းကဏ္ဍ

•    လွှတ်တော်ကိုယ်စားလှယ်များအားရွေးကောက်တင်မြှောက်ရန် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏စာရင်းကိုမြို့နယ်ကော်မရှင်အဖွဲ့ခွဲများနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများက ပြုစုမည်။
o    (ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ-၁၃။)

•    ဥပဒေနှင့်ညီညွှတ်သော နိုင်ငံသား၊ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူတိုင်းရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက်(၁၈)နှစ်ပြည့်သူတိုင်းကိုရပ်ကွက်(သို့)ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲအသီးသီးက သက်ဆိုင်ရာမဲစာရင်းတွင်ထည့်သွင်းဖော်ပြရမည်။
o    [ရွေးကောက်ပွဲဥပဒေပုဒ်မ-၁၄။(က)]

•    တပ်မတော်သားများ၊ နိုင်ငံပြင်ပရောက်ရှိနေသောနိုင်ငံသား၊ သံဝန်ထမ်းများနှင့် ပညာတော်သင်များ၊ အစိုးရခွင့်ပြုချက်ဖြင့်နိုင်ငံပြင်ပရောက်ရှိနေသော နိုင်ငံသားများကိုရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲကသတ်မှတ်ထားသည့်အတိုင်းသက်ဆိုင်ရာမဲစာရင်းတွင်ထည့်သွင်းဖော်ပြမည်။
o    [ရွေးကောက်ပွဲဥပဒေ ပုဒ်မ-၁၄။(ခ)]

•    မဲဆန္ဒနယ်တစ်ခု၏ မဲစာရင်းမှ အခြားမဲဆန္ဒနယ်တစ်ခု၏ မဲစာရင်းသို့ ခိုင်လုံသောအကြောင်းပြချက်ဖြင့် သက်ဆိုင် ရာရွေးကောက်ပွဲကော်မရှင်သို့လျှောက်ထားကာရွေ့ပြောင်းပိုင်ခွင့်ရှိသည်။
o    [ရွေးကောက်ပွဲဥပဒေ ပုဒ်မ-၁၅။(ခ)]
•    ဆန္ဒမဲပေးခွင့်ရှိသူတစ်ဦးသည် သက်ဆိုင်ရာမဲဆန္ဒနယ်၏မဲစာရင်းမှအပအခြားမဲဆန္ဒနယ်၏မဲစာရင်းတွင်အမည်ပါဝင်ခြင်းမရှိစေရ။
o    [ရွေးကောက်ပွဲဥပဒေ ပုဒ်မ-၁၅။(ဂ)]

•    ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် မဲစာရင်းကိုရွေးကောက်ပွဲမတိုင်မီသည်နည်းလမ်းအတိုင်းကြေငြာမည်။
o    [ရွေးကောက်ပွဲဥပဒေ ပုဒ်မ-၁၆။]

•    ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် သက်ဆိုင်ရာမဲစာရင်းတွင် မိမိအမည်ပါဝင်ခြင်းရှိမရှိကိုလာရောက်ကြည့်ရှုရန် တာဝန်ရှိသည်။
o    [ရွေးကောက်ပွဲဥပဒေ ပုဒ်မ-၉]

သို့မှသာမဲစာရင်းတွင်မပါဝင်သင့်သူများ၊ ပါဝင်သင့်လျှက် နှင့် မပါဝင်သူများကိုသိရှိနိုင်မည်။ ထိုသို့ဖြစ်ပါကသက်ဆိုင်ရာကော်မရှင်သို့သွားရောက်ကန့်ကွက်နိုင်မည်ဖြစ်သည်။ထိုပြင် မိမိအမည်မဲစာရင်းတွင်ပါဝင်သင့်ပါလျှက်မပါဝင်ပါကလည်းဥပဒေနှင့် အညီမဲစာရင်းတွင်ထည့်သွင်းပေးနိုင်ရန်အတွက် လျှောက်ထားနိုင်မည် ဖြစ်သည်။

မဲစာရင်းတွင် မိမိအမည်မပါဝင်ပါကဆောင်ရွက်ရန်နည်းလမ်းများ

ရပ်ကွက် (သို့) ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲကမဲစာရင်းများကိုကြေငြာပြီးနောက်မိမိအမည်ပါဝင်ခြင်းမရှိပါက-

   မဲစာရင်းတွင်ထည့်သွင်းပေးရန်တောင်းဆိုလွှာကိုပုံစံ (၃) ဖြင့်ရပ်ကွက်နှင့် ကျေးရွာကော်မရှင်အဖွဲ့ခွဲသို့ တင်သွင်းနိုင်သည်။တောင်းဆိုလွှာတင်သွင်းသူများ၏အမည်စာရင်းကိုသက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲက စိစစ်ပြီးဥပဒေနှင့်ညီညွှတ်လျှင်မဲစာရင်း၌ဖြည့်စွက်ဖော်ပြမည်။
   အကယ်၍ ရပ်/ကျေးကော်မရှင်ကထည့်သွင်းပေးခြင်းမရှိလျှင် မြို့နယ်ကော်မရှင်သို့ အယူခံပိုင်ခွင့်ရှိသည်။[ရွေးကောက်ပွဲဥပဒေပုဒ်မ-၁၆။]
  မဲစာရင်းတွင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအချို့၏အမည်များအစုအဝေးလိုက်ကျန်ရစ်ခဲ့ကြောင်းတွေ့ရှိလျှင်   ရွေးကောက်ပွဲမကျင်းပမီ(၇)ရက်ထက်နောက်မကျဘဲနောက်ဆက်တွဲမဲစာရင်းတွင် ထည့်သွင်းနိုင်ရန်ခွင့်ပြုနိုင်သည်။[ရွေးကောက်ပွဲဥပဒေ ပုဒ်မ-၁၄။(က)]
မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များမဲဆန္ဒနယ်ရွေ့ပြောင်းခြင်း။

အနည်းဆုံးရက်ပေါင်း ၁၈၀ ထက်မနည်းမဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များသည် မိမိတို့အမြဲတမ်းနေရပ်သို့ သွားရောက်ပြီးမဲပေးလိုခြင်း၊ မရှိပါကမိမိတို့ရောက်ရှိနေသောနေရာတွင်မဲပေးခွင့်ရရှိစေရန်မဲစာရင်းသွင်းခြင်းကိုအောက်ပါအတိုင်းေ ဆာင်ရွက်ရမည်။
o    ဝန်ထမ်းဖြစ်ပါကသက်ဆိုင်ရာနယ်မြေရှိလုပ်ငန်းတာဝန်ခံ၏ ထောက်ခံချက်၊ အလုပ်သမားဖြစ်ပါကသက်ဆိုင်ရာလုပ်ငန်းရှင်(သို့)အလုပ်ရှင်ကိုယ်စားလှယ်၏ ထောက်ခံချက်၊ အခြားပုဂ္ဂိုလ်ဖြစ်ပါကကိုယ်တိုင်ဝန်ခံချက်ကိုဖော်ပြ၍သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက်ဖြင့် မဲစာရင်း၌မိမိအမည်ထည့်သွင်းပေးရန်ရွေးကောက်ပွဲမကျင်းပမီရက်ပေါင်း (၃၀) ထက် နောက်မကျစေဘဲသက်ဆိုင်ရာရပ်ကျေးကော်မရှင်သို့ လျှောက်ထားရမည်။
o    သတ်မှတ်ထားသောအရည်အချင်းများ နှင့် ပြည့်စုံပါကသက်ဆိုင်ရာရပ်ကျေးကော်မရှင်က သတ်မှတ်ချက်များ နှင့်အညီဆောင်ရွက်၍ မဲစာရင်းတွင်ထည့်သွင်းရမည်။
o    နည်းဥပဒေခွဲ (ခ)အရမဲစာရင်းတွင် အမည်စာရင်းထည့်သွင်းခံရသူ၏ အမည်ကိုအမြဲတမ်းနေရပ်၏ ရပ်ကွက် (သို့)  ကျေးအုပ်စုရှိမဲစာရင်းမှ ပယ်ဖျက်နိုင်ရေးအတွက် မိမိမြို့နယ်ကော်မရှင်အဖွဲ့ခွဲကလည်းထိုတင်ပြချက်ကိုလိုအပ်သလိုအရေးယူဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာမဲဆန္ဒရှင်၏ နေရင်းဒေသမြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ပုံစံ(၃-ခ) သုံးစောင်ဖြင့်အမြန်ဆုံးဆက်လက်အကြောင်းကြားရမည်။[ရွေးကောက်ပွဲဥပဒေ ပုဒ်မ-၁၀။]

မဲဆန္ဒရှင်တစ်ဦး ၏အမည်စာရင်းသည်မဲဆန္ဒနယ်တစ်ခုထက် ပို၍ ပါဝင်နေခြင်း။

-    မဲဆန္ဒရှင်တစ်ဦး၏ အမည်စာရင်းသည်မဲဆန္ဒနယ်တစ်ခုပိုသောမဲဆန္ဒနယ်များ၏ မဲစာရင်းတွင်ပါရှိနေပါကမဲဆန္ဒရှင်၏ ဆန္ဒနှင့်အညီ ၎င်းမဲပေးလိုသည့် မဲဆန္ဒနယ်တွင်မဲပေးနိုင်ရန်အတွက် အဆိုပါမဲပေးလိုသည့်မဲဆန္ဒနယ်နှင့်သက်ဆိုင်သည့်မြို့နယ်ကော်မရှင်အဖွဲ့ခွဲကစီစဉ်ဆောင်ရွက်ပေးရမည်။
-    ယင်းမြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် ထိုသူ၏အမည်အားမိမိမဲဆန္ဒနယ်၏မဲစာရင်းတွင်ထည့်သွင်းပြီးကြောင်းနှင့်အခြားမဲဆန္ဒနယ်များရှိ မဲစာရင်းများတွင်ထိုသူ၏အမည်ကိုပယ်ဖျက်ပေးရန်အမည်စာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲ အသီးသီးထံသို့အကြောင်းကြားရမည်။
[ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ-၁၄။(ဂ)]

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတစ်ဦးသည် ဒေသတစ်ခုမှ အခြားဒေသတစ်ခုသို့ ရွေ့ပြောင်းခြင်း။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတစ်ဦးသည် ဒေသတစ်ခုမှ အခြားဒေသတစ်ခုသို့ပြောင်းရွေ့သည့်အခါ မဲဆန္ဒနယ်တစ်နယ်၏ မဲစာရင်းမှ အခြားမဲဆန္ဒနယ်တစ်နယ်၏ မဲစာရင်းသို့အမည်ပြောင်းရွေ့လိုလျှင်-
o    ၁၉၅၁ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းနေထိုင်သူများမှတ်ပုံတင်ရေးနည်းဥပဒေ ၂၆(၂) နှင့် နည်းဥပဒေ ၂၇ (၁) တို့အရထုတ်ပေးသောပုံစံ (၁၀) သို့မဟုတ် ပုံစံ (၉၀/၁/၃(၁)) နှင့်အတူလက်ရှိမဲဆန္ဒနယ်မဲစာရင်း၌မိမိအမည်ပယ်ဖျက်၍အခြားမဲဆန္ဒနယ်သို့ ပြောင်းရွေ့ပေးရန်တောင်းဆိုလွှာပုံစံ(၄-က)ဖြင့်သက်ဆိုင်ရာရပ်ကျေးကော်မရှင်သို့တင်သွင်းရမည်။
o    ယင်းတင်ပြချက်မှန်ကန်လျှင် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲကခွင့်ပြု၍ ယင်းအမည်ကိုမဲစာရင်းမှပယ်ဖျက်ပြီး ဖြစ်ကြောင်းအထောက်အထားဖြစ်သည့် ပုံစံ (၄-ခ) ကိုထိုသူအားထုတ်ပေးရမည်။
o    ထိုသူသည်မိမိပြောင်းရွေ့နေထိုင်ရာဒေသ၏ မဲစာရင်းတွင် မိမိအမည်ထည့်သွင်းပေးရန်ပြောင်းရွေ့ရောက်ရှိရာနေရာ၏ အိမ်ထောင်စုဇယားနှင့်ပုံစံ(၄-ခ)တို့ကိုပူးတွဲ၍ တောင်းဆိုလွှာ (ပုံစံ-၃) ကိုတင်သွင်းလျှင်သက်ဆိုင်ရာရပ်ကျေးကော်မရှင်အဖွဲ့ခွဲကမဲစာရင်း၌ထည့်သွင်းပေးမည်။
o    ယင်းပြောင်းရွေ့လာသည့်မဲဆန္ဒနယ်၌ထိုသူသည်မဲပေးခွင့်ရှိသည်။[ရွေးကောက်ပွဲဥပဒေ ပုဒ်မ-၁၄။(င)]
       
ကန့်ကွက်ခြင်း နှင့် ပြင်ဆင်ခြင်း

-    မဲစာရင်းပါ အမည်နှင့် အခြားအချက်အလက်များကိုကန့်ကွက်ရန်ရှိပါကကန့်ကွက်လွှာကိုပုံစံ (၄) ဖြင့်လည်းကောင်း၊
-    ပြင်ဆင်ရန်ရှိပါကပြင်ဆင်လွှာကိုပုံစံ(၄-ဂ)ဖြင့်လည်းကောင်းမဲစာရင်းထုတ်ပြန်ကြေငြာပြီးသည့်နေမှစ၍ (၁၄)ရက်အတွင်းရပ်ကျေးကော်မရှင်သို့တင်သွင်းရမည်။[ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ-၁၁။(က)]
-    မဲစာရင်းတွင်မဲပေးခွင့်မရှိသူ၏ အမည်စာရင်းပါဝင်နေလျှင် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ သို့ ပုဒ်မ(၄) အရကန့်ကွက်လွှာတင်သွင်းနိုင်သည်။ (ပုံစံ-၄ ဖြင့်)
-    အကယ်၍ရပ်/ကျေးကော်မရှင်ကထိုကန့်ကွက်လွှာကိုအရေးယူဆောင်ရွက်ခြင်းမရှိလျှင် မြို့နယ်ကော်မရှင်အဖွဲ့သို့ကန့်ကွက်လွှာတင်သွင်းနိုင်သည်။
-    မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်။[ရွေးကောက်ပွဲဥပဒေပုဒ်မ-၁၈။(က)]
-    မိမိအမည်ပါဝင်ခြင်းမရှိသောအခြားရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုမဲစာရင်း၌ပါရှိသောပုဂ္ဂိုလ်များကိုကန့်ကွက်ခြင်းမပြုရ။[ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ-၁၁။(က)]

မဲပေးခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ
ရွေးကောက်ပွဲကျင်းပခြင်း။
ကော်မရှင်သည်
(က) ရွေးကောက်ပွဲကို ဖြစ်နိုင်သရွေ့တစ်နေ့တည်းတွင်တစ်ပြိုင်နက်ကျင်းပရမည်။
(ခ) ဖြစ်နိုင်သရွေ့အများပြည်သူအလုပ်ပိတ်ရက်တွင်ကျင်းပရမည်။
(ဂ) ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်ကိုကြိုတင်၍သတ်မှတ်ကြော်ငြာရမည်။
[ရွေးကောက်ပွဲဥပဒေပုဒ်မ-၃၄။]
-    မဲဆန္ဒနယ်တစ်နယ်တွင်ရွေးကောက်တင်မြှောက်ခံမည့်ကိုယ်စားလှယ် တစ်ဦးတည်းသာရှိလျှင်ထိုမဲဆန္ဒနယ်တွင်ရွေးကောက်ပွဲမကျင်းပတော့ဘဲထိုပုဂ္ဂိုလ်ကို လွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြောင်းပြည်နယ်/တိုင်းဒေသကြီးကော်မရှင်ကကြော်ငြာမည်။
-    မဲဆန္ဒနယ်တစ်နယ်တွင်လွတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးထက်ပိုခဲ့လျှင်မဲပုံးနှင့် ဆန္ဒမဲလက်မှတ်များကိုနည်းဥပဒေပြဌာန်းချက်များအတိုင်းပြုလုပ်စီစဉ်၍ဆန္ဒမဲပေးစေရမည်။
[ရွေးကောက်ပွဲဥပဒေပုဒ်မ-၄၁။]
ရွေးကောက်ပွဲကျင်းပချိန် (မဲရုံဖွင့်ချိန်နှင့်ပိတ်ချိန်)
-    မဲရုံကိုမနက် (၆) နာရီ မှ ညနေ (၄) နာရီအထိဖွင့်လှစ်ထားမည်။
-    ညနေ(၄)နာရီတိတိတွင် မဲရုံပိတ်သည့်အခါမဲရုံပရဝုဏ်အတွင်း ဆန္ဒမဲမပေးရသေးသူများရှိပါကစာရင်းကောက်၍ ထိုစာရင်းပါဝင်သူများကိုမဲပေးချိန်လွန်နေစေကာမူမဲပေးခွင့် ပြုရမည်။
-    ဆန္ဒမဲပေးပြီးသူအားလုံး ဆန္ဒပေးပြီးပါကမဲရုံများကိုညနေ (၄) နာရီထက်စော၍ ပိတ်နိုင်သည်။
[ရွေးကောက်ပွဲဥပဒေပုဒ်မ-၄၂။]


ဆန္ဒမဲပေးခြင်း။
တပ်မတော်သားလွတ်တော်ကိုယ်စားလှယ်များမှအပလွှတ်တော်ကိုယ်စားလှယ်များကို သက်ဆိုင်ရာမဲဆန္ဒနယ်တွင်နေထိုင်ကြသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများကလျို့ဝှက်ဆန္ဒမဲဖြင့် ရွေးကောက်တင်မြောက်ရမည်။
[ရွေးကောက်ပွဲဥပဒေပုဒ်မ-၃၅။]
သက်ဆိုင်ရာလွှတ်တော်အလိုက် အရွေးချယ်ခံမည့် လွတ်တော်ကိုယ်စားလှယ်များကိုဆန္ဒပြုရာတွင် သက်ဆိုင်ရာလွှတ်တော်တစ်ရပ်အတွက်ကိုယ်စားလှယ်လောင်းတစ်ဦးစီတွင် တစ်ကြိမ်သာဆန္ဒပြုနိုင်သည်။ တစ်ဦးစီအတွက် တစ်ကြိမ်ထက်ပို၍ဆန္ဒမဲပေးခွင့်မရှိပါ။
[ရွေးကောက်ပွဲဥပဒေပုဒ်မ-၄၄။]
ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့်ဆန္ဒမဲပေးသူများမှအပဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် သက်ဆိုင်ရာမဲရုံအသီးသီးတွင်မဲလက်မှတ်များကိုကိုယ်တိုင်လာရောက်ထုတ်ယူပြီးလျို့ဝှက်ဆန္ဒပြု၍ သက်ဆိုင်ရာမဲပုံးအတွင်းသို့ကိုယ်တိုင်ထည့်ရမည်။ ကိုယ်စားစေလွှတ်၍ဆန္ဒမဲပေးခြင်းမပြုရ။
[ရွေးကောက်ပွဲဥပဒေပုဒ်မ-၄၃။]
ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ
(က) မဲဆန္ဒနယ် ပြင်ပရောက်တပ်မတော်သားများ၊ ကျောင်းသာများသင်တန်းသားများ၊ အချုပ်ကျခံနေသူများ၊
(ခ) ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မိမိအမည်စာရင်းပါမဲဆန္ဒနယ်မှကျော်လွန်ခရီးသွားရန်ရှိသူများ၊
(ဂ) မဲဆန္ဒနယ်အတွင်းရှိသော်လည်းအနာကြီးရောဂါသည်များ၊ ဂေါရာဝေဒနာပြင်းထန်စွာခံစားနေရသူများ၊ အသက်အရွယ်ကြီးရင့်သူများ၊ သားဖွားနေသူများ၊ အချုပ်ကျခံနေရသူများဆေးရုံတက်နေသူများ၊ ယာယီတာဝန်ဖြင့်မဲဆန္ဒနယ်ပြင်ပရောက်ဝန်ထမ်းများ၊ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များ၊
[ရွေးကောက်ပွဲဥပဒေပုဒ်မ-၄၅။]
ဆန္ဒမဲပေးခြင်းစနစ် နှင့် မဲထည့်ပုံ။
-    ရွေးကောက်ပွဲတွင်လျှို့ဝှက်မဲပေးစနစ်ကိုကျင့်သုံးမည်။ [ရွေးကောက်ပွဲဥပဒေပုဒ်မ-၃၅။]
(က) မဲရုံတာဝန်ရှိသူကမဲလက်မှတ်မထုတ်ပေးမီမဲပေးသူ၏အမည်နှင့် မဲစာရင်းမှန်ကန်ပါကမဲစာရင်းတွင်လက်မှတ်ရေးထိုးခြင်း၊ လက်မလက်ဗွေနှိပ်ခြင်းတို့ ပြုလုပ်စေပြီးနောက်ထိုသူအားမဲလက်မှတ်ကိုထုတ်ပေးမည်
(ခ) မဲလက်မှတ်ရရှိလျှင် မဲပေးသူသည်လျှို့ဝှက်မဲပေးခန်းသို့ဝင်၍ မဲလက်မှတ်ပေါ်တွင် မိမိမဲပေးလိုသောကိုယ်စားလှယ်လောင်း၏အမည်နှင့် သင်္ကေတအမှတ်အသားတည့်တည့်ရှိလေးထောင့်အကွက်အတွင်းအမှန်အမှတ်အသားပါတံဆိပ်တုံးကို   နှိပ်၍ဆန္ဒပြုရမည်။
ထို့နောက် မိမိဆန္ဒပြုထားသည်ကိုသူတစ်ပါးမမြင်နိုင်စေရန်ဆန္ဒမဲလက်မှတ်ကိုခေါက်၍ သတ်မှတ်ထားသောပုံးတွင်ထည့်ရမည်။မဲလက်မှတ်တွင် မဲရုံမှူးလက်မှတ်နှင့် ဆန္ဒမဲလက်မှတ်ပါလေးထောင့်ကွက်အတွင်း၌ မဲဆန္ဒရှင်ဆန္ဒပြုထားသောအမှတ်အသားတို့မှတစ်ပါးအခြားမည်သည့်အမှတ်အသားမျှမပါဝင်စေရ။
(ဂ) မဲပေးပြီးသူတိုင်းကိုနောက်တစ်ကြိမ်ဆန္ဒမဲပေးခြင်းမရှိစေရန် သတ်မှတ်ညွှန်းကြားချက်အတိုင်းမှင်တို့သည့်စနစ်ကိုကျင့်သုံးရမည်။
[ရွေးကောက်ပွဲနည်းဥပဒေပုဒ်မ-၄၅။]
မဲဆန္ဒနယ်ပြင်ပရောက်ရှိနေသူများကြိုတင် ဆန္ဒမဲပေးခြင်း
မဲဆန္ဒနယ်ပြင်ပတွင်ရောက်ရှိနေသောမဲဆန္ဒပေးပိုင်ခွင့်ရှိသောသူများသည်သက်ဆိုင်ရာမဲဆန္ဒနယ် အသီးသီးအတွက်ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်သည်။
    တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ
    မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များ
    မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များ
-    အချုပ်ခံနေရသူများ(အမှုရင်ဆိုင်နေသောစွပ်စွဲခံရသူ/ထောင်ချမှတ်ခြင်းမခံသေးသောစွပ်စွဲခံရသူ)
-    အတွင်းလူနာ
-    အစိုးရခွင့်ပြုချက်ဖြင့် နိုင်ငံခြားရောက်ရှိနေသူ
ခိုင်လုံမဲနှင့်ပယ်မဲ
-    ဆန္ဒမဲလက်မှတ်များကိုရေတွက်ရာတွင်ဆန္ဒမဲလက်မှတ်တစ်စောင်ခြင်းစီအားမဲရုံအဖွဲ့ဝင်များ၊ သက်သေများ၊ မဲရုံကိုယ်စားလှယ်များကိုပြသ၍ရေတွက်ရမည်။ အောက်ပါဆန္ဒမဲလက်မှတ်မျိုးကိုပယ်ရမည်။
(၁) ကော်မရှင်ကအတည်ပြုထားသောအမှတ်အသားမပါသည့်မဲလက်မှတ်
(၂) မဲရုံမှူးလက်မှတ်မပါသည့်မဲလက်မှတ်
(၃) ကိုယ်စားလှယ်လောင်းတစ်ဦးထက်ပို၍ ဆန္ဒပြုထားသည့်မဲလက်မှတ်
(၄) ဆန္ဒပြုထားခြင်းမရှိသောမဲလက်မှတ်
(၅) ဆန္ဒပြုထားခြင်းမသေချာမထင်ရှားသောမဲလက်မှတ်
(၆) မဲလက်မှတ်အတုဟုမဲရုံးမှူးကဆုံးဖြတ်သည့်မဲလက်မှတ်
(၇) ဆန္ဒမဲပေးသူကိုသိနိုင်ရန် အမှတ်အသားပြုထားသည့်မဲလက်မှတ်
(၈) ဆုတ်ဖြဲထားသောမဲလက်မှတ်
(၉) ကော်မရှင်ကပယ်မဲအဖြစ်သတ်မှတ်ရန် ထုတ်ပြန်ထားသောမဲလက်မှတ်
[ရွေးကောက်ပွဲနည်းဥပဒေပုဒ်မ-၆၆။]
-    ကြိုတင်မဲလက်မှတ်များကိုရေတွက်ရာတွင်ကြိုတင်မဲလက်မှတ်တစ်စောင်ချင်းစီအားမဲရုံအဖွဲ့ဝင်များ၊ သက်သေများ၊မဲရုံကိုယ်စားလှယ်များကိုပြသ၍ရေတွက်ရမည်။အောက်ပါကြိုတင် ဆန္ဒမဲလက်မှတ်များကိုပယ်ရမည်။
(၁) ကော်မရှင်အမှတ်အသားမပါသည့်မဲလက်မှတ်
(၂) ကော်မရှင်အဖွဲ့ခွဲ တံဆိပ်မပါသည့်မဲလက်မှတ်
(၃) တာဝန်ခံထုတ်ပေးသူအမည်နှင့် လက်မှတ်မပါသည့်မဲလက်မှတ်
(၄) လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးထက်ပို၍ဆန္ဒပြုထားသည့်မဲလက်မှတ်
(၅) ဆန္ဒပြုထားခြင်းမရှိသည့်မဲလက်မှတ်
(၆) ဆန္ဒပြုထားခြင်းမထင်ရှားသည့်မဲလက်မှတ်
(၇) ကြိုတင်ဆန္ဒမဲလက်မှတ်အတုဖြစ်သည်ဟုမဲရုံမှူးမှ ဆုံးဖြတ်သည့်မဲလက်မှတ်
(၈) ဆန္ဒမဲပေးသူကိုသိရှိရန် အမှတ်အသားပြုထားသည့် မဲလက်မှတ်
(၉) ဆုတ်ဖြဲထားသောမဲလက်မှတ်
(၁၀) ကော်မရှင်ကပယ်မဲအဖြစ်သတ်မှတ်ရန်ထုတ်ပြန်ထားသောမဲလက်မှတ်
[ရွေးကောက်ပွဲဥပဒေပုဒ်မ-၆၆(ဃ)။]
-    ဆန္ဒမဲလက်မှတ်(သို့)ကြိုတင်မဲလက်မှတ်တစ်ခုသည် ခိုင်လုံမဲဖြစ်သည် ပယ်မဲဖြစ်သည်ကိုအောက်ပါပုဂ္ဂိုလ်အဖွဲ့အစည်းကဆုံးဖြတ်ရမည်။
(က)မဲရုံတွင် ရေတွက်သောမဲလက်မှတ်နှင့် ကြိုတင်မဲလက်မှတ်ဖြစ်လျှင် မဲရုံမှူး
(ခ) မြို့နယ်ကော်မရှင်တွင်ရေတွက်သောကြိုတင်မဲလက်မှတ်ဖြစ်လျှင် မြို့နယ်ကော်မရှင်

အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်ဖွဲ့စည်းပုံ
နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အချင်းများ။
အမျိုးသားလွှတ်တော်
ပြည်နယ်/တိုင်း ၁၄ ခု × ၁၂ ဦး    = ၁၆၈ ဦး
တပ်မတော်သားကိုယ်စားလှယ်    =   ၅၆ ဦး
                       ၂၂၄ ဦး
-    မဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားမဲဆန္ဒရှင်များသည် မိမိမဲဆန္ဒနယ်ကိုကိုယ်စားပြုသောအမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကို ဆန္ဒမဲပေးရွေးချယ်ပိုင်ခွင့်ရှိသည်။
ပြည်သူ့လွှတ်တော်
တစ်မြို့နယ်လျှင်ကိုယ်စားလှယ် (၁)ဦး×၃၃၀ မြို့နယ်     = ၃၃၀ ဦး
တပ်မတော်သားကိုယ်စားလှယ်            = ၁၁၀ ဦး
                          ၄၄၀ ဦး
-    ဥပဒေ နှင့်အညီမဲပေးပိုင်ခွင့်ရှိသောမဲဆန္ဒရှင်များသည် မိမိမဲဆန္ဒနယ်ကိုကိုယ်စားပြုသောပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို ဆန္ဒမဲပေးရွေးချယ်ပိုင်ခွင့်ရှိသည်။
တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဖွဲ့စည်းခြင်း။
-    တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များတွင် မြို့နယ်တစ်မြို့နယ်လျှင် နှစ်ဦးကျရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်များ။
-    တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုရှိပြီးသောတိုင်းရင်းသားလူမျိုးများမှအပကျန်တိုင်းရင်းသားလူမျိုးများအနက်လျှော်ကန်သင့်မြတ်သည့် လူဦးရေဖြစ်သည့် နိုင်ငံတော်ရှိလူဦးရေစုစုပေါင်း ၏ သုညဒဿမတစ်ရာခိုင်နှုန်းအထက်ရှိကြောင်းကော်မရှင်ကသတ်မှတ်သောတိုင်းရင်းသားလူမျိုးအသီးသီးက လူမျိုးတစ်မျိုးအတွက် တစ်ဦးကျစီရွေးကောက်တင်မြှောက်သည့်လွှတ်တော်ကိုယ်စားလှယ်များ။
-    ရွေးကောက်တင်မြှောက်သည့်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့်ညီမျှသောကွာကွယ်ရေးဦးစီးချုပ်ကဥပဒေ နှင့် အညီအမည်စာရင်းတင်သွင်းသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ။
[တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ- ၃။ (က)၊(ခ)၊(ဂ)၊(ဃ)]
ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိသူများ။
အောက်ပါပုဂ္ဂိုလ်များသည်ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေရ
(က)    ထောင်ဒဏ်ကျခံနေသူများ။
(ခ)    လွှတ်တော် ကိုယ်စားလှယ်အရည်အချင်းပျက်ယွင်းသူ၊ ရွေးကောက်ခံပိုင်ခွင့်မရှိကြောင်းသတ်မှတ်ထားသည့် ကာလကုန်ဆုံးခြင်းမရှိသေးသူ။
(ဂ)    စိတ်ပေါသွပ်သူ
(ဃ)    လူမွဲအဖြစ်တရားရုံးမှ ကြေငြာခြင်းခံနေရသူ။
(င)    မွေးဖွားစဉ်က နိုင်ငံသားမဖြစ်သေးသောမိဘ(၁)ပါးမှ ဖြစ်စေ၊ (၂)ပါးလုံးမှ ဖြစ်စေမွေးဖွားသောနိုင်ငံသား
(စ)    နိုင်ငံခြားအစိုးရ၏ သစ္စာခံ၊ သြဇာခံ၊ လက်အောက်ခံ၊ တိုင်းတစ်ပါး၏နိုင်ငံသားဖြစ်သူ
(ဆ)    နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ၊ နိုင်ငံသားအဖြစ်အခွင့်အရေး၊ ခံစားပိုင်ခွင့်များခံစားခွင့်ရှိသူ
(ဇ)    နိုင်ငံခြားအစိုးရ (သို့)အဖွဲ့အစည်းတစ်ခုခု (သို့) ပုဂ္ဂိုလ်တစ်ဦးဦးထံမှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေအထောက်အပံ့အကူအညီရယူသူ
(ဈ)    နိုင်ငံရေးအတွက်ဘာသာရေးကိုအကြောင်းပြ၍ မဲဆွယ်စည်းရုံးသူ
(ည)    သာသနာ့ဝန်ထမ်း
(ဋ)    နိုင်ငံဝန်ထမ်း
(ဌ)    နိုင်ငံတော်ပိုင် ပစ္စည်း၊ ငွေကြေးတို့ကိုတိုက်ရိုက်ဖြစ်စေသွယ်ဝိုက်၍ဖြစ်စေရယူသုံးစွဲသူ (သို့) အဖွဲ့
(ဍ)    ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ နိုင်ငံခြားသား (သို့) နိုင်ငံခြားသားအဖြစ်ခံယူထားသူ။
(ဎ)    တည်ဆဲဥပဒေတစ်ရပ်ရပ်အရမတရားအသင်းကြေငြာခံရသောအဖွဲ့အစည်း၊ အကြမ်းဖက်အဖွဲ့ အစည်း (သို့) ပုဂ္ဂိုလ်များ၊ နိုင်ငံတော်အားလက်နက်ကိုင်ဆန့်ကျင်နေသောအဖွဲ့အစည်းများ နှင့် ယင်းအဖွဲ့ဝင်များ နှင့်ဆက်သွယ်ကြောင်းခိုင်လုံသောအထောက်အထားရှိသူ
(အမျိုးသားလွှတ်တော်၊ပြည်သူ့လွှတ်တော်၊ပြည်နယ်တိုင်းဒေသကြီးလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ-၁၀။)








ပါရမီကွန်ယက်(PDN) မှ ၀န်ထမ်းခေါ်ယူခြင်း ကြေညာစာရွက်

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်
ပါရမီကွန်ယက်(PDN) မှ ၀န်ထမ်းခေါ်ယူခြင်း ကြေညာစာရွက်မှာ အောက်ပါပုံအတိုင်းဖြစ်သည်။





Tuesday, July 21, 2015

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် ပအိုဝ်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ၀ါဆိုသင်္ကန်းကပ်လှူပွဲ၊ ဓာတ်လှေ ကား ဖွင့်ပွဲနှင့် ပအိုဝ်းပိဋကတ်ဘာသာပြန် ငွေဝတ္ထုကပ်လှူပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်




ယနေ့ ၂၀၁၅ခုနှစ်၊ ဇူလိုင်လ(၂၂)ရက်၊ ဗုဒ္ဓဟူးနေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံးတွင် ပအိုဝ်းအမျိုးသားအဖွဲ့ (PNO)နှင့် ပအိုဝ်းအမျိုးသား လွှတ်တော်ကိုယ်စားလှယ်အမတ်များအဖွဲ့က ၀ါဆိုသင်္ကန်းကပ်လှူပွဲ၊ ဓာတ်လှေကားဖွင့်ပွဲနှင့် ပအိုဝ်း ပိဋကတ် ဘာသာပြန် ငွေဝတ္ထုကပ်လှူပွဲကို  ပြုလုပ်ကျင်းပခဲ့ပါသည်။


ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်လာသော သံဃာတော်များနှင့် ဖိတ်ကြားထားသော လူကြီးမင်းများကို ကြိုဆိုဂါရ၀ပြုကြပြီး တည်ဆောက်ပြီးစီးပြီဖြစ်သော ဓာတ်လှေကားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။ ဆက်လက်၍ “နမောတဿ”     "သုံးကြိမ်ရွတ်ဆိုကာ ၀ါဆိုသင်္ကန်း ကပ်လှူပွဲအခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ကြွရောက်လာကြသော ရဟန်းသံဃာတော်အား ရှိခိုးကန်တော့ကြပြီး (၅)ပါးသီလခံယူကာ ဆရာတော်(အေးစေတီ) ဟောကြားသော ပရိတ်မေတ္တာ တရားတော်ကို ဆက်လက်နာယူခဲ့ပါသည်။
 အခမ်းအနားတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် လွှတ်တော်ကိုယ်စားလှယ်အမတ်များက ၀ါဆိုသင်္ကန်း နှင့် ပအိုဝ်းပိဋကတ်ဘာသာပြန်သံဃာတော်အဖွဲ့အား သိန်း(၁၀၀) ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)မှ ထုတ်ဝေသော ပအိုဝ်းဂျာနယ် “မောင်းမွူးခံ” ဆောင်းပါးရှင်များအား ဂုဏ်ပြုလွှာမှတ်တမ်းပေးအပ်လှူဒါန်းပြီး ဓာတ်လှေကားဒါယကာများကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ပါသည်။





ထို့နောက် ဆရာတော်(အေးစေတီ)မှ ဟောကြားသော တရားတော်ကို နာယူပြီး ရေစက်ချ အမျှပေးဝေကာ ဆရာတော်အား ပြန်လည်ကန်တော့ကြ၍ “ဗုဒ္ဓသာသနံ စိရံ သိဌတု” သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း၊  အဆိုပါအခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ဦးစီးဥက္ကဌ ဦးခွန်စံလွင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်ဝင်းကို ၊ ဦးခွန်သိန်းဖေနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ လူကြီးမင်းများ၊ ပြည်နယ်ကိုယ်စားလှယ်အမတ်များ တက်ရောက်ကြောင်း သိရှိရပါသည်။



ခွန်ထင်းလေအောင်း
   

CONSTITUTION COFFEE COOPARATIVE GREEN GOLD၊ ဘိန်းအစား ကော်ဖီစိုက်ပျိုးခြင်း သမ၀ါယအသင်း ဖွဲ့စည်းခြင်း အခမ်းအနား

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်



တောင်ကြီးမြို့၊ မြို့တော်ခန်းမအတွင်း (UNODC)အဖွဲ့မှ ဦးဆောင်ပြီး ဘိန်းအစားထိုး ကော်ဖီစိုက်ပျိုးသူများအား သမ၀ါယမအသင်း ဖွဲ့စည်းပေးခြင်း အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့ တွင် ဖွဲ့စည်းကျင်းပခဲ့ပါသည်။
ယင်းအခမ်းအနားတွင် ရှမ်းပြည်နယ် ရဲမင်းကြီးနှင့် အစိုးရအဖွဲ့ဝင်များ မူးယစ်ဆေးဝါး ပပျောက်ရေး ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံတကာ လူမူအကျိုးစီးပွား စောင့်ရှောက်ရေး အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ကော်ဖီစိုက်သူများနှင့် တိုင်ရင်းသား ကိုယ်စားလှယ်များ စုစုပေါင်း (၅၃၇) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ခွန်အော်ထွိုက်ဗွေ

Monday, July 20, 2015

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် ပအိုဝ်းအမျိုးသားသီချင်းကို အသစ်ပြန်လည်ထပ်မံအတည်ပြုရန် အစည်းဝေးပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်




၂၀-၇-၂၀၁၅ ခုနှစ်၊ တနင်္လာနေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ဗဟိုဌာနချုပ်ရုံးတွင် ပအိုဝ်းအမျိုးသားသီချင်းကို အသစ်ပြန်လည်ထပ်မံအတည်ပြုရန် ပအိုဝ်းအမျိုးသား ဂီတအနုပညာအဖွဲ့သားများ အစည်းဝေးပွဲအခမ်းအနားပြုလုပ်ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် ရှေးဦးစွာ ဦးခွန်မောင်တုတ် မှ အဖွင့်အမှာစကားပြောကြားပြီး ဆက်လက်၍ ဟိုပုံးမြို့နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးခွန်စံလွင်မှ  ပအိုဝ်းအမျိုးသားသီချင်းကို အသစ်ပြန်လည်ထပ်မံအတည်ရန် ပအိုဝ်းအမျိုးသားတေးသီချင်းကို ပအိုဝ်းတစ်မျိုးသားလုံးအတွက် အာဇာနည်အမျိုးသား မျိုးချစ်စိတ်ဓာတ်ဖြစ်ထွန်းပေါ်ပေါက်လာစေရန်နှင့် ပအိုဝ်းအမျိုးသားတေးသီချင်းကို ပအိုဝ်းလူမျိုးအားလုံး ကိုယ်စီတတ်မြှောက်လာစေရန်  အားပေးအမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် ပအိုဝ်းတစ်မျိုးသားလုံးအတွက် ပအိုဝ်းအမျိုးသားတေးသီချင်းကို အသစ်ပြန်လည်ထပ်မံအတည်ပြုရန်နှင့် ပတ်သက်ပြီး ခွန်လှမောင် (ခ)ခွန်လာမဲင်းက ပအိုဝ်းတစ်မျိုးသားလုံး ကိုယ်စားပြုတဲ့ ပအိုဝ်းအမျိုးသားတေးသီချင်းကို  ၂၂-၇-၂၀၁၅-ခုနှစ်တွင် အပြီးသတ်ပြုလုပ်သွားမှာဖြစ်ပြီး ၂၀၁၅-ခုနှစ် ရွေးကောက်ပွဲမဲအောင်နိုင်ရေးအတွက် တေးသီချင်းကိုလည်း ၁၉ ပုဒ် ရွေးချယ်ထားပြီးပြောကြား၍ ၎င်းနောက်မှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အတွင်းရေးမှူး ဦးခွန်သိန်းဖေက ရွေးကောက်ပွဲမဲအောင်နိုင်ရေး တေးသီသချင်းကို ၁၅-၈-၂၀၁၅၊ သြဂုတ်လတွင်နောက်ဆုံးထား၍ ဖြန့်ဝေနိုင်အောင် ကြိုးစားကြရန်တိုက်တွန်းပြောကြာခဲ့ပါသည်။
ထိုသို့ ဆွေးနွေးရာတွင် ဆုံးဖြတ်ချက်အတည်ပြု ထုတ်ပြန်ကြေညာခဲ့သည်မှာ ပအိုဝ်းတစ်မျိုးသားလုံး အတွက် ကိုယ်စားပြုပေးတဲ့တေးသီချင်းကို ခွန်အောင်နိုင် သီဆိုထားသည့် ပအိုဝ်းအမျိုးသားသီချင်း ၊ ခွန်ရဲသွေး သီဆိုထားသည့် တရောင်ချင်းဗွုန်ငီးခွို.ပအိုဝ်းသွီး သီချင်းကို စည်းလုံးရေးသီချင်းအဖြစ် သတ်မှတ်အတည်ပြု၍ ၂၀၁၅-ခုနှစ်အတွက် ရွေးကောက်ပွဲမဲအောင်နိုင်ရေး တေးသီချင်းကို ပအိုဝ်းအမျိုးသား ဂီတအနုပညာအဖွဲ့သား များ ဆက်လက်တာဝန်ယူ၍ အပြီးသတ် ဆုံးဖြတ်ချက်အတည်ပြု ဆွေးနွေးပြီးနောက် ဖြားခွန်မောင်တုတ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
 
ခွန်ပန်းစိန်

Sunday, July 19, 2015

တောင်ကြီးမြို့နယ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ (၅)နှစ်သက်တမ်းပြည့် မြို့နယ်ကော်မတီ၊ အလုပ်အမှုဆောင်များ ပြန်လည်ရွေးကောက်တင်မြောက်ခြင်း

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်



၂၀၁၅ ခုနှစ်၊ ဇူလှိုင် (၁၈)ရက်၊ စနေနေ့၊ မနက်(၁၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ဈေးပိုင်းရပ်ကွက်ရှိ တောင်ကြီးမြို့နယ်၊ ပအိုဝ်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုရုံးတွင် တောင်ကြီးမြို့နယ်၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)၏ မြို့နယ်ကော်မတီ၊ အလုပ်အမှုဆောင်များ ပြန်လည်ရွေးကောက်တင်မြောက်ပွဲကို ကျင်းပခဲ့ ပါသည်။
တောင်ကြီးမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ကော်မတီနှင့် မြို့နယ်အလုပ်အမှုဆောင် ပြန်လည်ရွေးကောက်တင်မြောက်ပွဲအခမ်းအနားမစတင်မှီ အခမ်းအနားသို့ ကြွရောက်လာသူအားလုံး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ပအိုဝ်းအမျိုးသားအလံတော်အား ဦးစွာအလေးပြုပြီးနောက်  နာယက ဦးခွန်အောင်သာမှ အဖွင့်စကား ပြောကြားခဲ့ပါသည်။
ဦးခွန်အောင်သာမှ အဖွင့်စကားပြောကြားခဲ့ပြီးနောက် တွဲဖက်အတွင်းရေးမှူးဖြစ်သည့် ဦးခွန်ထွန်းဇံမှ (၅)နှစ်အတွင်း တောင်ကြီးမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) လုပ်ဆောင်ခဲ့သည့် လုပ်ဆောင်မှုများကို တက်ရောက်လာသူများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ၄င်းနောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) တောင်ကြီးမြို့နယ်ကော်မတီနှင့် မြို့နယ်အလုပ်အမှုဆောင်များသည် (၅)နှစ်သက်တမ်းပြည့်သည့်အတွက် မြို့နယ်ကော်မတီနှင့်မြို့နယ်အလုပ်အမှုဆောင်အဖြစ်မှ အသီးသီး နုတ်ထွက်ခဲ့ကြပြီး၊ ဦးခွန်ဝင်းစိန်မှ နောက်(၅)နှစ်သက်တမ်းအတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) တောင်ကြီးမြို့နယ် ကော်မတီအဖွဲ့ဝင်စာရင်းများကို တင်သွင်းဖတ်ကြားခဲ့ပါသည်။ ၄င်းတင်သွင်းသည့် ကော်မတီအဖွဲ့ဝင်စာရင်းများမှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါသည်။ ထို့နောက် ဦးခွန်ခမ်းထိုမှ ကော်မတီအဖွဲ့ဝင်များထဲမှ အလုပ်အမှုဆောင်အဖွဲ့ဝင်စာရင်းကို တင်သွင်းကာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါသည်။
၎င်းနောက် ရွေးချယ်ခံရသော မြို့နယ်ကော်မတီအဖွဲ့ဝင်များက ကတိသစ္စာများကို ခံယူကာ အစည်းအဝေးဆုံးဖြတ်ချက်အရပ်ရပ်ကို အတည်ပြုပြီးနောက် ရွေးချယ်တင်မြောက်ခံရသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် တောင်ကြီးမြို့နယ် မြို့နယ်အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဦးခွန်တင်မောင်မှ အမှာစကားပြောကြားခြင်းနှင့် သဘာပတိကြီး ဦးခွန်အောင်သာမှ နိဂုံးချုပ်မိန့်ခွန်းပြောကြားပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါကြောင်း သိရှိရပါသည်။
 
ခွန်ဓဇ(ဟိုနမ်း)
   

Friday, July 17, 2015

၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး ၀န်ထမ်းများ တာဝန်ခွဲဝေခြင်း အစည်းအဝေးပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်




၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး ၀န်ထမ်းများ တာဝန်ခွဲဝေခြင်း အစည်းအဝေးကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ဗဟိုဌာနချုပ်ရုံး အောင်နိုင်ရေးအဖွဲ့၊ အောင်နိုင်ရေး ကော်မတီ၏ လိုအပ်ချက်၊ အသိပညာများ၊ အထောက်အကူ ပစ္စည်းများကြိုတင်ပြင်ဆင်ခြင်း တို့ကို ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးချက်များအရ သက်ဆိုင်ရာ ဗဟိုဌာနချုပ်၊ မြို့နယ်၊ ကျေးရွာအုပ်စုများတွင် အောင်နိုင်ရေးအဖွဲ့များ သက်ဆိုင်ရာကဏ္ဍအလိုက် အဖွဲ့ခွဲ (၉) ခု ဖွဲ့စည်းခဲ့ကြောင်း၊ အစည်းဝေးသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူး(၃)၊ ရုံးအဖွဲ့မှူး၊ အတိုင်ပင်ခံ၊ ဗဟိုဌာနချုပ်ရုံး ၀န်ထမ်းများ၊ စုစုပေါင်း (၄၁) ယောက် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

PNO- သတင်းဌာန

Wednesday, July 15, 2015

နိုင်ငံခြားခရီးသည် တစ်သန်းကျော်ရှိသော်လည်း တိုးရစ်ဗီဇာဖြင့် လာရောက်သူ သုံးသိန်းခန့်သာရှိ

 တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်

ဓာတ်ပုံ သီရိလူ၊ မြန်မာတိုင်းမ်

နိုင်ငံခြားခရီးသည် တစ်သန်းကျော်ရှိသော်လည်း တိုးရစ်ဗီဇာဖြင့် လာရောက်သူ သုံးသိန်းခန့်သာရှိ
မြန်မာနိုင်ငံသို့ ယခုနှစ် ဇန်န၀ါရီမှ မေလကုန် အထိ နိုင်ငံခြားသားဧည့်သည် ၁ ဒသမ ၅ သန်းခန့်
ဝင်ရောက်ခဲ့ရာ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၆ ရာခိုင်နှုန်း တိုးတက်
လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဝင်းညွန့်က
မြန်မာတိုင်း(မ်)ကို ပြောသည်။
"အရင်တုန်းက မိုးရာသီမှာ နိုင်ငံခြားခရီးသွားဧည့်သည်အလာနည်းပေမယ့် ဒီနှစ်တိုး လာပါတယ်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှေးဟောင်းမြို့တော်များပေါ်ပေါက်လာခြင်းက နိုင်ငံခြားဧည့်သည်တွေ
ကို ဆွဲဆောင်နိုင်ပါတယ်။ ဒီနှစ်ထဲကျင်းပမယ့် ရွေးကောက်ပွဲကြောင့် စိတ်ဝင်စားသူများနေပြီး
ကံကောင်းရင် နိုင်ငံခြားသားခရီးသွားဧည့်သည် အလုံး အရင်းလိုက် ၀င်ရောက်လာနိုင်ပါတယ်"ဟု
၎င်းက ပြောသည်။
သို့သော် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဦးစီးဌာန၏ စာရင်းများအရ
ကမ္ဘာလှည့်ခရီးသွားဧည့်သည်ဗီဇာ (Tourist visa) ဖြင့် လာရောက်သည့် အရေအတွက်မှာ
သုံးသိန်းခန့်သာရှိသည်ကို တွေ့ရသည်။
"ဟိုတယ်ခရီးဝန်ကြီးဌာနက ဘယ်လိုရေတွက်လဲမသိပါဘူး။ ၁ ဒသမ ၅ သန်းဆိုတာ
မြန်မာနိုင်ငံကိုလာရောက်တဲ့ နိုင်ငံခြားသားဧည့်သည် ဗီဇာအမျိုးအစား အားလုံးကိုရေ
တွက်ထားတာ ဖြစ်နိုင်ပါတယ်။ ဒီအရေ အတွက်က ကမ္ဘာလှည့်ခရီးသွား တိုးရစ်ဗီဇာသီးသန့်နဲ့
ဝင်ရောက်ခဲ့တဲ့ အရေအတွက်ကိုပြောတာပါ"ဟု ဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး
ဦးအောင်သီဟက မြန်မာတိုင်း(မ်) ကို ပြောသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဇန်န၀ါရီလမှ
ဇွန်လကုန်အထိ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်ဗီဇာ (Tourist visa) ဖြင့် ရန်ကုန်အပြည်ပြည်
ဆိုင်ရာလေဆိပ်မှ ၂၂၈,၄၆၈ ဦး၊ မန္တလေး လေဆိပ်မှ ၃၅,၄၉၃ ဦး၊ နေပြည်တော်လေဆိပ်မှ
၂၈,၉၂ ဦး၊ ကမ္ဘာလှည့်အပျော်စီး သင်္ဘောဖြင့် ၁၃,၂၄၉ ဦးနှင့် နယ်စပ်မှ ၁၉,၆၅၄ ဦး လာရောက်
ခဲ့သည်။
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ သီအိုရီအရမူ မည်သည့်ဗီဇာအမျိုးအစား၊
ပုံစံမျိုးနှင့်မဆို မြန်မာနိုင်ငံသို့ ၀င်ရောက်လာသော နိုင်ငံခြားသားများကို နိုင်ငံခြားခရီးသွားဧည့်သည်
များ (Foreign visitors) အဖြစ် သတ်မှတ်ကြောင်း ဦးမျိုးဝင်းညွန့်က ပြောသည်။
"ဘယ်လိုဗီဇာအမျိုးအစားနဲ့ပဲ လာလာ နိုင်ငံခြားသားဧည့်သည်အကုန်လုံးက ဟိုတယ်မှာပဲ
တည်းရတာပါ။ နယ်စပ်ဝင်ပေါက်ကနေ ခုနစ်ရက်ဗီဇာနဲ့ ၀င်ရောက်လာပြီး မြန်မာပြည်မှာ
တစ်ည နှစ်ညပဲ တည်းခိုသွားတယ်ဆိုရင် တောင် နိုင်ငံခြားသားခရီးသွား ဧည့်သည်လို့
ယူဆပါတယ်။ အဲဒါကြောင့် ကမ္ဘာလှည့်ခရီးသွားတိုးရစ်သာမက နိုင်ငံခြားသားခရီးသွားဧည့်
သည်အကုန်လုံးကို ရေတွက်ပါတယ်"ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ ကိန်းဂဏန်းအချက်အလက် လွဲမှားမှုများက နိုင်ငံစီးပွားရေးတည်ဆောက်ရာတွင်
တစ်ချိန်ချိန်၌ ထိခိုက်မှုများဖြစ်လာ နိုင်ကြောင်း Nature Dream Travel and Tours
မန်နေးဂျင်း ဒါရိုက်တာ ဒေါ်စံပယ်အောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။
"လုပ်ငန်းဗီဇာနဲ့လာတဲ့ နိုင်ငံခြားသားဧည့်သည်တွေကို တိုးရစ်အဖြစ်ရေတွက်တာကို
လက်ခံပါတယ်။ သက်ဆိုင်ရာစီးပွားရေး ကိစ္စတွေပြီးရင် လည်ပတ်ပြီးမှ ပြန်တာမျိုး လည်းရှိပါတယ်။
ဒါပေမဲ့ တစ်ခုချင်းစီရဲ့ ၀င်ရောက်မှုနှုန်းကိုတော့ ခွဲခြားသိချင်ပါ တယ်။ ခရီးသွားလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမယ့် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များအတွက် နိုင်ငံ ခြားသားခရီးသွားဧည့်သည်
ဝင်ရောက်မှုနှုန်း ကို ဗီဇာအလိုက် ခွဲခြားဆုံးဖြတ်စေချင်ပါ တယ်"ဟု ၎င်းက ပြောသည်။
ယခုမိုးရာသီတွင် ခရီးသွားလုပ်ငန်းအခြေအနေ အတော်အေးနေပြီး တစ်လလျှင် ခရီးစဉ်
ကြိုတင်ဝယ်ယူသည့် ဘွတ်ကင်တစ်ခု နှစ်ခုသာရှိကြောင်း ၎င်းက ပြောသည်။
"ဧည့်သည်အလာနည်းတာကြောင့် ဧည့် သည်ရှိရင် အလုပ်လုပ်လိုက်၊ ဧည့်သည်မလာရင်
ဝန်ထမ်းတွေကိုစာသင်ပေးလိုက်လုပ်နေရတော့ ရေရှည်မှာ ၀န်ထမ်းတွေကို ထိန်းသိမ်းဖို့
ခက်နေပါတယ်"ဟု ၎င်းက ပြောသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန စာရင်းဇယားများအရ မြန်မာ နိုင်ငံသို့
၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံခြားခရီးသွား ဧည့်သည် သုံးသိန်းကျော် ၃၁၁,၀၀၀ ၀င်ရောက်ခဲ့ရာမှ
၂၀၁၄ ခုနှစ်တွင် သုံးသန်းကျော်ထိ ရောက် ရှိခဲ့ရာ လေးနှစ်တာအတွင်း ၁,၀၀၀ ရာခိုင်နှုန်း
ခန့်တိုးတက်ခဲ့ခြင်း ဖြစ်သည်။
 
မြန်မာတိုင်းမ်
 http://myanmar.mmtimes.com/index.php/travel/15104-2015-07-15-07-39-49.html

ကျပ်ငွေတန်ဖိုးချတာက ကုန်ဈေးနှုန်းကို ထိခိုက်နိုင်

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်



မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာနဲ့ လဲလှယ်တဲ့ မြန်မာငွေတန်ဖိုး ချလိုက်တာဟာ ကုန်ဈေးနှုန်းတွေကိုပါ ထိခိုက်နိုင်တယ်လို့ စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက ပြောပါတယ်။
အထူးသဖြင့် ပြည်ပသွင်းကုန်တွေကို အများအပြားမှီခိုရတဲ့ မြန်မာနိုင်ငံမှာ ကုန်ပစ္စည်းဈေးတွေ တက်လာနိုင်တယ်လို့ သူက ပြောပါတယ်။
ဇူလိုင်လ ၁၅ ရက်နေ့က အမေရိကန်ဒေါ်လာ နဲ့ မြန်မာကျပ်ငွေ တရားဝင်လဲလှယ်နှုန်းထားကို တစ်ဒေါ်လာကို ၁၂၁၀ အထိ ဗဟိုဘဏ်ကနေ တိုးမြှင့်တက်မှတ်လိုက်ပါတယ်။ ဇူလိုင်လ ၁၀ ရက်နေက ဗဟိုဘဏ် သတ်မှတ်နှုန်းဟာ ၁၁၂၅ ကျပ်ပဲ ရှိခဲ့တာဖြစ်ပါတယ်။
အခုလိုတိုးမြှင့်တက်သက်မှတ်လိုက်တာဟာ တရားဝင်ငွေ တန်ဖိုးကို ပြင်ပဈေးနဲ့ မကွာအောင် ချပေးလိုက်တာ ဖြစ်တယ်၊ ဒါပေမယ့် ပြင်ပဈေးကိုတော့ မမီသေးဘူးလို့ ဒေါက်တာအောင်ကိုကိုက ဘီဘီစီကို ပြောပါတယ်။
လက်ရှိမှာ ပြင်ပဒေါ်လာပေါက်ဈေး ၁၂၂၇ ကျပ်ခန့် ရှိနေပါတယ်။
လက်ရှိအခြေအနေအတိုင်းဆိုရင် မြန်မာကျပ်ငွေတန်ဖိုးဟာ ထပ်ကျဖို့ အလားအလာရှိတယ်လို့ ဒေါက်တာအောင်ကိုကိုက သုံးသပ်ပြောဆိုပါတယ်။
အစိုးရရဲ့ ဘဏ္ဍာရေးအသုံးစရိတ်ကို လျှော့ချပြီး ထိရောက်တဲ့ ဘဏ္ဍာရေးစနစ်ပြောင်းဖို့၊ ပို့ကုန်တွေမြှင့်တင်ပေးပြီး ကုန်သွယ်ရေးလိုငွေထက် ဘဏ္ဍာရေးလိုငွေကို လျှော့ချဖို့၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ထိထိရောက်ရောက် နေရာချထားပေးဖို့တွေ လိုအပ်တယ်လို့ သူကပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese?fref=nf

Monday, July 13, 2015

Mobile Skills and Election Reporting Training for Journalists(MOELJO) သင်တန်းကို တောင်ကြီးမြို့ Royal Star Hotel တွင် လာရောက်ပို့ချ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်




ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့ “Royal Star Hotel”တွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နည် သတင်းထောက်များအတွက်၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၀ မှ ၁၃ ရက်ထိ BBC MEDIA ACTION မှ Mobile Skills and Election Reporting Training for Journalists(MOELJO) သင်တန်း လာရောက်ပို့ချပေးခဲ့ကြောင်း သိရှိရပါသည်။
ဤသင်တန်းတွင် မိုဘိုင်းဖုန်းနည်းပညာကို အသုံးပြု၍ ဓာတ်ပုံရိုက်ခြင်းအား လေ့လာခြင်း၊ ဗီဒီယိုရိုက်ကူးခြင်းအား လေ့လာခြင်း၊ သတင်းများထုတ်လုပ်ခြင်း၊ အသံပိုင်းဆိုင်ရာ-အသံသွင်းခြင်း နှင့်တည်းဖြတ်ခြင်းအားလေ့လာခြင်း၊ နောက်တစ်နေ့အတွက် အဖွဲ့လိုက်ဗီဒီယိုရိုက်ကူးရေး အစီအစဉ် အားစီစဉ်ခြင်း၊အဖွဲ့လိုက်ဗီဒီယိုရိုက်ကူးခြင်းအစီအစဉ်၊ ဗီဒီယိုတည်းဖြတ်ခြင်းသင်ခန်းစာအားလေ့လာခြင်း၊  အဖွဲ့လိုက် ဗီဒီယိုတည်းဖြတ်ခြင်းနှင့်မီဒီယိုအားကြည့်ရှု၍ တုန့်ပြန်မှုပေးခြင်းစသည်တို့ဖြစ်သည်။
၎င်းသင်တန်းသည် ရှမ်းပြည်နယ်နှင့်ကယားပြည်နည် သတင်းထောက်များ(၂၂)ဦးတက်ရောက်သင်ယူ ခဲ့ပြီး ရန်ကုန်မြို့များတွင်လည်း ဆက်လက် ပြုလုပ်သွားရန်ရှိကြောင်း သတင်းရရှိပါသည်။
  
ခွန်ခမ်းမိုးဦး



Saturday, July 11, 2015

သစ်တောဦးစီးဌာန၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN)နှင့် ဒေသခံများပူးပေါင်း၍ ကျောက်တလုံးကြီးမြို့နယ်၊ နာဟီးကျေးရွာအုပ်စု၊ ထီရီးကျေးရွာ ဘုန်တော်ကြီးကျောင်းတွင် မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်








သစ်တော်ဦးစီးဌာန၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN)နှင့် ဒေသခံများပူးပေါင်း၍ ကျောက်တလုံးကြီးမြို့နယ်၊ နာဟီးကျေးရွာအုပ်စု၊ ထီရီးကျေးရွာ ဘုန်တော်ကြီးကျောင်းတွင် မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ပအိုဝ်းအမျိုသားအဖွဲ့ချုပ်(PNO)၊ နာယကဦးခွန်မောင်တုတ်၊ ပအိုဝ်းလူငယ်ကွန်ယက် နာယကဦးခွန်ထွန်ရွှေး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုကော်မတီ ဦးခွန်ချွန်း၊ တောင်ကြီးမြို့နယ် သစ်တောဦးစီးဌာန တောအုပ် ဦးကျော်ညွန့်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးမှ ၀န်ထမ်းမျာနှင့် ကျောက်တလုံးကြီးမြို့နယ် ပအိုဝ်းလူငယ်ကွန်ယက် (PYN)များ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ရှေးဦးစွာ ထီရီးကျောင်းဆရာတော်အား ပူဇော်ကန်တော့ခြင်းနှင့် ငါးပါးသီလခံယူခဲ့ကြပြီး နာယက ဦးခွန်ထွန်းရွှေမှ သစ်ပင်စိုက်ပျိုးရခြင်းနှင့် ပက်သက်သည့် ကောင်းကျိုးများကိုအဖွင့်အမှာစကားပြောကြားခဲ့၍ တောအုပ် ဦးကျော်ညွန့်မှ သစ်ပင်ပျိုးပင်စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းခြင်းအကြောင်း ပညာပေးဟောပြောခဲ့ပြီး ဗဟိုအလုပ်အမူဆောင် ဦးခွန်ချွန်လည်း သစ်ပင်သည် လူသားတို့နေထိုင်ရာဒေသတွင် အဓိကအရင်းအမြစ်တခုဖြစ်ကြောင်းနှင့် သစ်ပင်စိုက်ပျိုးခြင်းနှင့် ပက်သက်သည့် ဗဟုသုတရစရာ ဆောင်ပိုဒ်များကို ဟောပြောခဲ့ပါသည်။




ပအိုဝ်းလူငယ်ကွန်ယက်(PYN) သစ်ပင်စိုက်ပျိုးရန် ထီရီးဘုရားတောင်သို့ လာစဉ်

သစ်ပင်စိုက်ပျိုးနေပုံ


ထို့နောက် ကျောက်တလုံးကြီးမြို့နယ်၊ ပအိုဝ်းလူငယ်ကွန်ယက် ဒုဥက္ကဋ္ဌ ဦးခွန်မျိုးဇော် မှ သစ်ပင်စိုက်ပျိုးခြင်းဖြင့် ကမ္ဘာကြီးပူနွေးလာခြင်းကို ကူညီထိန်းသိမ်းပေးရာရောက်ကြောင်းနှင့် ပက်သက်သည့်အကြောင်းအရာကို ပြောကြားခဲ့ပြီး  ထီရီးကျေးရွာ ရပ်မိရပ်ဖ တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့၍ ကြွရောက်လာသော လူကြီးမင်းများအားလုံး ထီရီးဘုရားတောင်ပေါ်သို့  ပူးပေါင်းသစ်ပင်စိုက်ပျိုးခြင်းနှင့် အုပ်စုဖွဲ့ ဓါတ်ပုံများ ရိုက်ခဲ့ခြင်းဖြင့် အခမ်းအနားအောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။ စိုက်ပျိုးသော သစ်ပင်အမျိုးအစားများမှာ ကျွန်းပင်(၁၅၀၀)၊ ယူကလစ်(၂၀၀)၊ ချယ်ရီ (၃၀၀)၊ စိန်ပန်းပြာ(၃၅၀)၊ ခါတော်မှီ(၁၅၀)၊ ထောပတ်(၂၀၀)၊ သရဖီ(၈၀)၊ ကက္ကိုပင်(၄၀)၊ အော်ရေးချား(၅၀)၊ သစ်မင်း မက္ကရေးနီးယား (၆၀)၊
စုစုပေါင်း သစ်ပင် (၃၂၆၀) ပင် စိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။

ခွန်အောင်မျိုးဦး



Friday, July 10, 2015

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာနမှ ၀န်ထမ်းအသစ်ခေါ်ယူခြင်း ကြေညာစာရွက်

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်

ပအိုဝ်းအမျိုးသားအရေး လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တွင်ကျယ်မှုနှင့်ထိရောက်မှုရှိစေရန်အတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာန၌ ၀န်ထမ်းအသစ်(၁၀)ဦးကို ထပ်မံခေါ်ယူနေပါသည်။  ၀န်ထမ်းခေါ်ယူသည့် ကြေညာစာရွက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။





Wednesday, July 8, 2015

ဖွဲ့စည်းပုံအခြေခံဥပဒေ အဓိကပြင်ဆင်ချက် ပုဒ်မအားလုံး ရှုံးနိမ့်

နေပြည်တော်၊ ၂၀၁၅ ခုနှစ်၊ ဇူလှိုင်လ (၉) ရက်

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အခြေခံဥပဒေပါ ပုဒ်မ (၃ဝ) ကျော်ကို ဇူလိုင်လ ၈ ရက်နေ့က ပြည်ထောင်စုလွတ်တော်မှာ မဲခွဲဆုံးဖြတ်နေစဉ်
Photo: Myo Thant Khaing/RFA
တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတက တိုက်ရိုက်ခန့်အပ်ခွင့်အစား သက်ဆိုင်ရာလွှတ်တော်တွေ က ရွေးချယ်တင်မြှောက်ခွင့်တို့ကို ပြင်ဆင်ထားတဲ့ ပုဒ်မ အပါအ၀င် ပုဒ်မပေါင်း (၃၀) လောက်ကို ပြည်ထောင်စု လွှတ်တော်မှာ ဒီနေ့ မဲခွဲဆုံးဖြတ်ရာမှာ ကန့်ကွက်သူကိုယ်စားလှယ်များတာကြောင့် အဓိကပြင်ဆင်ထားတဲ့ ပုဒ်မအားလုံး ရှုံးနိမ့်သွားပါတယ်။

ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေကို အခွန်ကောက်ခံခွင့်ပေးထားတဲ့ ပြင်ဆင်ချက်ကိုတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင် က ထောက်ခံ ဆွေးနွေးခဲ့ပါတယ်။
"တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များကောက်ခံရမယ့် အခွန်ဌာနစာရင်းနဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်ဖြည့် စွက်ပေးမယ့် အထက်ပါအချက်ပေါင်း (၃၄) ချက် အနက် အခွန်ကောက်ခံရန်မလိုတဲ့ မူဝါဒဆိုင်ရာကိစ္စရပ်တွေ၊ လူမှုရေးဆိုင်ရာကိစ္စရပ်တွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်တွေမပါဘဲ ကျန်တဲ့အခွန်ကောက်ခံ ရမယ့် (၂၀) ချက်ကို ပြည်ထောင်စုကပြဌာန်းတဲ့ ဥပဒေနဲ့အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တွင်း ဆောင်ရွက် ခွင့်ရှိသည့် အခွန်ကောက်ဆိုင်ရာလုပ်ငန်းများဖြင့် မူလ ပြဌာန်းထားခြင်းဖြစ်တဲ့ အချက် (၁၉) ချက်ရဲ့နောက်မှာ အသစ် ထပ်မံဖြည့်စွက်ရန် အဆိုပြုပြဌာန်းခြင်းဖြစ်ပါတယ်"။

တပ်မတော်သားကိုယ်စားလှယ်တွေ ထောက်ခံတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အခွန်ကောက်ခံခွင့်တွေကလွဲပြီး ၀န်ကြီးချုပ်ခန့်အပ်ခွင့်၊ ကိုယ်စားလှယ် ရုပ်သိမ်းခွင့်၊ နိုင်ငံတော်သမ္မတအပါအ၀င် အစိုးရအဖွဲ့ဝင်တွေ တာဝန်ပူးတွဲ ထမ်းဆောင်ခွင့်စတာတွေ ရှုံးနိမ့်သွားတာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် (၆၃၃) ယောက် ရှိရာ ကိုယ်စားလှယ် (၄၀၀) နီးပါးကသာ ပြင်ဆင်ချက်တွေကို ထောက်ခံကြတာ ဖြစ်ပါတယ်။ (၄၇၅) မဲရမှသာ ပြင်ဆင်လိုတဲ့ ပုဒ်မတွေကို ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ပြင်ဆင်ချက်အားလုံးနီးပါး ရှုံးနိမ့်သွားတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အရင်ပြဌာန်းချက်တွေအတိုင်းသာ အသက် ၀င်မှာဖြစ်ပါတယ်။


မှတ်ချက် - RFA သတင်းဌာန၏ Website စာမျက်နှာမှ ကူးယူဖော်ပြပါသည်

ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်း (၁) လအတွင်း တင်သွင်းရမည်

နေပြည်တော်၊ ၂၀၁၅ ခုနှစ်၊ ဇူလှိုင်လ (၉) ရက်


ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတွေကို သြဂုတ်လ (၈) ရက်နောက်ဆုံးထားပြီး တစ်လအတွင်း တင်သွင်းဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပါတယ်။
လွှတ်တော်အသီးသီးရဲ့ မဲဆန္ဒနယ်တွေအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း စတင်သွင်းရမယ့်ရက်၊ နောက်ဆုံးထားတင်သွင်းရမယ့်ရက်နဲ့ ကိုယ်စားလှယ်လောင်း စိစစ်မယ့်ရက်တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် (၈) ရက်နေ့စွဲနဲ့  ကြေညာလိုက်တာပါ။
ရွေးကောက်ပွဲကျင်းပမယ့်ရက် ကြေညာချက်နဲ့ တပြိုင်နက် ထုတ်ပြန်လိုက်တဲ့ ကော်မရှင်ရဲ့ ကြေညာချက်အရ လွှတ်တော်အသီးသီးရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ၂၀၁၅ ခုနှစ်၊ ဇူလိုင် (၂၀) ရက်မှာ စတင် တင်သွင်းနိုင်ပြီး ၂၀၁၅ ခုနှစ် သြဂုတ် (၈) ရက် နောက်ဆုံးထား တင်သွင်းရမှာဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်လောင်း ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်တဲ့ရက်ကို သြဂုတ်လ (၁၁) ရက်ထိ ပြုလုပ်နိုင်တယ်လို့လည်း  ကော်မရှင် ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကော်မရှင်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ စိစစ်ရေးလုပ်ငန်းကို သြဂုတ် (၁၂) ရက်ကနေ (၂၁) ရက်ထိ လုပ်ဆောင်သွားမယ်လို့လည်း ကြောညာချက်အရ သိရပါတယ်။
ကော်မရှင်ရဲ့ ကြေညာချက်အရ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေဟာ မိမိတို့ပါတီက ရွေးကောက်ခံကြမယ့် ကိုယ်စားလှယ်လောင်းတွေကို (၁) လအတွင်း အပြီးသတ်ရွေးချယ်ပြီး ကော်မရှင်ထံ ပေးပို့ကြရမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ (၈) ရက်မှာ အထွေထွေ ရွေးကောက်ပွဲကျင်းပပြုလုပ်မယ်လို့ ဒီနေ့ ကြေညာခဲ့ပါတယ်။

မှတ်ချက် - DVB သတင်းဌာန၏ Website စာမျက်နှာမှ ကူးယူဖော်ပြပါသည်

နိုဝင်ဘာလ (၈) ရက် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကော်မရှင်ကြေညာ

နေပြည်တော်၊ ၂၀၁၅ ခုနှစ်၊ ဇူလှိုင်လ (၉) ရက်


၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ (၈) ရက်၊ တနင်္ဂနွေနေ့မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီနေ့ သတင်းထုတ်ပြန်လိုက်ကြောင်း ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးဝင်းကြည်က ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနဲ့ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ရက် (၉၀) ကြိုတင်ကြေညာမယ်လို့ ထုတ်ပြန်ပြောဆိုထားတာ ဖြစ်ပါတယ်။

မှတ်ချက် - DVB သတင်းဌာန၏ website စာမျက်နှာမှ ကူးယူဖေါ်ပြပါသည်။


Tuesday, July 7, 2015

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် ရှမ်းပြည်နယ်လုံးဆိုင်ရာ(၈၁+၈၄)ကြိမ်မြောက် ၀ိနယာဒိနုဂ္ဂစာပွဲတော်ကြီးကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၈) ရက်



၁၃၇၇-ခုနှစ် ပထမ၀ါဆိုလဆန်း(၁၂)ရက်နေ့မှ၍ ပထမ၀ါဆိုလပြည့်ကျော်(၄)အထိ ၇-ရက်တိုင်တိုင် ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ် ရှမ်းပြည်နယ်လုံးဆိုင်ရာ (၈၁+၈၄)ကြိမ်မြောက် ၀ိနယာဒိနုဂ္ဂစာပွဲတော်ကြီးကျင်းပပါသည်။
ယခုနှစ် ယင်းစာပွဲတော်ကြီး ၀င်ရောက်ဖြေဆိုတော်မူကြသော ဆရာတော် သံဃာတော် အရှင်မြတ်များမှာ စုစုပေါင်းဖြေဆို (၂၄၈၄)ပါး၊ စာပွဲတော်ဖြေဆို ကျရှုံးသော သံဃာတော်(၆၃၃)ပါး၊ စာပွဲတော်ပြန်+ဖြေ(၁၈၅၁)ပါး၊ ပြန်+ဖြေ ကျရှုံး(၁၈၅)ပါး၊ ပြန်+ဖြေ အောင်မြင်တော်မူသော သံဃာတော်(၁၈၅၁)ပါးရှိကြောင်း သိရှိပါသည်။

ခွန်အောင်ထိုက်ဗွေ

Thursday, July 2, 2015

ရွေးကော်ပွဲဆိုင်ရာအငြင်းပွားမူ ညှိနှိုင်းဖြေရှင်ရေးကော်မတီ ဖွဲ့စည်းနိုင်ရေးအတွက် ပြုလုပ်သောညှိနှိုင်းအစည်းအဝေး

 တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၂) ရက်
ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ပြည်နယ်အဆင့်နိုင်ငံရေးပါတီများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မည့် ရွေးကော်ပွဲဆိုင်ရာအငြင်းပွားမူ ညှိနှိုင်းဖြေရှင်ရေးကော်မတီ ဖွဲ့စည်းနိုင်ရေးအတွက် ပြုလုပ်သောညှိနှိုင်းအစည်းအဝေးကို ၂၀၁၅-ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ ကြံခိုင်ရေးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ၊ ပအမဖ၊ ဓနုပါတီ၊ လီဆူး၊ ရှမ်းကျားဖြူပါတီ၊တစညပါတီ တို့တက်ရောက်ခဲ့ပြီး ဦးခွန်စိန်မောင် (ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဗဟိုကော်မတီဝင်)မှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ကိုယ်စား တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ရှေးဦးစွာ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး ဒုတိယညွန်ကြားရေးမှူး ဦ်းသန်းလွင်မြင့်မှ တက်ရောက်လာသော ပါတီကိုယ်စားပြုပုဂ္ဂိုလ်များအား ကော်မတီ ဖွဲ့စည်းရေးနှင့် ပက်သက်    ၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော နိုင်ငံရေးပါတီများမှ ရွေးကော်ပွဲဆိုင်ရာအငြင်းပွားမူ ညှိနှိုင်းဖြေရှင်ရေးကော်မတီ ဖွဲ့စည်းနိုင်ရေးနှင့် ပက်သက်သည့်အကြောင်းအရာများကို ဆွေးနွေးတင်ပြကာ အထွေထွေဆွေးနွေးခြင်းများ ညှိနှိုင်းတိုင်ပင်ပြီးနောက် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး နံနက် (၁၁း၃၀) အချိန်တွင် အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

ခွန်အောင်မျိုးဦး

Wednesday, July 1, 2015

ပြည်သူ့ရေးရာစီမံခန့်ခွဲမှု သင်တန်းဆင်းပွဲကို ဆိုက်ခေါင်စံပြကျေးရွာ၊ သုခအောင်ညီ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဇူလိုင်လ (၁) ရက်






ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဆီဆိုင်မြို့နယ်၊ဆိုက်ခေါင်စံပြကျေးရွာ၊သုခအောင်ညီ ဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)နှင့် မေတ္တာဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းမှ ပူးပေါင်း၍ ၄-ရက်တိုင်တိုင် သင်ကြားပေးခဲ့သည့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုသင်တန်းကို ၂၀၁၅ခုနှစ်၊ ဇွန်လ (၃၀)ရက်၊ အင်္ဂါနေ့တွင် သင်တန်းဆင်းပွဲ ကျင်းပခဲ့ပါသည်။
သင်တန်းဆင်းပွဲသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် အဖွဲ့ဝင်များ၊ ဆီဆိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကို၊ သူရိယတိုင်းနှင့်ဖြားဗွာတိုင်းမှ ခမ်းဗွေ/ဒုခမ်းဗွေများ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုသင်တန်းမှ သင်တန်းသား/သူများ၊ ဒေသခံပြည်သူလူထုများ တက်ရောက်ခဲ့ကြပါသည်။
သင်တန်းဆင်းပွဲအခန်းအနား ပထမအနေဖြင့် သုခအောင်ညီကျောင်းဆရာတော်အား သြကာသ ကန်းတော့ချိုးဖြင့် ကန်းတော့ခဲ့ကြပြီးနောက်  သူရိယတိုင်းခမ်းဗွေ ဦးခွန်လှမြင့်၊ လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကို၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးခွန်ပညာဗုတ်၊ သင်တန်းဆရာ ခွန်အောင်နိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင် တို့မှ အသီးသီး အမှာစကား ပြောကြားခဲ့ပါသည်။
ထိုသို့အမှာစကားပြေကြားရာတွင် ခေတ်စနစ်ပြောင်းလဲလာပြီဖြစ်သည့်အတွက်  အုပ်ချုပ်ရေး၊ ပညာရေးများကို စီမံခန့်ခွဲရာတွင် ခေတ်သစ်စီမံခန့်ခွဲရေးပညာများကို လေ့လာဖို့ လိုအပ်သလို စည်းမျဉ်းစည်းကမ်းများ ဥပဒေများ သိထားဖို့ လိုအပ်နေပြီဖြစ်ပါကြောင်း၊ သင်တန်းတက်ပြီးပါက ပညာရပ်များကို လက်တွေ့အသုံးချဖို့လိုအပ်ပါကြောင်း၊ ပအိုဝ်းဒေသအတွင်းရှိ ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ဖို့လိုအပ်ကြောင်း၊ လူကြီးမညီရင် ပြည်သူကွဲ ဆိုသလို အချင်းချင်းညီညွတ်ဖို့လည်း လိုအပ်ကြောင်း၊ ရိုးရာဓလေ့နဲ့ တရားစီရင်ရာတွင်လည်း သာတူညီမျှ ကျောသား ရင်သားမခွဲဖြားပဲ စီရင်ဖို့လိုအပ်ကြောင်း၊  service - ၀န်ဆောင်မှုခေတ်စနစ်ဖြစ်သည့်အတွက် ဘာပဲလုပ်လုပ် စိတ်ရင်းစေတနာပါဖို့ လိုအပ်ကြောင်း စသည့် အကြောင်းအရာများကို ပြောကြားခဲ့ပါသည်။
သင်တန်းသားကိုယ်စားလှယ် ခွန်မောင်ချဲမှ ကျေးဇူးတင်စကားပြောကြားပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။
 
ခွန်ဓဇ(ဟိုနမ်း) 

Powered by Blogger.