Thursday, December 31, 2015

Happy New Year ကို စစ်မှန်သောမေတ္တာစိတ်နှင့်သာ ဖြတ်သန်းစေလို..

 တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်


 ကမ္ဘာပေါ်တွင် နေထိုင်ကြသော လူသားများသည် မိမိတို့ ကိုယ်ပိုင် ဘာသာတရား(ယုံကြည်မှု)၊ မိမိတို့ကိုယ်ပိုင် ယဉ်ကျေးမှုများ သီးခြားကိုယ်စီရှိနေကြသည်မှာ မျက်မြင်ပင် ဖြစ်ပါသည်။ ထိုမတူကွဲပြားသော ဘာသာတရားနှင့် ယဉ်ကျေးမှုများကြောင့် မတူကွဲပြားသော အယူအဆ၊ မတူကွဲပြားသောဝါဒများ ရှိနေသည်မှာ မဆန်းလှပေ။ သို့သော်လည်း မိမိတို့ယုံကြည်ကိုးကွယ်သော ဘာသာတရားနှင့် ယဉ်ကျေးမှုများကို တန်ဖိုးထားသကဲ့သို့ အခြားသူများ၏ ဘာသာတရားနှင့် ယဉ်ကျေးမှုများကိုလည်း လေးစားနားလည်ပေးရမည် ဖြစ်သည်။ သို့မှသာလျှင် Globalization ဟုခေါ်သော ကမ္ဘာ့ရွာတွင် အေးအတူပူအမျှ လိုက်လျောညီထွေစွာ နေထိုင်နိုင်မည်မှာ အမှန်ပင် ဖြစ်ပါသည်။
စာရေးသူသည် စာရေးဆရာမဟုတ်။ စာရေးဆရာသည် ဗဟုသုတကြွယ်ဝ၍ အထောက်အထား၊ အကိုးအကား ခိုင်စွာဖြင့် ထောက်ပြရေးသားနိုင်သော်လည်း မိမိစာရေးသူမှာ သာမန်လူပုဂ္ဂိုလ်သာဖြစ်၍ မိမိ၏ခံစားချက်များကိုသာ အားကိုးအမှီပြုနေရပါသည်။ မိမိ၏ ခံစားချက်သည် လူတိုင်းနှင့် ထပ်တူကျလိမ့်မည် မဟုတ်သည်ကို နားလည်လက်ခံထားပြီး ဖြစ်ပါသည်။
မိမိသည် မြို့နှင့် အလှမ်းဝေးသော နေရာဒေသတွင် ရှင်သန်ကြီးပြင်းလာသူ ဖြစ်သောကြောင့် Happy New Year ဟူသော စကားကို နားယောင်မကြားခဲ့ဖူးပေ။ သို့သော် ကံ၏ မျက်နှာသာ ပေးမှုဖြင့် အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့် မိမိသည် မြို့ပေါ်တွင် ကျက်စားနေ၏။ ထို့ကြောင့် မြို့ပေါ်တွင် ကျင်လည်နေသော မိမိသည် တောရွာများနှင့် မတူသော အခွင့်အရေးများဖြစ်သည့် အင်တာနက်၊ ဖေ့စ်ဘုတ် စသည့် လူမှုကွန်ယက်( အွန်လိုင်း)များကို မြို့သူ၊ မြို့သားများနှင့်အပြိုင် ရယူသုံးစွဲနေရပါသည်။ ထိုသို့ ကျင်လည်ရာတွင် ယခုလို ဒီဇင်ဘာလအကုန် ဇန်န၀ါရီနှစ်အကူးတွင် Happy New Year ဟူသော စကားကို အွန်လိုင်းစာမျက်နှာ၊ မြို့သူ၊ မြို့သားများ၏ ပတ်ဝန်းကျင်တွင် ရေပန်းစားနေသည်ကို တွေ့မြင်ရပါသည်။ ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုအရ မိမိသည်လည်း Happy New Year ကို အလွန်စိတ်ဝင်စား ခဲ့ရပါသည်။
သို့သော် Happy New Year ဟူသော ၀ါကျကို အဓိပ္ပာယ်ဖွင့်ကြည့်လိုက်သောအခါ “ပျော်ရွှင်စရာကောင်းသော နှစ်သစ်ဖြစ်ပါစေ” “ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြှေ့ပါစေ” စသည်သဖြင့် တွေ့မြင်ရပါသည်။ ယင်းကို အဓိပ္ပာယ်ဖွင့်၍ ကြားလိုက်ရသောအခါ နားဝတွင် ပျားရည် သွန်းလောင်းသကဲ့သို့ နားဝင်ချိုစေရုံသာမက နေ့သစ်အတွက် ခွန်အားပါ တိုးပွားစေသည်ဟု ခံစားလိုက်ရပါသည်။ သို့သော်လည်း Happy New Year ကို ကြိုဆိုရာတွင် ပြုကျင့်တတ်ကြသော အပြုအမှု တစ်နည်းအားဖြင့် Happy New Year အထိမ်းအမှတ်အနေဖြင့် ပြုလုပ်တတ်ကြသော အမှုအကျင့်များကို ပြေးမြင်လိုက်သောအခါ စိတ်ထဲတွင် မချမ်းမသာ ဖြစ်မိပါ၏။ အထူးသဖြင့် Happy New Year ရေပန်းစားနေသော မြို့ကြီးများနှင့် မြို့ပြများတွင် အထူးဆင်ခြင်ရမည်ကို မြို့သူ၊ မြို့သားများ သိနေသော်လည်း မျက်ကွယ်ပြုနေကြသည်ကို သိစေချင်ပါသည်။ Happy New Year ဟူသော စကားကို ကျွန်တော်တို့ ဝေးလံသာ နေရပ်ဒေသသို့ သွားအော် ဟစ်ကြွေးပါက အရူးဟု အပြောမခံရခဲ့လျှင် ထိုသူသည် အင်မတန်မ ကံကောင်းသော သူပင်ဖြစ်ပါလိမ့်မည်။ ကျွန်တော်ကို ဒေသက ခေတ်မမှီဘူးဟု ပြောလာခဲ့လျှင် ကျွန်တော်တို့ဒေသက အခြားတိုင်းတစ်ပါး ယဉ်ကျေးမှု မရောဘူးဟူသော အားသာချက်ရှိနေမည်မှာ ငြင်းဆန်လို့မရပေ။
Happy New Year ကို ကြိုဆိုသောအနေဖြင့် မြို့ကြီးများနှင့် မြို့ပြများ၌ ဒီဇင်ဘာလ(၃၁)ရက် အခုလိုနေ့မျိုးတွင် တစ်ချို့တွေက လူတွေစု၊ ထင်းမီးတွေဖို၊ အသား၊ငါးများနှင့် မူးစရာအရည်များ သုံးဆောင်တတ်ကြသည်။  အချို့ စုံတွဲများက ပို့စ်ကတ်လှလှလေးတွေ ပန်းစည်းတွေပို့၊ အကောင်းစား ၀ိုင်များ အတူတူသောက် ချစ်သူများ ဂရုတစိုက် တွေ့ဆုံကြသလို အချို့လူငယ်တွေက ညလုံးပေါက် လျှောက်လည်ကြ၊ အော်ကြ၊ ဟစ်ကြ၊ ဆိုင်ကယ်ရှောက်စီးကြ၊ အက်စီးဒင့်ဖြစ်ကြ၊ နှစ်သစ် အထိမ်းအမှတ်ပွဲတွေ သွားကြ၊ ရန်တွေဖြစ်ကြ၊ အချို့စုံတွဲများက အခွင့်ကောင်းယူ၍ ခိုးပြေးကြ စသည့် အပြုအမူများကို ပြုလုပ်တတ်ကြသည်ကို  စာစောင်များတွင် တွေ့မြင်ရပါသည်။ ဤသည်မှာ Happy New Yearက ပေးသော လက်တောင်လော၊ လူတွေကဘဲ မှားနေသည်လော နားမလည်နိုင်အောင် ဖြစ်မိပါသည်။
မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော်တို့ လိုက်ပါစီးမျောနေသော အမူအကျင့်များသည် တစ်ခါတစ်ရံတွင် ကောင်းသလိုလိုနှင့် ကျွန်တော်တို့ မမြင်နိုင်သော ဆိုးကျိုးများ လိုက်ပါတတ်ပါသည်။ အမှန်တိုင်းပြောရလျှင် Happy New Year မှာ အနောက်တိုင်းရဲ့ ယဉ်ကျေးမှု၊ ခရစ်ယာန်ဘာသာဝင်များ၏ ယဉ်ကျေးမှု၊ နှစ်သစ်ကူးပွဲ တစ်ခုသာ ဖြစ်သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်၏ ယဉ်ကျေးမှုတွင်လည်း အာတာသင်္ကြန် နှစ်သစ်ကူပွဲတော်များ ရှိနေသည်ကို မမေ့စေလိုပေ။ ကျွန်တော်တို့ နေထိုင်သော Glonbalization ခေတ်တွင် မည်သည့်ဝါဒ၊ မည်သည့်အယူအဆက တစ်ဖက်စွန်း ရှေ့တန်းတင်ရန် မသင့်သောကြောင့်  အခြားသူများ၏ ယဉ်ကျေးမှုကို လေးစားလိုက်ရောပေးမှုများရှိရမည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော်လည်း မိမိတို့၏နေရာတွင် အခြားသူများကို ပေးလိုက်ရသည်ဟူသော အဖြစ်မျိုးများ မဖြစ်စေလိုပါ။
စာရေးသူမှာ ဗုဒ္ဓဘာသာဝင်ဖြစ်သောကြောင့် အမျိုးကို ချစ်သကဲ့သို့ အမျိုးဘာသာ သာသနာကိုလည်း ချစ်မြတ်နှိုးသူဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာကြီး၏ တောင်းဆိုမှုအရ၊ ခေတ်၏ လိုက်လျော်ညီထွေမှုအရ Happy New Year အပေါ် လိုက်ပါ စီးမျောနေကြသော မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အားလုံး ပျော်ရွှင်ဖို့၊ သောက်စားဖို့ သက်သက်မဟုတ်ဘဲ  မိမိချစ်သော နိုင်ငံ၊ မိမိချစ်သော တိုင်းပြည်၊ မိမိချစ်သော မိသာစုများကို မေတ္တာပို့သ ပေးကြရန် တောင်းဆိုလျက် မနက်ဖြန်ကျရောက်လာမည့် ၂၀၁၆နှစ်သစ်တွင် စိတ်သစ်၊ လူသစ်နှင့် မိမိပိုင်ဆိုင်သောဘ၀တွင် နိုင်ငံအကျိုး၊ တိုင်းပြည်အကျိုးကို ထမ်းဆောင်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း…………။

ခွန်ထင်းလေအောင်း
   

Wednesday, December 30, 2015

သေဒဏ်ပေးခံထားရသော မြန်မာနိုင်ငံသားနှစ်ဦးအား ပြန်လွှတ်ပေးရန်အတွက် လူအင်အားသုံးရာခန့်ဖြင့် တောင်ကြီးမြို့လယ် ဆန္ဒထုတ်ဖော်

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်


ဒီဇင်ဘာ ၃၀၊ ၂၀၁၅ ခုနှစ်၊ ဗုဒ္ဓဟူးနေ့၊ မွန်းလွှဲ (၁း၀၀)နာရီတွင် ထိုင်းနိုင်ငံ၊ လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ပေးခံထားရသော မြန်မာနိုင်ငံသားနှစ်ဦးအား
 ပြန်လွှတ်ပေးရန်အတွက် လူအင်အားသုံးရာခန့်ဖြင့် တောင်ကြီးမြို့၊ ကံသာဓမ္မာရုံမှာလူစုပြီး နဂါးပွတ်ကျောင်းမီးပွိုင့်၊ မြကန်သာ၊ အရှေ့မြို့ပတ်လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအထိ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရပါသည်။





အဆိုပါဆန္ဒပြပွဲတွင် လွန်ခဲ့သော ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက် ဗြိတိန်နိုင်ငံသားနှစ်ဦးကို ထိုင်းနိုင်ငံကော့သောင်း (ခ)လိပ်ကျွန်းမှာ အသတ်ခံရသော လူသတ်မှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ထိုင်းအစိုးရသိအောင် ဆန္ဒထုတ်ဖော်ကြောင်း သိရပါသည်။ ထိုအမှုများသည် မှန်ကန်မှုမရှိကြောင်း မြန်မာနိုင်ငံသားများကလည်း ယုံကြည်ထားကြကြောင်း၊ ကမ္ဘာပညာရှင်များကလည်း စောင့်ကြည့်နေကြကြောင်း၊ ထိုင်းနိုင်ငံ၏စစ်ဆေးချက်များနှင့်အင်္ဂလန်နိုင်ငံ၏ စစ်ဆေးတွေ့ရှိချက်များ ကွဲလွှဲနေကြောင်း၊ ထိုင်းနိုင်ငံမှုခင်းဆရာဝန်၏ စစ်ဆေးချက်အရ စွပ်စွဲခံရသော မြန်မာလူငယ်နှစ်ဦးကို သံသယဖြစ်ပွားဖွယ်ရာ သက်သေအထောက်အထားမတွေ့ရှိကြောင်း ၊ သေဆုံးသူ ဒေးဗစ် လက်ဝယ်တွင် တွေ့ရှိခဲ့သော ရွှေရောင်အမျှင်များမှာ မြန်မာလူငယ်နှစ်ဦးနှင့် လုံးဝပတ်သက်မှုမရှိကြောင်း၊ မှုခင်းစစ်ဆေးချက်များအရ (DNA) မတူညီကြောင်း၊ အခင်းဖြစ်ပွားသည့်နေရာတွင် မြန်မာလူငယ်နှစ်ဦးရှိမနေကြောင်း၊ လူသတ်မှုဖြစ်စဉ်၏ CCTV ကင်မရာမှတ်တမ်းအရ မြန်မာနိုင်ငံနှစ်ဦးနှင့် ပုံရိပ်၊ ပုံသဏ္ဍန် ကွဲပြားခြားနားနေကြောင်း၊ အထက်ပါကွဲလွှဲမှုရှိနေသော်လည်း ဒီဇင်ဘာ (၂၄) ရက်နေ့ကော့စမွီးတရားရုံးက ကော့သောင်း(ခ) လိပ်ကျွန်းလူသတ်မှုအတွက် မြန်မာနိုင်ငံသားနှစ်ဦး ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ နှစ်ယောက်ကို
 သေဒဏ်ချမှတ်ခဲ့ကြောင်းနှင့် လမ်းကြောင်းတစ်လျှောက် ကြွေးကြော်သံများမှာ “မတရားမမှန်၊ သေဒဏ်ကျခံရသော ဇော်လင်းနှင့် ၀င်းဇော်ထွန်းလွတ်ပါစေ၊ လွတ်ပါစေ။ အမှန်တရားပေါ်ပေါက်ရေး၊ အမျိုးချစ်အများ၊ ၀ိုင်းဝန်းပေး၊ ၀ိုင်းဝန်းပေး။ တရားမျှတမှုရရှိရေး၊ ထိုင်းအစိုးရ ပြုပြင်ပေး၊ ပြုပြင်ပေး။ မြန်မာများရဲ့ ဆန္ဒ ကမ္ဘာက၊ သိစေရမည်၊ သိစေရမည်။ ဇော်လင်းနှင့် ၀င်းဇော်ထွန်း ချက်ချင်းလွှတ်၊ ချက်ချင်းလွှတ် “ ဆိုသည့်ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ကြောင်း သတင်းရပါသည်။
 
နင်းရက်ခမ်းထီ


Monday, December 28, 2015

တောင်ကြီးမြို့နယ် ပန်သခွါးနှစ်ခြင်းခရစ်ယာန်ဗိမာန်တော်တွင် ခရစ္စမတ်မွေးနေ့တော်ဝတ်ပြုကိုးကွယ်ခြင်း အခမ်းအနားသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူး(၃) ဦးခွန်တင်ထွဋ် တက်ရောက် အမှာစကားပြောကြား

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်


တောင်ကြီးမြို့နယ် ပန်သခွါးနှစ်ခြင်းခရစ်ယာန်ဗိမာန်တော်တွင် ခရစ္စမတ်မွေးနေ့တော်ဝတ်ပြုကိုးကွယ်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂၇ - ၂၀၁၅ ရက်နေ့ မနက် (၁၀း၀၀)နာရီအချိန်တွင်  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)  အတွင်းရေးမှူး(၃) ဦးခွန်တင်ထွဋ်က တက်ရောက်ချီးမွမ်းဆုတောင်းအမှာစကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။





ထိုသို့ အမှာစကားပြောကြားခဲ့ရာတွင် ကျွန်တော်တို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အနေဖြင့် ယခင်နှစ်တွေက ခရစ္စမတ်ပွဲတော်ကို လာရောက်ပြီးအားမပေးရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ နှစ်စဉ်နှစ်တိုင်းအမြဲတမ်း သတိ ရပါကြောင်း၊ အခုဒီနှစ်မှာ ကျွန်တော်တို့နှင့် လူမျိုးခြင်းတူပြီး ကိုးကွယ်သည့်ဘာသာခြင်းမတူသော်လည့်း မေတ္တာစေတနာ အပြည့်အ၀ဖြင့် ပူးပေါင်းပါဝင်ပြီး အတူပျော်ရွှင်ခဲ့ရတာကိုလည်း နှစ်သက်အားရပီတိ ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
ထိုနောက် ဤဒေသသည် ပအိုဝ်းတိုင်းရင်းသားများ အများဆုံးရှိပါသဖြင့်  ကိုးကွယ်ခြင်းဘာသာမတူသော် လည်း မိမိတို့၏ပအိုဝ်းရိုးရာအ၀တ်အစား၊ ပအိုဝ်းစာပေ၊ ပအိုဝ်းစကား၊ ပအိုဝ်းလူမျိုးများသမိုင်း၊ ပအိုဝ်းတော် လှန်ရေးသမိုင်း၊ ပအိုဝ်းတို့၏  ဓလေ့ထုံး တမ်းများကို ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ မြန်မာစာသည် နိုင်ငံတော်၏ ရုံးသုံးစာဖြစ်ပြီး အင်္ဂလိပ်စာသည် နိုင်ငံတကာသုံး ဘာသာရပ်ဖြစ်သဖြင့် လူတိုင်းတတ်မြှောက်ရန် လိုအပ် ကြောင်း၊ ဆက်လက်၍  တောင်ကြီးမြို့မှာရှိသော ပအိုဝ်းတိုင်းရင်းသားများ၏ လူမှုရေးအဖွဲ့အစည်းများ၊ ၁၉၉၁-ခုနှစ်မှ ငြိမ်းချမ်းရေးရယူပြီးသည့်နောက်ပိုင်း ယနေ့အချိန်ထိ  နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင် ရွက်သည့် ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းများအကြောင်းကိုလည်း မိမိတို့ပန်သခွါးမှာရှိသော ဒေသခံမိဘပြည်သူများအားလုံး သိရှိထားရမှာဖြစ်ကြောင်း ပြောကြားပြီး အကူအညီလိုအပ်ပါက ကျွန်တော်တို့ ဗဟိုဌာနချုပ်ရုံးကို လာရောက် ဆက်သွယ်နိုင်ပါကြောင်း ရှင်းလင်းပြော ကြားခဲ့သည်။
ဆက်လက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ဗဟိုဌာနချုပ်ရုံးတွင်ရှိသော ဌာနပေါင်းတစ်ခုချင်းစီ၏ အ ကြောင်းကိုလည်း ရှင်းလင်းခဲ့ကြောင်းသိရှိရသည်။ ထိုနောက် အတွင်းရေးမှူး(၃)ဦးခွန်တင်ထွဋ်နှင့် ရုံးအဖွဲ့မှူး ဆရာစောခွန်ကျော်ဝင်းတို့က ခရစ္စတော်မွေးနေ့အတွက် အလှူငွေကိုလည်း ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရပါသည်။
ထိုခရစ္စမတ်မွေးနေ့ပွဲတော်ဝတ်ပြုကိုးကွယ်ခြင်း ပွဲတော်တွင် အသင်းတော် အသင်းသားများက သံစုံသီချင်း များဖြင့် သီဆိုခြင်း၊ အခြေပြုကျမ်းစာများဖတ်ကြားခြင်း၊ ကောင်းချီးမင်္ဂလာပေးခြင်း ကြွရောက်လာကြသော ဧည့်ပရိသတ်များကိုလည်း ဧည့်ခံကျွေးမွေပြီး နေ့လည်(၁၂း၃၀)အချိန်တွင် ၀တ်ပြုဆုတောင်းခြင်း အခမ်းအနား ပြီးဆုံးကြောင်း သတင်းရရှိသည်။

ခွန်ဗန်ထို




တောင်ကြီးမြို့နယ် ထီဖေါင်းအုပ်စု၊ တံတားမီးလောင်းကျေးရွာ နှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားကျောင်းတွင် ခရစ်စမတ်ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်



၂၆-၁၂-၂၀၁၅၊ တောင်ကြီးမြို့နယ် ထီဖေါင်းကျေးရွာအုပ်စု၊ တံတားမီးလောင်းကျေးရွာ နှစ်ခြင်းခရစ်ယာန် အသင်းတော်ဘုရားကျောင်းတွင် ပြုလုပ်ကျင်းပသော ခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အတွင်းရေးမှူး(၃)ဦးခွန်တင်ထွဋ်နှင့် ရုံးအဖွဲ့မှူးစောခွန်ကျော်ဝင်းတို့ တက်ရောက်အားပေးပြီး၊ ပအိုဝ်းတိုင်းရင်းသားတို့ခေါင်းဆောင်များသမိုင်း ၁၉၉၁-ခုနှစ် ငြိမ်းချမ်းရေးယူပြီး ယနေ့အချိန်ထိ ပြုလုပ်ဆောင်ရွက်ခဲ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအကြောင်း မိမိတို့ရိုးရာ ယဉ်ကျေးမှုဖြစ်သော ဘာသာစကား၊ စာပေ အ၀တ်အစားများကို ထိန်းသိမ်းရန်လိုအပ်ကြောင်းနှင့် ခရစ်တော်မွေးနေ့တွင် ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်းရှိပါစေကြောင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုတောင်းပြီး ခရစ်တော်မွေးနေ့ ပွဲတော်အတွက် အလှူငွေများကိုလည်း ပေးအပ်လှူဒါန်းခဲ့ကြောင်း နေ့လည် (၁၂း၀၀) တွင်အခမ်းအနားပြီးဆုံးကြောင်း သတင်းရှိပါသည်။
 
ခွန်ဗန်ထို

Saturday, December 26, 2015

Southern Shan State Media Network(S.S.S.M.N) ကွန်ယက်မှ အကောင်အထည်ဖော်မည့် Project အား ရှင်းလင်း တင်ပြခြင်း နှင့် ကွန်ယက်အဖွဲ့ဝင်များ တွေ့ဆုံခြင်း

တောင်ကြီး၊၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ (၂၇) ရက်



ရှမ်းပြည်နယ်တောင်ပိုင်း သတင်းမီဒီယာကွန်ယက်သည် ကွန်ယက်မှ အကောင်အထည်ဖော်မည့် Project အား ရှင်းလင်းတင်ပြခြင်း၊ ကွန်ယက် အဖွဲ့ဝင်များ တွေ့ဆုံခြင်း နှင့်ပက်သက်၍  ၂၀၁၅ခုနှစ် ၊ဒီဇင်ဘာလ (၂၆) ရက် နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီထိ တောင်ကြီးမြို့ပေါ်ရှိ (S.S.S.M.N)ရုံး၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
ရှေ့ဦးစွာ တက်ရောက်လာကြသည့် အဖွဲ့ဝင်များအား အပြန်အလှန် မိတ်ဆက်ကြပြီး ရှမ်းပြည်နယ် တောင်ပိုင်း သတင်းမီဒီယာ ကွန်ယက်ဥက္ကဌ ခွန်ရာဇာမှ အဖွင့်အမှာ စကားပြောကြားကာ ၊ဒုဥက္ကဌ ခွန်ထွန်းဖြူမှ ကွန်ယက်အကြောင်း ရှင်းလင်း တင်ပြခဲ့ပြီး၊ Project လုပ်ငန်းစဉ်များနှင့် Project Staff များအား အတွင်းရေးမှူး ဒေါ်မြ၀န်းရံမှ ကွန်ယက်နှင့်မိတ်ဆက်တင်ပြခဲ့ရာမှာ Online Reporting နှင့်ပက်သက်၍ လုပ်ငန်းဖြစ်မြောက်ရေးကော်မတီဝင် ခွန်သန်းအောင်မှ ဆွေးနွေးတင်ပြခဲ့ကြောင်း သိရှိရပါသည်။
ထို့နောက် တက်ရောက်လာကြသည့် အဖွဲ့ဝင်များအား ရှေ့ဆက် လုပ်ဆောင်မည့် Project လုပ်ငန်းစဉ်များအား အပြန်အလှန်ဆွေးနွေး မေးမြန်းတိုင်ပင် တင်ပြခဲ့ကြပြီး နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေး ခဲ့ကြောင်း သိရှိရပါသည်။
၎င်းတွေ့ဆုံရာတွင် တောင်ကြီး၊ လွယ်လင်၊ လင်းခေး၊ ကလော မှာရှိသည့် အဖွဲ့ဝင်များအချို့ (၃၂)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ခွန်တဲးဝါး



Thursday, December 24, 2015

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဥက္ကဌဦးခွန်စံလွင်နှင့် အတွင်းရေးမှူးခွန်သိန်းဖေ တို့က RCSS/SSAအဖွဲ့မှ ပြန်လွှတ်ပေးလိုက်သော ဦးစိုးဝင်းနှင့် ဦးထွက်စုအား ၀မ်းသာစွာတွေ့ဆုံ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်


ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဥက္ကဌဦးခွန်စံလွင်နှင့်အတွင်းရေးမှူးခွန်သိန်းဖေတို့က  ဒီကနေ့ ဒီဇင်ဘာလ(၂၄)ရက်၊ ကြာသပတေးနေ့၊ တောင်ကြီးမြို့ပေါ်ရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံးတွင် ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေး တပ်မတော် RCSS/SSAမှ အကြောင်းပြချက်ခိုင်လုံမှု မရှိဘဲ အောက်တိုဘာလ(၁၃)ရက် ပန်ပီးဒေသတွင် ဖမ်းဆီး ထိန်းသိမ်းခံရခဲ့ရကာ ဒီဇင်ဘာလ(၁၀)ရက်တွင် ထိုအမှုမှ လွတ်မြှောက်လာသော ဦးစိုးဝင်းနှင့် ဦးထွက်စုအား ၀မ်းသာစွာ တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဥက္ကဌဦးခွန်စံလွင်နှင့်အတွင်းရေးမှူး ခွန်သိန်းဖေတို့က  အခုလို ဘေးအန္တာရယ်ကင်းရှင်းစွာဖြင့် မိမိနေထိုင်ရာဒေသ၌ ပြန်လည်လွှတ်မြှောက် သည်ကို ကြားသိရသည်မှာ အလွန်ပင် ၀မ်းသာပီတိဖြစ်မိပါကြောင်း၊ မိမိတို့ အနေနှင့် ဖမ်းဆီးသွားသည့်အမှုကို ကြားကြားချင်း သက်ဆိုင်ရာ ရှမ်းအကြီးအကဲများနှင့်သော်လည်းကောင်း၊ ရှမ်းပြည်နယ်ဌာနဆိုင်ရာများကို သော်လည်းကောင်း မေးမြန်းခြင်း၊ စာပို့ခြင်း၊ အကြောင်းကြားခြင်းများ ပြုလုပ်ခဲ့ပါကြောင်း၊ နောင်တချိန်တွင် ဤကဲ့သို့ အထင်လွဲမှားမှုများ မဖြစ်ရလေအောင် မိမိတို့အနေနှင့် ရှမ်းလူမျိုးများနှင့်သော်လည်းကောင်း အစိုးရဌာနဆိုင်ရာများနှင့် သော်လည်းကောင်း ရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင် ဒေသအကျိုးကို ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသွားပါသည်။
ပြန်လည်လွှတ်မြှောက်လာသော ဦးစိုးဝင်းနှင့် ဦးထွက်စုကလည်း မိမိတို့ ဤကဲ့သို့ ပြန်လည် လွှတ်မြှောက်လာရခြင်းမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဥက္ကဌဦးခွန်စံလွင်နှင့်အတွင်းရေးမှူး ခွန်သိန်းဖေတို့၏ ကျေးဇူးများပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ မိမိတို့အမှုကိစ္စကို ၀ိုင်းဝန်းကူညီပေးသော ဥက္ကဌအပါအ၀င် အတွင်းရေးမှူးနှင့်တကွ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနရုံးရှိ သက်ဆိုင်ရာ လူကြီးမင်းအကြီးအကဲများကို အထူးပင် ကျေးဇူးတင်ပါကြောင်း၊ RCSS/SSAအနေနှင့်လည်း မိမိတို့ကို ညှင်းပန်းနှိပ်စက်ခြင်း မပြုလုပ်ခဲ့ပါကြောင်း၊ ထိုကဲ့သို့ အဖမ်းခံရခြင်းကို မိမိတို့အနေနှင့် ကံမကောင်း၍ ၀ဋ်ကြွေးတစ်ခုအဖြစ်သာ ခံယူထားပါကြောင်း၊ နောက်နောင်တွင် ဤကဲ့သို့ မဖြစ်ရလေအောင် ဒေသအကျိုးဆောက်ရွက်ရာတွင် ဌာနဆိုင်ရာများ နှင့်ညီနောင်တိုင်းရင်းသားများကို တိုင်တိုင်ပင်ပင် ဆွေးနွေးလုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း ပြန်လည် ပြောကြားသွားပါသည်။
ထိုအမှုနှင့် ပတ်သက်၍ ဦးစိုးဝင်းက “ ကျွန်တော်တို့က မဲပေးပုံပေးနည်း သင်တန်းကနေ ပန်ပီးဒေသအပြန်လမ်းမှာ ကျွန်တော်တို့ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီ့ အချိန်က ရွေးကောက်ပွဲနဲ့လည်း နီးတယ်။ ရွေးကောက်ပွဲနီးတဲ့အချိန်မှာ အကြောင်းပြချက်ခိုင်လုံမှုမှရှိဘဲ ဖမ်းဆီးသွားတဲ့အတွက် ဒါက အကြောင်းတစ်ခုခုရှိလိမ့်မယ်”ဟု သူ့၏အမြင်ကို ပြောကြားခဲ့ပါသည်။
 
ခွန်ထင်းလေအောင်း



တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ဗဟိုဌာနချုပ်ရုံးတွင် အသေးစားနှင့် အလတ်စားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသင်တန်း ဆရာဖြစ်သင်တန်း သင်ကြားဖွင့်လှစ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်


ဒီဇင်ဘာ၂၀-၂၀၁၅ ရက်နေ့ တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံး  နံနက် ၈း၀၀ အချိန်တွင် အသေးစားနှင့်အလတ်စားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသင်တန်းကို ဆရာဖြစ်သင်တန်း ဖွင့်လှစ်သင် ကြားပေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ သင်တန်းတွင် "လက်ရှိစီးပွားရေးလုပ်ကိုင်သူများအတွက် စီးပွားရေးလုပ်ငန်းများကို တိုးတက်အောင် ပြုလုပ်ခြင်း စီးပွားရေးလုပ်ငန်းဆိုင်ရာ စိတ်ကူးများကို ဖြစ်ပေါ်စေခြင်း၊ အသေးစားစွန့်ဦးတီထွင်သူများအတွက် ကျေးလက်ဒေသများအား လူနေမှုဘ၀စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ စီးပွားရေးလုပ်ငန်းများကို စတင်လုပ်ကိုင် သူများအနေဖြင့် အဓိကရည်ရွယ်ပြီး သင်ကြားပေးခဲ့သည်ဟု" ဆရာမဒေါ်လဲ့လဲ့ဝင်းသန်းက ပြောကြားခဲ့ကြောင်း သိရပါသည်။
ထိုအသေးစားနှင့်အလတ်စားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသင်တန်း ဆရာဖြစ်သင်တန်းတွင် ဒီဇင်ဘာ၂၀- မှ ၂၄-ရက်နေ့အထိ ၅ရက်သင်တန်းကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံးရှိ ၀န်းထမ်းများ တက် ရောက်သင်ကြားခဲ့ကြောင်းလည်း သိရသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံးရှိ ၀န်းထမ်းများမှ "မိမိတို့အနေဖြင့် ၎င်းစီးပွားရေးသင်တန်းကို တက်ရောက်ပြီးကာလတွင် မြို့နယ်များနှင့်ကျေးလက်ဒေသရှိ ရွာများသို့  ပြန်လည် သွားရောက်ပိုချပေးသွားမည်ဖြစ်ကြောင်း" ရုံးအဖွဲ့မှူး ဆရာစောခွန်ကျော်ဝင်းက ပြောကြားခဲ့ပါသည်။ ၎င်းအသေးစားနှင့် အလတ်စားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသင်တန်းတွင် သင်တန်းတက်ရောက်သူဦးရေ(၁၉) ယောက်ရှိကြောင်း သတင်းရရှိသည်။
 
ခွန်ဗန်ထို




Monday, December 21, 2015

ရှမ်းပြည်နယ်တွင် ဟန်းဖုန်းသုံးစွဲမှုအခြေအနေများ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်




 ရှမ်းပြည်နယ် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် လက်ကိုင်ဖုန်းများသုံးစွဲမှုအခြေအနေများမှာ Huawei အမှတ်တံဆိပ် သုံးစွဲသူ ၃၁.၃ ရာခိုင်နှုန်း Samsung အမှတ်တံဆိပ်သုံးစွဲသူ ၁၅.၅ ရာခိုင်နှုန်း  Sony အမှတ်တံဆိပ်သုံးစွဲသူ ၁၀.၁ ရာခိုင်နှုန်းရှိပြီး MI၊ OPPO၊ Vivo၊ iphone ၊ KanBo၊ Coolpad ဖုန်းများသုံးစွဲသူများလည်း များလာကြောင်း သိရှိရသည်။




တောင်ကြီးမြို့ပေါ်တွင် Huawei၊ Coolpad အမှတ်တံဆိပ်များ ရောင်းအားအကောင်းဆုံးဖြစ်ပါတယ်။ ၎င်းဖုန်းတွေဟာ ဈေးအသင့်ရှိပြီး လူတိုင်းသုံးနိုင်ရန်အတွက် အနည်းဆုံး(၇၀၀၀၀)ခုနှစ်သောင်းကျော်တန် ထွက်ရှိသည့်အတွက် ရောင်းအားအကောင်းဆုံးဖြစ်ပါတယ်။ MI ဖုန်းဟာ ပေးရတဲ့ဈေးနဲ့တန်ပြီး ပစ္စည်းအရည် အသွေးကောင်း ဈေးနှုန်း ၁၃၀၀၀၀ တစ်သိန်းသုံးသောင်းဝန်းကျင် SONY Brand ကြိုက်တဲ့လူတွေသုံးကြတယ်။ MPT Telenor လှိုင်းများကို လူတွေအများဆုံး သုံးစွဲကြတယ်လို့ သိရှိရပါသည်။
ဒီဇင်ဘာ ၂၁ ရက်နေ့ ၂၀၁၅ ခုနှစ် New word (2) မိုဘိုင်းဖုန်းဆိုင် ဒေါ်မူနန်းအောင် ပြောပြချက်အရ လက်ကိုင်ဖုန်းများ၏ ဈေးနှုန်းများမှာ Huawei အနည်းဆုံး ခုနှစ်သောင်းဝန်းကျင်၊ Coolpad သုံးသောင်းကျော်၊ SONY တစ်သိန်းတစ်သောင်းဝန်းကျင်၊ OPPO ကိုးသောင်းကိုးထောင်ဝန်းကျင်၊ Vivo တစ်သိန်းတစ်သောင်း နှစ်ထောင်ဝန်းကျင်၊ MI ရှစ်သောင်းရှစ်ထောင်ဝန်းကျင်၊ iphone ကတော့ဈေးနှုန်း အမျိုးမျိုးရှိပြီး အခြားသော Model များမှာ အနည်းဆုံး ငါးသောင်းဝန်းကျင်ရှိကြောင်း သိရှိရသည်။
New word (2) Mobile Shop ဆိုင် တောင်ကြီးမြို့တွင် ဖုန်းနှင့် ငွေဖြည့်ကဒ်ကို အရောင်းကိုယ်စားလှယ်များ လက်လီလက်ကား မှာယူရှိနိုင်ပါကြောင်းသတင်းရရှိသည်။
 
ခွန်ထွိုက်ခမ်း

တောင်ကြီးမြို့ ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေ ပြဌာန်းချက် အသိပညာပေးပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်



တောင်ကြီးမြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၁၈)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲနှင့် ရပခ အဖွဲ့တို့သည် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲမာန်(၁)ဧည့်ရိပ်သာရှေ့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ပြုလုပ်ကျင်းပပွဲကို ဒီဇင်ဘာ ၂၁-၂၀၁၅ နံနက် ၈း၀၀ နာရီအချိန်မှ ညနေ ၃း၀၀ နာရိအထိ ၂၀၁၅၊ခုနှစ် မော်တော်ယာဉ်ဥပဒေ ပြဌာန်းချက် အသိပညာပေးကို ပြုလုပ်ပကြောင်း သတင်းရရှိသည်။




အဆိုပါ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးပွဲတွင် ဆိုင်ကယ်စီးဦးထုပ်အလုံး(၂၀၀)ကျော်နှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလအထိ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ယာဉ်မတော်တဆမှုကြောင့် တစ်ရက်ဖြစ်ပွားမှု (၂)မှုနှုန်း၊ တစ်ရက်ဒဏ်ရာရ ၂ ဦးနှုန်း၊ နှစ်ရက်သေဆုံးမှု ၁ ဦးနှုန်း ဖြစ်ပွားလျက်ရှိပြီး သင့်မိသားစုက ဘေးမသီရန်မခ အိမ်းပြန်ရောက်ချိန် စောင့်မျော်နေသည်ကို သတိပြုဖို့ ယာဉ်တိုက်မှုဖြစ်လျှင် ဆေးရုံ ဆေးခန်း ရဲစခန်း ရောက်ပြီး နောက်ဆုံးတွင် ဘ၀နိဂုံးချုပ်သည့်တိုင်အောင် ခံစားရပြီး ဆိုင်ကယ်ဦးထုပ်ဆောင်းသော်လည်း မေးသိုင်းကြိုးမတပ်လျှင် အသက် အန္တရာယ်မှ ကာကွယ်မှုမပေးနိုင် တားမြစ်ခြင်းနှင့် ကန့်သတ်ခြင်းလမ်းညွှန်များ မသိရှိခြင်း အမိန့်ပေးခြင်း လမ်းညွှန်များ နားမလည်ခြင်း အန္တရာယ်သတိပေးလမ်းညွှန်များကို မလိုက်နာခြင်းကြောင့်လည်း မိမိအတွက် အသက်အန္တရာယ်များစွာ ကြုံတွေ့ရနိုင်ကြောင်း ရဲမှူးကြီးမျိုးဇော်အောင်က ပြောကြားခဲ့သည်။
မော်တော်ကား မော်တော်ဆိုင်ကယ်ယာဉ်များကို မောင်းနှင်သူတိုင်း ယာဉ်မရပ်ရသောနေရာများ မမောင်းရ ဟူသောနေရာများ ကျော်မတက်ရဟူသောနေရာများ ရပ်ဟူသောနေရာများတွင် သတိကြီးစွာဖြင့် ယာဉ်များကို မောင်းနှင်ကြရန် ၎င်းရဲမှူးကြီးက သတိပေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
 
ခွန်အောင်ထွိုက်ဗွေ

Thursday, December 17, 2015

ဝါရင့်နိုင်ငံရေးဆရာ ဒေါက်တာရန်မျိုးသိန်းမှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ် ရုံးဝန်ထမ်းများအား လာရောက်တွေ့ဆုံဆွေနွေးပေးခဲ့

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်



ဒီဇင်ဘာ(၁၇)ရက် ၂၀၁၅-ခုနှစ် တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံးတွင် နံနက် (၁၀း၁၅)အချိန်မှ ညနေ(၂း၀၀)နာရီအထိ ၀ါရင့်နိုင်ငံရေးဆရာ ဒေါက်တာရန်မျိုးသိန်းသည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ် ရုံးဝန်ထမ်းများအား နိုင်ငံရေးဆိုင်ရာ အသိပညာများကို လာရောက်အားပေး ဆွေးနွေးသွားခဲ့ကြောင်း သိရှိရသည်။




ဝါရင့်နိုင်ငံရေးဆရာ ဒေါက်တာရန်မျိုးသိန်း ဆွေးနွေးပေးခဲ့သော နိုင်ငံဆိုင်ရာအသိပညာများမှာ အစိုးရနှင့် တိုင်းရင်းသားတွေအကြား နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှုမှာ အင်မတန်အားနည်းပြီး ပြဿသနာများဖြေရှင်းရာမှာ များစွာအခက်အခဲရှိနေကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေဟာ တိုင်းရင်းသားများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိသော်လည်း ကိုယ်ပိုင်ကံကြမ္မာဖန်တီးခွင့် လုပ်ပိုင်ခွင့်များ မရရှိခဲ့ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံမှာ ယှဉ်ပြိုင်မှုမရှိဘဲ တိုးတက်မှုအားမကောင်းနိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသများ ပြည်နယ်များတွင် နိုင်ငံခြားရင်းနီးမြုပ်နှံမှု တိုက်ရိုက်ရင်းနီးမြုပ်နှံမှုရှိမှသာလျှင် ဖွံ့ဖြိုးတိုးတက် အောင်မြင်လာမှာဖြစ်ပါကြောင်း၊ ယခု မြန်မာ့နိုင်ငံရေး ပြောင်းလဲလာခြင်းမှာ ယခင်ကလူငယ်များ၏ အခန်းကဏ္ဍ မြှင့်တင်ပေးခဲ့လို့ပဲ ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ဆိုလျှင် လူငယ်အခန်းကဏ္ဍ မြှင့်တင်ပေးဖို့ အရေးကြီးသော အချက်တစ်ချက်ဖြစ်ပါသည်။
လူငယ်များသည် လုပ်ပိုင်ခွင့်များမရှိဘဲ ဘာမှလုပ်လို့ရမှာမဟုတ် ထိုက်သင့်တဲ့နေရာကို ပေးမှသာလျှင် အရည်အချင်းများထွက်ပေါ်လာမည်ဖြစ်ကြောင်း၊ နိုင်ငံရေးသမားကောင်းသည် စီးပွားရေးကိုဦးစားမပေးပဲ ကိုယ့်အမြင်နဲ့ ခံယူချက်များကို ပြောင်းလဲရယူခြင်းဖြစ်သည်၊ ကိုယ်မပွင့်လင်းပဲ သူ့ကိုပွင့်လင်းစေလို့မရ အဂတိလိုက်စားမှုဟာ ကြောက်စရာပြဿနာတစ်ခုဖြစ်သည်။ ကိုယ်ကျင့်ဖောက်ဖျက်မှုများ ပြည်သူလူထုကြားမှာ ကြီးကြီးမားမားတိုက်ဖျက်ရမည့် ကိစ္စတစ်ခုဖြစ်သည်။ အဂတိလိုက်စားမှု အကျင့်ဖောက်ဖျက်မှုများသည် နိုင်ငံတိုးတက်ဖို့အဟန့်အတားဖြစ်သည်။ အကျွန်ုပ်တို့၏ အတိုင်းအ၀ိုင်းမှာ ကိုယ့်ကိုကောင်းအောင် ဦးစွာစောင့်ထိန်းပါ ကိုယ်ကျင့်ဖောက်ဖျက်သူများဟာ နောက်တစ်ခုဖောက်ဖျက်ဖို့ ၀န်မလေးတော့ပါဘူး မြန်မာနိုင်ငံသည် အခြေခံဥပဒေနှင့် အုပ်ချုပ်တဲ့ကာလအလွန်ပဲနည်းခဲ့ပါကြောင်း၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကောင်းစားဖို့အတွက်ကို ဦးစားပေးပြီး လုပ်ဆောင်မှသာလျှင် အောင်မြင်ဖွံ့ဖြိုးသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာပြီ လုပ်သင့်လုပ်ထိုက်တာကို အမြန်ဆုံးလုပ်ကိုင်ကြပြီး အရေးအကြီးဆုံးသော အာမခံချက်ရှိသော ဥပဒေကို ပြဌာန်းနိုင်ဖို့အတွက် အလွန်အရေးကြီးသည်။ ဘယ်အဖွဲ့အစည်းမဆို ဘာပြဿနာ အခက်အခဲနဲ့ကြုံကြုံ တိုင်ပင်ညိုနိုင်းဆွေးနွေးသော နည်းလမ်းကအရေးကြီးပါကြောင်း၊ ဘယ်အဖွဲ့အစည်းမဆို စည်းရုံးရေးမှူးကောင်းရှိရမည် မိဘပြည်သူများလည်း တစ်ပေါင်းတည်းပါဝင်ဖို့ အလွန်ပင်အရေးကြီးကြောင်း ပြောကြာင်းခဲ့ပါသည်။
နိုင်ငံရေးဆွေးနွေးဝိုင်းတွင် ၀ါရင့်နိုင်ငံရေးဆရာဒေါက်တာရန်မျိုးသိမ်းနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံးမှ အတွင်းရေးမှူး(၃)ဖြားခွန်တင်ထွဋ်  ရုံးအဖွဲ့မှူးစောခွန်ကျော်ဝင်း ရုံးဝန်ထမ်းများ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ရုံးအဖွဲ့မှူးစောခွန်ကျော်ဝင်း၏ အမှတ်တရလက်ဆောင်ပစ္စည်းများဖြစ်သော ပအိုဝ်းဒုတိယ တော်လှန်ရေးသမိုင်း၊ ပြည်ထောင်စုထဲက ပအိုဝ်း မောင်းမွူးခံဂျာနယ် ပစ္စည်းများကို ဦးခွန်တင်ထွဋ်က ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
 
ခွန်ပန်းစိန်

ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲ အကြီးတန်း/ အငယ်တန်း ပွဲစဉ်ဇယား

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်

ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲ အကြီးတန်း/ အငယ်တန်း ပွဲစဉ်ဇယားမှာ အောက်ပါအတိုင်းဖြစ်ပါသည်။









(၁၆) ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ပြုလုပ်ကျင်းပ

တောင်ကြီး၊၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်


တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ နောင်ကားကျေးရွာတွင် (၂၀၁၅-၂၀၁၆) ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲကို ၂၀၁၅ ခုနှစ်၊ဒီဇင်ဘာလ (၁၆) ရက်နေ့မှ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၅) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့သည်မှာ (၁၆) ကြိမ်မြောက်ရှိလာပြီဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ (၁၆) ကြိမ်မြောက်အခမ်းအနားသို့ ဘောလုံးပွဲဖြစ်မြှောက်ရေးကော်မတီဝင်များ၊ မြန်မာနိုင်ငံဒိုင်လူကြီးအဖွဲ့ချုပ်များ၊ ပန်တခွားဘင်ခရာ ကျောင်းသူ/သားများ၊ အကြီးတန်း/အလွတ်တန်း ဘောလုံးအသင်းများနှင့် ဒေသခံမိဘပြည်သူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ပါသည်။




အခမ်းအနားတွင် ရှေးဦးစွာ ဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ခြင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ ဘောလုံးအသင်းများမှ အားကစားသမားများ သစ္စာအဓိဌာန် ရွတ်ဆိုခဲ့ကြပြီး၊ ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးခွန်ဝင်းကိုမှ အဖွင့်အမှာစကားပြောကြားရာတွင် မိမိသည် ပြည်သူ့လွှတ်တော် အားကစားမြှင့်တင်ရေးအဖွဲ့ဝင်ဖြစ်ပြီး ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲ အတွင်းရေးမှူးဖြစ်ပါကြောင်း၊ ဘောလုံးပွဲကို အစဉ်အလာမပျက် (၁၀) နှစ်ကျော်ကျင်းပလာနိုင်ခြင်းမှာ စေတနာရှင်၊ အလှူရှင်များ၊ ဒေသခံမိဘပြည်သူများနှင့် အားကစားသမားများ စိတ်ဓါတ်ပြင်းပြမူမှာ ငြင်းလို့မရနိုင်သော အချက်တချက်ဖြစ်ကြောင်း၊ ယခုနှစ်ဘောလုံးပြိုင်ပွဲတွင် ဘောလုံးအသင်းပေါင်း (၇၀) ပါဝင်ယှဉ်ပြိုင်ပြီး အားကစားသမားပေါင်း (၁၃၈၀) ကျော်ရှိကြောင်း၊ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှသာလျှင် နိုင်ငံတော်လည် ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ မျိုးချစ်စိတ် နိုင်ငံချစ်စိတ်များသည် အားကစားစိတ်ဓါတ်မှ ပေါက်ဖွားလာရခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးသည် အစိုးရနှင့်သက်ဆိုင်သည်သာမဟုတ် မိဘပြည်သူများ ပါဝင်မှသာလျှင် အရာရာဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ကြောင်း၊ ထိုကြောင့် မိမိတို့ပအိုဝ်းဒေသဖွံ့ဖြိုးရန်အတွက် ပအိုဝ်းတမျိုးသားလုံး စည်းစည်းလုံးလုံး ပူပေါင်းပါဝင်မှသာလျှင် တိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။






ထို့နောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲ ဥက္ကဋ္ဌ ဦးခွန်ပီတာထွန်းနိုင်မှ အမှာစကားပြောရားတွင် ဘောလုံးပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအားလုံး အားကစားစိတ်ဓါတ်ရှိရှိ စည်းကမ်းရှိရှိ ယှဉ်ပြိုင်ကြရန်၊ ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်များကို လိုက်နာကြရန် ပြောကြားခဲ့ပါပြီး၊ ပြိုင်ပွဲဝင် ဘောလုံးအသင်း (၇၀) မှ ကွင်းအတွင်းပြန်လည်ထွက်ခွာခဲ့ကြပြီး ပန်တခွားဘင်ခရာအဖွဲ့မှ ကျောင်းသူ/သားများ သရုပ်ပြဖော်ဖြေပေးခဲ့ကြပါသည်။



အဖွင့်ပွဲစဉ်အဖြစ် အကြီးတန်း ကျောက်တလုံးကြီးမြို့နယ်နှင့် နောင်တရားဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားရာတွင် ကျောက်တလုံးကြီးမြို့နယ်အသင်းမှ (၂-၁) အနိုင်ရခဲ့ပြီး၊ ညနေခင်း ၃ နာရီအချိန်တွင် အကြီးတန်းပွဲစဉ်အဖြစ် လေမော်တန်အသင်းနှင့် ဆိုက်ခေါဝ် FC တို့ယှဉ်ပြိုင်ကစားရာတွင် လေမော်တန်အသင်းမှ (၃-၂) ဖြစ် အနိုင်ရရှိခဲ့ပါကြောင်း သိရှိရပါသည်။
 
ခွန်အောင်ထွိုက်ဗွေ

Thursday, December 10, 2015

ဒေသခံပြည်သူလူထုအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းနှင့်ပူးပေါင်းပါဝင်ခြင်း အခြေခံသဘောတရားသင်တန်းကို ညောင်ရွှေမြို့နယ်၊ မြသိန်းတန် ဘုန်းတော်ကြီးကျောင်းတွင် (၄) ရက်တာသင်တန်းဖွင့်လှစ်ခဲ့

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်



ပြည်ထောင်သမ္မတမြန်မာနိုင်ငံတော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန (MOECAF)၊ သစ်တောဦးစီးဌာန ၊ Regional Community Forestry Training Center(RECOFTC)-လူနှင့်သစ်တောဗဟိုဌာနအဖွဲ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ လူမှုရေးဌာန၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက် (PDN)နှင့် အင်းသားစာပေ ယဉ်ကျေးမှုနှင့်ဒေသဖွံ့ဖြိုးရေးအသင်း(ILCDA) တို့ပူးပေါင်းဖွင့်လှစ်သော “ဒေသခံပြည်သူလူထုအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းနှင့်ပူးပေါင်းပါဝင်ခြင်းအခြေခံသဘောတရားသင်တန်း” ကို ဒီဇင်ဘာလ(၅)ရက်နေ့မှ (၈)ရက်နေ့အထိ ညောင်ရွှေမြို့နယ်၊ မြသိန်းတန်ဘုန်းတော်ကြီးကျောင်းတွင် (၄)ရက်တာသင်တန်းဖွင့်လှစ်ခဲ့ပါသည်။



အဆိုပါသင်တန်းဖွင့်ပွဲကို ဒီဇင်ဘာလ(၅)ရက်နေ့တွင် ဖွင့်လှစ်ရာ ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးဌေးမောင်၊ အင်းသားစာပေယဉ်ကျေးမှုအဖွဲ့နှင့် ဒေသဖွံ့ဖြိုးရေးအသင်း(ILCDA) ဥက္ကဌ ဆရာကြီးဦးတက်ထွန်းတို့က အဖွင့်စကားနှင့် အားပေးစကားများပြောကြားခဲ့ပြီး၊ RECOFTC အဖွဲ့မှ ကွင်းညှိနှိုင်းရေးမှူး ဦးမြင့်ဇော်က သင်တန်းရည်ရွယ်ချက်နှင့်သစ်တော၏ အရေးကြီးပုံကိုရှင်းပြပြီးသင်တန်းအစီအစဉ်ကို ဟောပြောကာ သင်တန်းဖွင့်ပွဲအစီအစဉ်ကို ရုပ်သိမ်းခဲ့ပါသည်။ ၎င်းသင်တန်းတွင် သင်တန်းနည်းပြများအဖြစ် RECOFTC အဖွဲ့မှကွင်းညှိနှိုင်းရေးမှူး ဦးမြင့်ဇော်၊ RECOFTC အဖွဲ့မှ ခွန်အောင်ကြီး၊ သစ်တောဦးစီးဌာနမှ ဦးကျော်သူအောင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ လူမှုရေးဌာန ပါရမီဖွံ့ဖြိုးရေးကွန်ယက်(PDN)မှ ခွန်ဇော်နှင့် အင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့နှင့်ဒေသဖွံ့ဖြိုးရေးအသင်း(ILCDA)မှ ခွန်ထွန်းဝင်းတို့က ပါဝင်ပို့ချသင်ကြားပေးခဲ့ပါသည်။ သင်ခန်းစာခေါင်းစဉ်များမှာ လူနှင့်သစ်တောဆက်စပ်ပုံ၊ ဒေသခံပြည်သူလူထု အစုအဖွဲ့ပိုင်သစ်တော လုပ်ငန်းသဘောတရားနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အောင်မြင်သောအစုအဖွဲ့ပိုင် သစ်တောဖြစ်စေရန် လိုအပ်သည့်အဓိကအချက်များ၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဆိုတာဘာလဲဘယ်လိုနား လည်ပါသလဲ၊ အစုအဖွဲ့ပိုင်သစ်တောတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း ဘာကြောင့်အရေးကြီးပါသလဲ၊ ကျား/မအခန်းကဏ္ဍ၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းလုပ်ဆောင်ရာတွင် မည်သည့်အခက်အခဲများ တွေ့နိုင်ပါသလဲ၊ ပူးပေါင်းဆောင်ရွက်ပုံ အဆင့်ဆင့်အကြောင်း ဆွေးနွေးခြင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၏ အဓိကတန်ဖိုး များ(Core Value)၊ ပံ့ပိုးကူညီဆောင်ရွက်ခြင်း၏ အဓိပ္ပါယ်၊ အခန်းကဏ္ဍ၊ ပံ့ပိုးကူညီဆောင်ရွက်သူ၊ အစုအဖွဲ့ပိုင် သစ်တောတွင် ပံ့ပိုးကူညီဆောင်ရွက်ခြင်းက ဘာကြောင့်အရေးကြီးပါသလဲ၊ ပံ့ပိုးကူညီဆောင်ရွက်သူ၏ စိတ်နေသဘောထား၊ ပံ့ပိုးကူညီဆောင်ရွက်ခြင်း ဆိုင်ရာကျွမ်းကျင်မှုများအဖြစ် လက်တွေ့ကွင်းဆင်းရာ “မိုင်းသောက်အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း(CF)”ကို သွားရောက်စူးစမ်းလေ့လာခြင်း၊ မေးခွန်းများသွားရောက် မေးမြန်းခြင်း၊ ပံ့ပိုးကူညီဆောင်ရွက်သူ၏ ဆောင်ရန်/ရှောင်ရန်၊ ဒေသခံပြည်သူလူထုပိုင် သစ်တောလုပ်ငန်း (CF) လျှောက်ထားပုံ အဆင့်ဆင့်၊ သစ်တောအသုံးပြုသူများအဖွဲ့နှင့် စီမံအုပ်ချုပ်မှုကော်မတီဖွဲ့စည်းပုံကို ဆွေးနွေးခြင်း စသည့်ခေါင်းစဉ်များ ပါဝင်ပါသည်။ အဆိုပါသင်တန်းကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံးမှ ၀န်ထမ်း(၄)ယောက်အပါအ၀င် RECOFTC အဖွဲ့၏စီမံကိန်းနယ်မြေတွင်ပါဝင်သောကျေးရွာ များမှ သင်တန်းသားစုစုပေါင်း (၃၈)ယောက်တက်ရောက်ခဲ့ပါသည်။
အဆိုပါ RECOFTC အဖွဲ့၏ စီမံကိန်းနယ်မြေများမှာ တိုင်းဒေသကြီး (၄) ခုနှင့် ပြည်နယ် (၃) ခုမှ မြို့နယ်များဖြစ်သော ဧရာဝတီတိုင်းဒေသကြီးမှ ဖျာပုံမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးမှ ပေါက်ခေါင်းမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးမှ ရေဖြူမြို့နယ်၊ မကွေးတိုင်းဒေသကြီးမှ မြိုင်မြို့နယ်၊ ရှမ်းပြည်နယ်မှ ညောင်ရွှေမြို့နယ်၊ ရခိုင်ပြည်နယ်မှ ဂွမြို့နယ်နှင့် ချင်းပြည်နယ်မှ ကန်ပက်လက်မြို့နယ်တို့ပါဝင်သည်။ ထို့အပြင် ၄င်းတို့စီမံကိုန်းနယ်မြေများတွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးကန်အရှေ့ဘက်ခြမ်းမှ ကျေးရွာပေါင်း(၃၁)ရွာပါဝင်ပြီး မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက်(PDN)၊ အင်းသားစာပေယဉ်ကျေးမှုနှင့်ဒေသဖွံ့ဖြိုးရေးအသင်း (ILCDA) တို့နှင့် ဒေသခံအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများကို အကောင်အထည်ဖော်ပူးပေါင်းလုပ်ဆောင်နေပါသည်။ ဆက်လက်ပြီး အဆိုပါသင်တန်းမျိုးသာမက ဒေသခံပြည်သူလူထုအစုအဖွဲ့ပိုင်သစ်တော လုပ်ငန်းလျှောက်ထားရာတွင် အဓိကဖြစ်သော “သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုစီမံချက်” အစီရင်ခံစာရေးနည်း သင်တန်းကိုလည်း မတ်လအတွင်းတွင် ဆက်လက်ဖွင့်လှစ်သွားရန် အစီအစဉ်ရှိပါကြောင်း သတင်းရရှိပါသည်။

 ခွန်ရဲအောင်(ပင်လောင်း)

         

Wednesday, December 2, 2015

ကိုရီးယားနိုင်ငံ အလှူရှင် (၂) ဖွဲ့မှ ကွန်ကရစ်ကျောင်းဆောက်လုပ်လှူဒါန်း

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်



ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ မွေးပြင်ကျေးရွာအုပ်စု၊ ကင်ပွန်းချုံကျေးရွာတွင် ကိုးရီးယားနိုင်ငံ အလှူရှင် (၂) ဖွဲ့မှ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ပေ ၁၂၀×၃၀ ရှိသော (၂) ထပ်ကျောင်းကို ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။





အဆိုပါ အမက(ကင်ပွန်းချုံ) (၂) ထပ်ကွန်ကရစ်ကျောင်းကို ဦးအောင်ဆန်းဦးမှ တာဝန်ယူဆောင်ရွက်ပြီး (၁၀.၁၁.၂၀၁၅) ရက်တွင် စတင်အုတ်မြစ်ချ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။ အဆိုပါ (၂) ထပ်ကွန်ကရစ်ကျောင်း ဆောက်လုပ်ရာတွင် ကုန်ကျမည့်စရိတ်များကို ၎င်းအလှူရှင် (၂) ဖွဲ့မှ တာဝန်ယူလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
 
ခွန်အောင်ထွိုက်ဗွေ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု၊ ထီတခေါ့ကျေးရွာတွင် ဂျပန်နိုင်ငံ အလှူရှင်အဖွဲ့မှ မူကြိုကျောင်းဆောက်လုပ်လှူဒါန်း

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်




၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်၊ စနေနေ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု၊ ထီတခေါ့ကျေးရွာတွင် ဂျပန်နိုင်ငံ အလှူရှင်အဖွဲ့မှ မူကြိုကျောင်းဖွင့်ပွဲ ကျင်းပခဲ့ပါသည်။
အဆိုပါမူကြိုကျောင်း အလှူရှင်များမှာ ဂျပန်နိုင်ငံ JAMAHA အဖွဲ့မှ လာရောက်လှူဒါန်းပြီး၊ မူကြိုကျောင်းအကျယ်အ၀န်းမှာ ပေ ၄၀×၃၀ ဖြစ်ပြီး၊ သွပ်မိုးကာ၊ အင်္ဂတေအခင်းတို့ဖြင့် ဆောက်လုပ်ထာပါသည်။ မူကြိုကျောင်းဆောက်လုပ်ရန်အတွက် ဂျပန်နိုင်ငံမှ သိန်း(၈၀)၊ ဒေသခံမိဘပြည်သူများမှ သိန်း(၆၀) ပါဝင်လှူဒါန်းထားပြီး စုစုပေါင်း သိန်း(၁၄၀)ဖြင့် ဆောက်လုပ်ထားပါသည်။ ဆက်လက်၍ ၎င်းအလှူရှင်အဖွဲ့မှ ကလေးကစားစရာ သင်ထောက်ကူပစ္စည်းအတွက် ဒေါ်လာ (၁၀၀၀) လှူဒါန်းခဲ့ကြောင်း၊ ၎င်းမူကြိုကျောင်းကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) လူမူရေးဌာနမှ တာဝန်ယူဆောင်ရွက်ပေးခဲ့ပါသည်။
အဆိုပါအလှူရှင်များသည် ပအိုဝ်းဒေသရှိ အထက်တန်းကျောင်း (၃) ကျောင်းဖြစ်သော အထက(လုံကား)၊ အထက(ဟမ်းဆီး)၊ အထက(နောင်ခဲ) စသည့်ကျောင်းဆောင်များကို လှူဒါန်းရုံသာမက၊ (၉/၁၀)တန်း ကျောင်းသူ/သား များအတွက် တစ်နှစ်လျှင် ထောက်ပံ့ငွေ တစ်ကျောင်းကို သိန်း (၂၀) တိတိ လှူဒါန်းပေးသည်မှာ (၅) နှစ်ပြည့်ပြီဖြစ်ကြောင်း တာဝန်ယူဆောင်ရွက်ပေးသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) လူမူရေးဌာနမှ ဦးခွန်ဆရာဘော်ပြောကြားချက်အရ သိရှိရပါသည်။
 
ခွန်အောင်ထွိုက်ဗွေ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လုံဟေးကျေးရွာအုပ်စုအတွင်း ကတ္တရာလမ်းခင်းပေးလျှက်ရှိ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်



၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့မှစတင်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ ဦးဆောင်၍ လုံဟေးကျေးရွာအုပ်စုအတွင်းရှိ ရွာများကို ကတ္တရာလမ်းခင်းပေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။
အဆိုပါလမ်းသည် နမ်းခုတ်မှ နောင်ဟွို၊ နောင်ဟွိုမှ ထမ်းဘုရား(နောင်တောဝ်)၊ ထမ်းဘုရားမှ(နောင်တောဝ်)မှ ကျောက်စောက်သို့ သွားရာလမ်းဖြစ်ပြီး လမ်း၏အကျယ်ပေ ( ၁၂ ပေ)၊ လမ်းပခုံးတစ်ဖက်စီ (၃ ပေ)၊ စုစုပေါင်း (၁၈ ပေ) အကျယ်၊ မိုင်ပေါင်း (၆) မိုင်အထိ ခင်းပေးလျှက်ရှိပါသည်။ လမ်းပန်းဆက်သွယ်ရေး သွားလာမူခက်ခဲပြီး၊ ဆိုင်ကယ်နှင့်ကားများ ချိန်းပတ်၍ မောင်းနှင်းရခြင်း၊ စီးပွားရေးအတွက် ပို့ကုန်များကို တင်ပို့ရာမှာ ခက်ခဲခြင်း စသည့်အဆင်မပြေမူများစွာရှိပြီး၊ ယခုအခါ ပို့ကုန်တင်ပို့ရာမှာ လမ်းပန်းဆက်သွယ်ရေးသွားလာမူ အဆင်ပြေစေရန် ဒေသဦးစီးအဖွဲ့မှ ကတ္တရာလမ်းခင်းပေးလျှက်ရှိကြောင်း၊ ထိုလမ်းမကြီးသည် ရွာပေါင်း (၆) ရွာတို့အတွက် ကျန်းမာရေး၊ စီးပွားရေး၊ လူမူရေးတို့ဘက်မှာ သွားလာမူအဆင်ပြေစေရန် ရည်ရွယ်၍ ခင်းပေးလျှက်ရှိကြောင်း သိရှိရပါသည်။




၎င်းလမ်းခင်းပေးခြင်းနှင့် ပက်သက်၍ ဒေသခံပြည်သူတဦး၏ ခံစားချက်ကိုမေးမြန်ရာမှာ - လမ်းတည်ဆောက်မူအပေါ် ကတ္တရာကျိုချက်ရာမှာ ထင်းအခက်အခဲရှိသောကြောင့် ဒေသခံပြည်သူများမှ “ထင်း” ကိုသား လိုအပ်သလောက်ကူညီပေးရကြောင်း၊ လမ်းကိုမပြုလုပ်မီ အခက်အခဲများစွာရှိကြောင်း၊ နွေရာသီဆိုလျှင် ဖုံတွေများပေမဲ့ သွားလာမူအဆင်ပြေကြောင်း၊ မိုးရာသီလျှင် သွားလာမူအခက်အခဲများစွာရှိပြီး အချိန်တွေကိုနှောင်းနေးစေသလို ရောက်ချင်တဲ့အချိန်လဲ မရောက်နိုင်ကြောင်း၊ ကုန်စည်တွေနဲ့ပက်သက်ပြီးတော့ အချိန်မှီမပို့ပေးနိုင်သောကြောင့် လိုချင်သောဈေးကွက်မရနိုင်ကြောင်း၊ ကျန်းမာရေနှင့် ပက်သက်၍ လမ်းပန်းဆက်သွယ်မူကြောင့် အခက်အခဲများစွာရှိခဲ့ကြောင်း၊ ယခုအခါ ဒေသဦးစီးအဖွဲ့မှ ဦးဆောင်ပြီး ကတ္တရာလမ်းခင်းပေးတဲ့အတွက်ကြောင့် ကျန်းမာရေး၊ စီးပွားရေး၊ လူမူရေး၊ ဆက်သွယ်ရေးတို့မှာ အချန်မှီ အချိန်တိုတို အတွင်း အဆင်ပြေပြေသွားလာဆက်သွယ်နိုင်ပြီးဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် ဒေသခံတဦးမှ ရွာသူ/သားမိဘပြည်သူများကိုယ်စား ဂုဏ်ယူဝမ်မြှောက်မိပါကြောင်း ပြောကြားခဲ့ပါသည်။
 
ခွန်ဒဒါးဒါး

Powered by Blogger.